Main menu

တောင်ငူမြို့နယ်တွင် နွေစပါးများစိုက်ပျိုးနေပြီ

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကျေးလက်ဒေသများတွင် နွေစပါး စိုက်ပျိုးရန် တောင်သူဦးကြီးများသည် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြပါသည်။ မိုးစပါး စိုက်ပျိုးရိတ်သိမ်းပြီး လယ်များကိုထွန်စက်များဖြင့် ထယ်ထိုး၍မြေပြင်ခြင်း၊ သဘာဝမြေဩဇာ ဖြစ်သည့် နွားချေးထည့်ခြင်းများ ဆောင်ရွက်ကြပါသည်။

           ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဆည်များမှ ရေများစတင်လွှတ်ပေးပြီး ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် စစ်တောင်းမြစ်ရေတင်စီမံကိန်းများမှ ရေများ စတင်လွှတ်ပေးသဖြင့် ယခုအခါ မြေပြုပြင် ထားသော လယ်ကွက်များထဲသို့ ရေသွင်း၍ ထွန်မွှေခြင်းများကို ဆောင်ရွက်ကြပါသည်။

         တောင်ငူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်အတွင်း နွေစပါး ၁၇၈၅၃ ဧက စိုက်ပျိုးရန် လျာ ထားပါသည်။ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူကြီးများအား လယ်တစ်ဧက စိုက်ပျိုးလျှင် ငွေကျပ် နှစ်သိန်းနှင့်ညီမျှသော သွင်းအားစုများကိုလည်း ထုတ်ပေးနေ ပါသည်။ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လယ်ဧက ၇၃၂၈ဧက အား သွင်းအားစုများ ပံ့ပိုးသွားမည်ဟုလည်း သိရှိရပါသည်။

       နွေစပါး စိုက်ပျိုးရေးအတွက် ဆည်ကြီးများတွင် မိုးရေလုံလောက်စွာ ရရှိနေပါသည်။ တောင်ငူမြို့နယ်တွင် တစ်နှစ်ပတ်လုံး မိုးရေချိန် ၇၆.၆၈ ရွာသွန်းသော်လည်း ယခုနှစ် ၂၀၂၂ ခုနှစ် တွင် ပုံမှန်အားဖြင့် မိုးရေချိန် ၆၈.၆၈ လက်မသာရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ စာရင်းဇယားများအရ သိရှိရပါသည်။ မိုးရေချိန် ၁၀ လက်မခန့်လျော့နည်းသော်လည်း နွေစပါး စိုက်ပျိုးမှုအတွက် စိုက်ပျိုးရေလုံလောက်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

       ဆည်များတွင် မိုးရေစုဆောင်းမှု လုံလောက်စွာရှိသောကြောင့် ခပေါင်းဆည်ရေသောက် ၁၁၉၇၂ ဧက၊ ကရင်ချောင်းဆည်ရေသောက် ၆၁၆ ဧက၊ ကမ်းနီဆည်ရေသောက် ၁၂၂၀ ဧက၊ ပသိ ဆည်ရေသောက် ၁၅၁၁ ဧက၊ ရွာတန်းရှည်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ၆၀၀ ဧက၊ သဖန်းပင် ဆိုလာမြစ်ရေတင်စီမံကိန်း ၂၀၀ ဧက၊ ချောင်းပိတ်တမံပိတ် ၅၁၃ ဧက၊ အင်းအိုင် ၁၂၂၁ ဧက စုစုပေါင်း နွေစပါး ၁၇၈၅၃ ဧက စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

        နွေစပါး စိုက်ပျိုးရာတွင် ရက် ၉၀ မျိုး၊ နှံကောက် ၁၀၅ ရက်မျိုး၊ နှံကောက် ၁၁၀ မျိုးနှင့် နယူးဧရာစပါးများ အများဆုံးစိုက်ပျိုးကြပါသည်။ နှံကောက်စပါးသည် ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ ရာသီနှင့်ကိုက်ညီခြင်း၊ ဈေးကွက်ဝယ်လိုအားရှိခြင်းတို့ကြောင့် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါ သည်။

        ယခင်နှစ်များတွင် နွေစပါးတစ်ဧကလျှင် ၇၃.၂၁ တင်းမှ ၈၀ တင်းအထိ ထွက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင်လျာထားချက်အတိုင်း ၁၇၈၅၃ ဧက စိုက်ပျိုးနိုင်ပြီး ယခင်နှစ် များကဲ့သို့ အနည်းဆုံး ၇၃.၂၁ တင်း ထွက်ရှိပါက စပါးတင်းအ‌ရေအတွက်မှာ တစ်ဆယ့်သုံးသိန်းခန့် ထွက်ရှိမည် ဖြစ်ပါသည်။

        “နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့်ကြိုးပမ်းစို့” ဟူသောဆောင်ပုဒ်နှင့်အညီ နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရန် နွေစပါးများကိုစိုက်ပျိုးနေကြပြီး စပါးနှင့်ဆန်သည် နိုင်ငံတော်၏ ဝမ်းစာအဖြစ် စားသုံးခြင်း၊ မဟာဗျူဟာကျသောသီးနှံဖြစ်ခြင်းကြောင့်  တောင်သူဦးကြီးများ အားထားစိုက်ပျိုးနိုင် ကြောင်း သိရှိရပါသည်။

DOCA(Bago)