ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ သဲကုန်းမြို့နယ်တွင် ယခင်နှစ်က နွေစပါးစိုက်ဧက ( ၁၀၈၂၃ ) ဧကရှိကြောင်း သိရှိရပြီး ယခုနှစ်တွင် လျာထားဧက (၁၁၀၀၅)ဧက ရှိကြောင်း သိရှိရပါသည်။ ယခုနှစ် နွေစပါးစိုက်တောင်သူများသို့ အစိုးရမှ ကုမ္ပဏီကြားခံ၍ ကန်ထရိုက်စနစ်ဖြင့် သွင်းအားစု ဓာတ်မြေသြဇာနှင့် ပေါင်းသတ်ဆေးများကို ၁ ဧက ကျပ်နှစ်သိန်းနှုန်း ထောက်ပံ့ပေးသွားမည်ဟု သိရှိရပါသည်။ ထိုသွင်းအားစု ဈေးနှုန်းများမှာလည်း အပြင်ဈေးနှုန်းထက် အနည်းငယ်သက်သာသော ပေါက်ဈေးဖြင့် ဓာတ်မြေသြဇာကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။
သဲကုန်းမြို့နယ်တွင် Contract Farming ပြုလုပ်မည့် ကုမ္ပဏီများမှာ ရွှေမနောမြေကုမ္ပဏီ ၊ မဏိကမ္ဘာကုမ္ပဏီ ၊ အောင်နိုင်ရိုးမ ကုမ္ပဏီတို့ဖြစ်ကြောင်း သိရှိရပါသည်။ ရွှေမနောမြေကုမ္ပဏီမှ ဧက (၁၅၀၀) ၊ မဏိကမ္ဘာကုမ္ပဏီမှ ဧက (၃၀၀၀)နှင့် ကျန်ဧကများကို အောင်နိုင်ရိုးမ ကုမ္ပဏီနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ကုမ္ပဏီများအနေဖြင့် မြေပြင်ကွင်းဆင်း၍ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် Contract Farming ပြုလုပ်မည့် တောင်သူများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထို Contract Farming စနစ်သည် တောင်သူများအတွက် ငွေကြေးစိုက်ထုတ် ရင်းနှီးစရာမလို ၊ သွင်းအားစုအတွက် စိတ်ပူစရာမလို ၊ အတိုးနှုန်း တစ်စုံတစ်ရာ ပေးရန်မလိုဘဲ အချိန်တန်စပါးပေးစနစ်ဖြင့် အလွန်အကျိုးရှိသော စနစ်တစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)