မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင် ဦးဆောင်သော ဝန်ထမ်းနှင့်အဖွဲ့သည် (၁၇.၁.၂၀၂၃) ရက်နေ့က မော်လမြိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၂)၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်း စရာများအားဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးပုံများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးမှုများအပေါ်တွင် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏အပြန်အလှန်ဆွေးနွေးမှုနှင့်မေးမြန်းခြင်းအား ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၁၃)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)