မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီး ဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊
စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်း ဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချ ပေးကြောင်း သိရသည်။
မုံရွာခရိုင်အတွင်း ၁-၁၂-၂၀၂၂ ရက်နေ့မှ ၃၁-၁၂-၂၀၂၂ ရက်နေ့ထိ စားအုန်းဆီ စုစုပေါင်းပိဿာ ချိန် ၂၂၇၂၀ ပိဿာခန့် ရောင်းချပေးနိုင်ခဲ့ပြီး ရောင်းချရာတွင် လူစည်ကားရာရပ်ကွက်၊ ဈေးများအပြင် မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်းနှင့် ယခုအပတ်တွင် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၈၀၀ ကျပ်ဖြစ်ကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)