Main menu

ဗဟိုစီမံကိန်းချစီးပွားရေးစနစ် အကြောင်းတစ်စေ့တစ်စောင်း

Powered by Drupal

         စီးပွားရေး (သို့) စီးပွားရေးစနစ်တွင် ကုန်ထုတ်လုပ်မှု၊ ဖြန့်ချိရေး (သို့) ကုန်သွယ်မှု နှင့် ကန့်သတ်ချက်ရှိသော ကုန်စည်များ နှင့် ဝန်ဆောင်မှုများကို နယ်မြေတစ်ခုအတွင်း အမျိုးမျိုးသော ကိုယ်စားလှယ်တို့မှ သုံးစွဲမှု စသည်တို့ ပါဝင်သည်။ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များသည် သီးခြားရပ်တည်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ (သို့) အစိုးရအဖွဲ့အစည်းများ စသည်တို့ ဖြစ်နိုင်သည်။ ထိုဖလှယ်မှုလုပ်ငန်းသည် ပါဝင်သူနှစ်ဦးက ဖလှယ်မည့်ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု၏ သတ်မှတ်ငွေကြေးစနစ်ဖြင့် ဖော်ပြထားသော တန်ဖိုး သို့ ဈေးနှုန်းတစ်ခုကို သဘောတူညီမှုရရှိလျှင် ဖြစ်ပေါ်သည်။

        ယခင်အခါက စီးပွားရေးဆိုင်ရာဆောင်ရွက်မှုများသည် သဘာ၀သယံဇာတများ၊ လုပ်သား များနှင့် ရင်းနှီးမြှုပ်နှံမှုများ စသည်တို့ဖြင့် စုပေါင်းထားသည်ဟု ယူဆခဲ့ကြသည်။ ထိုအမြင်သည် အတတ်ပညာ၏ရလဒ်ဖြစ်သော နည်းပညာ၏တန်ဖိုး (အလိုလျောက်လုပ်ဆောင်မှု၊ လုပ်ငန်း ဆောင်ရွက်မှုကို မြန်ဆန်လာစေမှု၊ ကုန်ကျစရိတ်လျော့ကျလာမှု)နှင့် ဆန်းသစ်ပြောင်းလဲမှု (ကုန်စည်အသစ်များ၊ ဝန်ဆောင်မှုများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ ဈေးကွက်အသစ်များ၊ ဈေးကွက်ချဲ့ထွင်မှုများ၊ ဈေးကွက်ကွဲပြားခြားနားမှုများ၊ ဈေးကွက်ထိုးဖောက်မှုများ၊ အမြတ်ငွေ တိုးပွားမှုနည်းအသစ်များ) စသည်တို့ကို လျစ်လျူရှု့ထားလျက်ရှိသည်။

စီးပွားရေးစနစ် ၃ မျိုးမှ ဗဟိုစီမံကိန်းချစီးပွားရေးစနစ်၏ ပြင်ပဗဟုသုတများ ရရှိစေရန်အတွက် ဗဟိုစီမံကိန်းချ စီးပွားရေးစနစ်အကြောင်းကို ဖော်ပြလိုက်ပါသည်။

ဗဟိုစီမံကိန်းချစီးပွားရေးစနစ်၏ သွင်ပြင်လက္ခဏာများ(The Characteristics of The Centrally Planned Economy)

(၁)     နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေများအားလုံးကို အစိုးရမှ ချုပ်ကိုင်သည်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းမရှိ၊ အခြေခံစီးပွားရေးပြဿနာအားလုံးကို အစိုးရကသာ တာဝန်ယူဖြေရှင်း ပေးသော စနစ်ဖြစ်သည်။

 (၂)     စားသုံးသူများအနေဖြင့် အစိုးရမှ ထုတ်လုပ်သောကုန်စည်နှင့် ဝန်ဆောင်မှုများကို သာသုံးစွဲရပါသည်။ စားသုံးသူ၏ဆန္ဒ ထက် အစိုးရ၏ ထုတ်လုပ်နိုင်မှုကသာ လူတို့၏ စားဝတ်နေရေး ပြဿနာများကို ဆုံးဖြတ်ချက်ပေးသည်။

(၃)     ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ခွင့်မပြုသောကြောင့် ပုဂ္ဂလိက လုပ်ငန်းများ၏ ယှဥ်ပြိုင်မှုလည်း ဤစနစ်တွင်မရှိပါ။

