Main menu

စစ်ကိုင်းမြို့နယ်ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များအသင်း၏ အသံ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည်  ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များ အသင်းဥက္ကဌ အပါအဝင် အလုပ်အမှုဆောင် (၅)ဦးတို့နှင့် တွေ့ဆုံ၍ အသင်း၏လက်ရှိအခြေအနေ၊ ထုတ်လုပ်ရောင်းဝယ်မှု အခြေအနေနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

          စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည် လုပ်ငန်းရှင်များအသင်းကို  ၂.၁၂.၂၀၁၃ ခုနှစ်တွင် အလုပ်အမှုဆောင်(၂၉)ဦး၊အသင်းသား(၁၃၀၉)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအသင်းသား၂၀၀ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း၊ စစ်ကိုင်းမြို့တွင် ကျောက်စိမ်းအချောထည်လုပ်ငန်းရှင် (၁၃၀၀)ကျော်ရှိပြီး ကျောက်စိမ်းအချောထည်များကို စစ်ကိုင်းမြို့၊ ဘော်ဂါရပ်ကွက်၌ ဘော်ဂါကျောက်ဝိုင်းအမည်ဖြင့် ရောင်းချ သည့် ဆိုင်ခန်းပေါင်း (၆၅)ခန်းကျော်ရှိကြောင်း၊ ယခင်က ကျောက်စိမ်းအချောထည်များကို မြဝတီ၊ မဲစောက်၊ တာချီလိတ်မြို့များသို့ တင်ပို့ရောင်းချသော်လည်း ယခု စစ်ကိုင်းမြို့ ဘော်ဂါကျောက်ဝိုင်း၌ အရောင်းအဝယ်ပြုလုပ်ရာ မန္တလေး၊ မုံရွာမြို့များမှ လာရောက်ဝယ်ယူကြကြောင်း၊ ကုန်ကြမ်းများကို မြန်မာပြည်အထက်ပိုင်း ဖားကန့်၊ မန္တလေးမြို့များမှ ဝယ်ယူကြောင်း၊ ယခုအရောင်းအဝယ် အေးနေခြင်းမှာ ကုန်ကြမ်းများမှာ ဈေးနှုန်းမြင့်ပြီး ရှားပါးကြောင်း၊ ကုန်ကြမ်းဈေးနှုန်းအနေဖြင့် ကျောက်အရည်အသွေး ပေါ်မူတည်၍  ထော်လာဂျီကားတစ်စီးစာလျှင် ကျပ်၂ သိန်းခွဲမှ ကျပ် ၃ သိန်း၊ ပီနံအိတ်တစ်ဝက်လျှင် ကျပ် သိန်းထောင်/သောင်းထိ ဈေးအမျိုးမျိုးဖြင့် ဝယ်ယူရပါကြောင်း၊ ကုန်ချော ကျောက်စိမ်းပုတီး၊ ကျောက်စိမ်း လက်ကောက်၊ ဆွဲသီးများအနေဖြင့်လည်း ကျောက်အရည်အသွေးပေါ် မူတည်ခြင်း၊ ကြိုက်နှစ်သက်သည့် အပေါ်မူတည်ခြင်း၊ ချမ်းသာသည့်ဂုဏ်ဒြပ်ပေါ်မူတည်ခြင်းစသည့်အချက်များ မူတည်ပြီး ကျပ် (၅၀၀၀/- ၁၀၀၀၀/-)မှ ကျပ်သိန်း ( ထောင်/ သောင်း)ထိ ပေါက်ဈေးရှိကြောင်း၊ ကျောက်စိမ်းအချောထည်လုပ်ငန်း တွင် ဖြတ်/သွေး လုပ်ကိုင်သည့်အဖွဲ့နှင့် လူသုံးကုန်အလှဆင်ပစ္စည်း လုပ်ကိုင်သသည့်အဖွဲ့ဟူ၍ နှစ်မျိုးရှိ ကြောင်း၊ ကုန်ကြမ်းကျောက်အားဖြတ်၍ အရည်အသွေးကောင်းလျှင် အပွင့်လုပ်ပြီး၊ အရည်အသွေး မကောင်း လျှင် လွှာချပ်မှ လက်ကောက်အဖြစ်လည်းကောင်း၊ လည်ဆွဲပုတီး သို့မဟုတ် စိတ်ပုတီးများ ပြုလုပ်ကြောင်း ကျောက်စိမ်းအချောထည် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

          စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့် ပုတီး၊ လည်ဆွဲ၊ လက်ပတ်၊ ပန်းပု စသည့်ထုတ်လုပ်သည့် ကုန်ချောပစ္စည်းများအတွက် ခိုင်မာသော ဈေးကွက် တစ်ခုရရှိလိုပါကြောင်း၊ နိုင်ငံတော်မှ အတိုးနှုန်းသက်သာသောချေးငွေများ ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ ဈေးကွက်နှင့် ကူညီပံ့ပိုးမှုများ ရရှိမည်ဆိုပါက နိုင်ငံတော်အခွန်ငွေများ ပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း  ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များ၏ စကားသံများ ကြားသိခဲ့ရကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)