ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒုခရိုင် ဦးစီးမှူးသည် (၅.၂.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် အင်ပင်မြို့၊ အ.ထ.ကကျောင်း၌ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများ၊ ဈေးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဒုခရိုင်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း စသည့်တို့ကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းမုန့်ဈေးတန်းကိုလည်း ကျောင်းမုန့်ဈေးတန်း ကြီးကြပ်ရေး ကော်မတီများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ကျောင်းဈေးသည်များအနေဖြင့်လည်း ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ်မုန့်များသန့်ရှင်းလက်ဆက်မှုရှိစေရေးနှင့် သက်တမ်းလွန်မုန့်များ ရောင်းချမှုမပြုရန်၊ လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများ၊ အသင့်စားမုန့်များ၌ ကုန်အညွှန်း အမှတ်အသားများပြည့်စုံမှု ရှိစေရေး၊ စသည့်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)