ရန်ကုန်မြို့၊ ဇန်နဝါရီ (၃၀) ရက်
အွန်လိုင်းမှ ရောင်းဝယ်မှုများတွင် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အွန်လိုင်းမှ ရောင်းဝယ်မှုများတွင် စားသုံးသူနစ်နာဆုံးရှုံးမှုများအား ကာကွယ်ဖြေရှင်းဆောင်ရွက် ပေးနိုင်မည့် နည်းလမ်းများဖော်ထုတ်နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမပေါ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ယနေ့ နံနက် (၀၉း၀၀)နာရီမှစ၍ ကျင်းပ ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ Myanmar Digital Economy Association ၊ E-Commerce Association of Myanmar နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပါဝင်ဆွေးနွေး ခဲ့ကြပါသည်။
တက်ရောက်လာကြသော ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ တတ်ကျွမ်း နားလည်သည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်(၁၂)ဦးက ဘာသာရပ်အလိုက် ဦးဆောင်ဆွေးနွေးခဲ့ ကြပါသည်။ တက်ရောက်လာကြသော ပရိတ်သတ်များထဲမှ မိမိတို့သိလိုသည့် အကြောင်းအရာ များကို မေးမြန်းဖြေကြားခြင်းများ ပြုလုပ်ကြပါသည်။
ဆွေးနွေးကြသော ဘာသာရပ်အလိုက် ပညာရှင်များမှာ ကုန်သွယ်ရေးဦးစီးဌာန၊ စာရင်းဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ Myanmar Digital Economy Association နှင့် E-Commerce Association of Myanmar တို့ ဖြစ်ကြကြောင်း သိရှိရပါသည်။
ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုအပြီးမှာ စားပွဲဝိုင်းဆွေးနွေးခြင်း အဖွဲ့(၃)ဖွဲ့ ဖွဲ့၍ ဆွေးနွေးခဲ့ ကြရာ အွန်လိုင်းမှရောင်းဝယ်မှုများအား မှတ်ပုံတင်စနစ်တစ်ရပ်ထူထောင်ရေး၊ မည်ကဲ့သို့ ထိန်းကျောင်း သင့်ကြောင်းနှင့် စားသုံးသူတိုင်ကြားမှုများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးပွဲ ရလဒ်များ ဖော်ထုတ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော် အဆင့်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင် စုစုပေါင်း (၁၀၄)ဦးတို့ တက်ရောက်ကြောင်း သိရပါသည်။
DOCA(Product Safety)