Main menu

စားသုံးသူရေးရာဦးစီးဌာနနှင့် စားသောက်ကုန်အသင်းဝင်လုပ်ငန်းရှင်များ တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ ပြည့်စုံစွာပါရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ စစ်ဆေးရေးအရာရှိများသည် ၁၅-၉-၂၀၂၆ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်ပြည်ကြီးတံခွန်မြို့နယ်ရှိ စားသောက်ကုန်အသင်းအစည်းအဝေးခန်းမ၌ စားသောက်ကုန်အသင်းဝင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး အသိပညာပေး ဟောပြောဆွေးနွေး ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောဆွေးနွေးရာတွင် မိမိတို့ဦးစီးဌာနအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁၊ ၄၂ နှင့် ၄၃ တို့အရ လည်းကောင်း၊ ဥပဒေအရထုတ်ပြန်ထားသော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အရ လည်းကောင်း သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဩဂုတ်လ အထိ လုပ်ငန်းရှင်(၁၀၁၉)ဦး ကုန်ပစ္စည်းအမျိုးအစား ပေါင်း(၃၇၁၃)မျိုးအား ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစတင်၍ စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့တွင် ပူးပေါင်း၍ ၎င်းတို့ဌာနတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်တို့အား မိမိတို့ဌာနသို့ ခေါ်ယူ၍လည်းကောင်း၊ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးခြင်းဖြင့်လည်းကောင်း မိမိတို့ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့်အညီ ကိုက်ညီမှုရှိစေရေးအတွက် အရှိန်အဟုန်ဖြင့် စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊  ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူများ အနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ လိုအပ်သော သတင်းအချက်အလက်များ သိရှိနိုင်ရန်လည်ကောင်း၊ စားသုံးသူများအနေဖြင့်၎င်းတို့အသုံးပြုမည့် ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရန် လည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ထုတ်လုပ်သည့် ကုန်စည်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်လည်းကောင်း၊ စားသုံးသူများအား လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များ အသုံးပြုစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့်လက်ရှိအချိန်တွင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်ဖြစ်သော ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲကို ပြည်ပမှ တင်သွင်းလာသော ကုန်စည်များတွင်သာမက ပြည်တွင်း၌ ထုတ်လုပ်သော ကုန်စည်များတွင်ပါ ထပ်ပိုးလွှာ၊ ထပ်ပိုးလွှာ(Sticker)ဖြင့် ကပ်နှိပ်ဖော်ပြ၍ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိနေရသည့်အတွက် ကုန်အညွှန်း အမှတ်အသား ဖော်ပြရန် အားနည်းနေသေးသော ကုန်စည်များနှင့် စပ်လျဉ်း၍ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကို ကုန်စည်တွင် ဖော်ပြရာ၌ ထပ်ပိုးလွှာ၊ ထပ်ပိုး ကပ်လွှာ(Sticker)ဖြင့် ကပ်နှိပ် ဖော်ပြရန် သီးခြားခွင့်ပြုထားခြင်း မရှိကြောင်းနှင့် ကုန်စည်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်း သို့မဟုတ် ပုံသွင်းခြင်းဖြင့်သာ ဖော်ပြရန် ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အသိပညာပေးကာလအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းကာလ နောက်ပိုင်းတွင် ယင်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်အားနည်းသော သို့မဟုတ် လိုက်နာရန် ပျက်ကွက်သော ကုန်စည်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်ကို ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းလုပ်ငန်းများအနေဖြင့် ဈေးကွက်ရောက်ရှိပြီးကုန်စည်များနှင့် ဈေးကွက်မရောက်မီ ကုန်စည်များအား စောင့်ကြည့်စစ်ဆေးခြင်းများအနေဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိရာတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ် အသားဖော်ပြထားခြင်းနှင့်စပ်လျဉ်း၍ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့် ရက်စွဲများ ပြည့်စုံစွာပါရှိစေရေး အထူးကြပ်မတ်၍ အလေးပေးစစ်ဆေး ဆောင်ရွက် လျက် ရှိကြောင်းနှင့် လိုက်နာရန် ပျက်ကွက်သော ကုန်စည်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်ကို စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၇၃ အရ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)