ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများကို (၁၇၊၁၊၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) အချိန်ခန့်က ညောင်တုန်းမြို့နယ် စိုက်ဘဏ်မာန်နေဂျာရုံးတွင် ဌာနဆိုင်ရာ များနှင့်အတူ တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ကြပါသည်။
ထို့တွေ့ဆုံပွဲတွင် မိတ်ဖက်ပူးပေါင်းဌာနများဖြစ်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်း ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာတို့ပါဝင်ပြီး ဆွေးနွေးပွဲတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစိုက်ပျိုးနိုင်ရေး၊ နည်းစနစ်မှန်ကန်ရေး၊ မျိုး ကောင်းမျိုးသန့်ရရှိရေး၊ သီးနှံများအထွက်တိုးစေပြီး ဝင်ငွေတိုးစေရေး၊ဈေးကွက်ဈေးနှုန်း အခြေအနေများ အကြောင်းဆွေးနွေးခဲ့ကြပါသည်။
မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က တောင်သူများ အသုံးပြုလျက် ရှိသည့် စိုက်ပျိုးရေးဆေးများနှင့် မျိုးစေ့များဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြပါရှိသော ကုန်စည်များကို ဝယ်ယူကြရန်နှင့်၊ ကုန်စည်တွင် ဖော်ပြပါဝင်သော သတင်းအချက်အလက်များကို တိကျစွာ လိုက်နာသုံးစွဲရန်၊ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှု၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူကာကွယ် ရေးဥပဒေ၏ တားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တောင်သူများမှ သိရှိလို၍ မေးမြန်းမှုများကို အကျယ်တဝင့် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)