(၄)     အလုပ်လက်မဲ့ အခြေအနေမရှိဟု သတ်မှတ်သည်။

(၅)     ဆင်းရဲချမ်းသာ ကွာဟချက် မရှိစေရဟု သတ်မှတ်သည်။

(၆)     စီးပွားရေး ကိစ္စရပ်များကို နှစ်တို နှစ်ရှည် စီမံကိန်းများ ရေးဆွဲချမှတ်ပြီး စီမံကိန်းများကို အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်သည်။

(၇)     လုပ်ငန်းတိုင်းသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသာ ဖြစ်သည်။

ဗဟိုစီမံကိန်းချစီးပွားရေးစနစ် ဘယ်လိုအလုပ်လုပ်သလဲ(How Does Centrally Planned Economy Works?)

         ဗဟိုစီမံကိန်းချ စီးပွားရေးစနစ်တွင် စီးပွားရေးလုပ်ဆောင်ချက်များအားလုံးသည် ဗဟို အာဏာပိုင်အဖွဲအစည်း(အစိုးရ)၏ ဆုံးဖြတ်များဖြင့်သာ အလုပ်လုပ်ပါသည်။

       ဤတွင် အစိုးရသည် စည်းမျည်းစည်းကမ်းများ ချမှတ်ထိန်းသိမ်းခြင်း (Regulating) ၊ စီမံကိန်းများ ချမှတ်ခြင်း (Planning)နှင့် တိုင်းပြည်အတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်မှုကို ထိန်းချုပ်ခြင်း (Governing goods and services produced in the country) တို့အတွက် အဓိကကျသော အခန်းကဏ္ဍမှ ဝင်ရောက်ထိန်းချုပ်ထားသည်။

      ထုတ်လုပ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ သသဘာဝများ (Nature) ၊ အမျိုးအစားများ (Types) ၊ အရေအတွက် (Quantity) ၊ အရေအသွေး (Quality) နှင့် စျေးနှုန်းများ (Prices) များကိုလည်း အစိုးရကသာ ဆုံးဖြတ်သည်။

          ထုတ်လုပ်ခြင်း ၊ ဖြန့်ဖြူးခြင်းတို့နှင့်သက်ဆိုင်သော စီးပွားရေး စီမံကိန်များအားလုံးသည်  နိုင်ငံပိုင် အဖွဲ့အစည်းများကိုသာ တိုးတက်စေသည်။

        အစိုးရက စီးပွားရေးအဆောက်အအုံအတွင်းတွင် လုပ်သား (Labour) ၊ အရင်းအနှီး (Capital) ၊ သဘာဝသယံဇာတစွမ်းအားစုများ (Natural Resources) အစရှိသည်တို့ကို ဖြန်ဖြူးခြင်းသည် စွမ်းဆောင်ရည်ပြည့်ဝသည်ဟု ယုံကြည်ယူဆသည်။

      ဘဏ္ဍာရေး အပါအဝင် မော်တော်ကားထုတ်လုပ်သည့်စက်ရုံများနှင့် အခြားသော စက်ရုံများ နှင့် စီးပွားရေးလုပ်ငန်းများ၏ တန်ဖိုးများကိုပါ ဗဟိုအဆင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက လက်ဝါးကြီးအုပ်၍ ပိုင်ဆိုင်မှုပြုထားသည်။ စီးပွားရေးစီမံကိန်းနှင့်ပတ်သတ်သောမူဝါဒများ အားလုံးကိုလည်းအစိုးရကသာ ဖန်တီးသည်။

        စီးပွားရေးစနစ်တစ်ခုသည် ယဉ်ကျေးမှု၊ တန်ဖိုးထားမှု၊ ပညာရေး၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှု၊ သမိုင်းကြောင်း၊ လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးဖွဲ့စည်းပုံနှင့် ဥပဒေစနစ်၊ ထိုနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထား၊ သဘာ၀အရင်းမြစ်တည်ရှိမှု ဂေဟစနစ်စသည့် အဓိကအခြေခံ အကြောင်းအရာတို့၏ ဆောင်ရွက်မှု လုပ်ငန်းစဉ်တို့၏ ရလဒ်ဖြစ်သောကြောင့် ရေးသားလိုက်ရပါ သည်။

DOCA(ကယား)