ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း (ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၅-၂-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် စစ်တွေမြို့၊ မင်းဂံအကွက်(၁၅)ရပ်ကွက် မှန်စီလမ်းမဘေး၌ တီးရှူးစက်ရုံနှင့် စက္ကူစက်ရုံ (၂)ခု ပူးတွဲတည်ဆောက် လည်ပတ်လျက်ရှိသော ကုန်ထုတ်လုပ်ငန်းစွမ်းအားစု စီးပွားရေး လုပ်ငန်းရှင် ဦးဘိုထွန်းအား တွေ့ဆုံ၍ စက္ကူစက်ရုံလည်ပတ်နေမှုများအား မေးမြန်းခဲ့ပါသည်။တွေ့ဆုံမေးမြန်းမှုအရ ရခိုင်ပြည်နယ်တွင် တီရှူး၊ စက္ကူစက်ရုံအား တည်ဆောက် လည်ပတ်ခြင်းအားဖြင့် သုံးစွဲပြီး စက္ကူအဟောင်းများ ဈေးကောင်းရရှိစေခြင်း၊ တီရှူးအချော/ အကြမ်းနှင့်စက္ကူ(၆)မျိုးဖြစ်သည့် ဘားပြာ (တစ်ဖက်ချောစက္ကူ) ၊ ဘားဖြူ(A4-စက္ကူ)၊ ဘော့စပို့ (၂ထပ်စက္ကူ) ၊ ဟီတာကဒ် (ဖိုင်စက္ကူ)၊ ကာလကဒ်(ရောင်စုံစက္ကူ)နှင့် ဂျက်ဖာ(ဂျက်ဖာစက္ကူ) များကို ထုတ်လုပ်ဖြန့်ချီနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် တီရှူး၊ စက္ကူများထုတ်လုပ်နိုင်မှုစွမ်းရည်မြင့်မား လာစေရေး လူ့စွမ်းအားအရင်းအမြစ်များတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေ ရေးတို့အား ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းစက်ရုံ(၂)ခု အား ၂၀၁၈ ခုနှစ်မှ စတင်တည်ဆောက်ပြီး “RZ ရာဇာ ကုန်အမှတ်တံဆိပ်”ဖြင့် တီရှူး(ချော/ကြမ်း)ကို ထုတ်လုပ်ဖြန့်ချီ နိုင်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း(၁၀)မြို့နယ်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များသို့ လက်ကား ဖြန့်ချီရောင်းချလျက်ရှိကြောင်း၊ စက္ကူ(၆) မျိုးထုတ်လုပ်နိုင်ရန် လုပ်သား၊ ကုန်ကြမ်း၊ ရင်းနှီးငွေများအား စုဆောင်းလျှက်ရှိပါကြောင်း ရှင်းလင်းပြောကြားချက်အပေါ် စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင် ဦးစီးမှူးမှ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ဘက် မှလည်း အားပေးကူညီနေကြောင်း၊ ဌာနအနေဖြင့်လည်း ဝိုင်းဝန်းကူညီမည်ဖြစ်ကြောင်းနှင့် ထုတ်ပိုးကုန်စည်များဖြန့်ဖြူး ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ(၄၁) ပြဌာန်းချက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြစေရေး ချပြဆွေးနွေးပြီး တီရှူးစက္ကူများ ထုတ်လုပ်ရာတွင် သုံးစွဲသူများဘေးအန္တရာယ်ကင်းရှင်းစေရေး သံတိုသံစများမပါဝင်စေရေး အထူးဂရုပြုဆောင်ရွက်စေရေး အသိပညာပေးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)