စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးဆောင်ရွက်ခဲ့ရာ ဟောပြောဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန့်စင် ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စုစုပေါင်း (၂၁၉)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖေမြင့်က "နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အမြန်ဖွံ့ဖြိုး တိုးတက်ရမည်"ဟူသော ဆောင်ပုဒ်နှင့်အညီ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပါကြောင်း၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စာများများဖတ်ရန် လိုအပ်ကြောင်း၊ သို့မှသာ မှန်ကန်သည့်အတွေးခေါ်များ တိုးတက်လာမည်ဖြစ်ကာ ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊"ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်" စကားပုံအတိုင်း တိုင်းပြည်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်သွားရမည်ဖြစ်ကြောင်း၊ အသိပညာဗဟုသုတများများရှိမှသာ အောင်မြင်သော မျိုးဆက် သစ်များဖြစ်လာမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာများ လာရောက်ဟောပြောဆွေးနွေးခြင်း အတွက်လည်း ကျေးဇူးတင်ရှိကြောင်းနှင့်ယခုကဲ့သို့ လေ့လာသိရှိခွင့်ရသည့် အခွင့်အရေးအား အပြည့်အဝဆုပ်ကိုင်ထားရှိရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးသမိုင်းကြောင်း စတင်ဖြစ်ပေါ်လာပုံနှင့်ဌာနမှစားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နော်ကြူကြူက စားသုံးသူကာကွယ်ရေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့်ကုန်အညွှန်းအမှတ် အသားတွင်ဖော်ပြရမည့် သတ်မှတ်ချက်များအားလည်းကောင်း ၊ Online Shopping များတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲမည်ဆိုပါကလိုက်နာရမည့်အချက်များကိုလည်းကောင်း၊ Digital ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှု များရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ် တိုင်ကြား နိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ စားသုံးသူရေး ရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်နှင့်ဗွီနိုင်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Doca(ကယား)