၂၀၂၃ ခုနှစ် ဆောင်းသီးနှံပဲစိုက်တောင်သူများ၊ ပဲဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ပဲပွဲရုံနှင့် စက်မှုဇုန်အတွင်းရှိ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့နှင့်ပူးပေါင်း၍ ပဲတီစိမ်းနှင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲအား ရန်ကုန် တိုင်းဒေသကြီး သန်လျင်ခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၁၇.၂.၂၀၂၃) နေ့လယ် (၁၄:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ ဆွေးနွေးခြင်းအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ် ကုန်ပစ္စည်းအရည်အသွေးနှင့် စစ်ဆေးရေးဌာန(CTQM)မှ ဒုတိယ ညွှန်ကြားရေးမှူးက ပဲစိုက်တောင်သူများအနေဖြင့် အဓိကပြဿနာဖြစ်သော ဈေးကွက်အတွင်း ရောင်းချရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်း၊ ဓာတ်ကျန်ဖြစ်ပေါ်ရသည့် အချက်များသည် ပိုးသတ် ဆေးသုံးစွဲပုံနည်းလမ်းမမှန်ကန်ခြင်းကြောင့်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်ထားသော ပိုးသတ်ဆေး များကိုသာ သုံးစွဲသင့်ပါကြောင်းစသည်ဖြင့် ကုန်ပစ္စည်းအရည်အသွေးနှင့် စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ အားလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ၊တောင်ပိုင်းခရိုင်ဦးစီးမှူးက ပဲစိုက်ပျိုးမှု အများဆုံးဖြစ်သော ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ပဲစိုက်တောင်သူများအနေဖြင့် ပဲတီစိမ်းနှင့်ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့်အခက်အခဲများအား ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက်နိုင်ရေးနှင့် ထွက်ရှိလာသောသီးနှံများအရည်အသွေးကောင်းမွန်စေရေး မှန်ကန် သောဈေးကွက်များနှင့် ချိတ်ဆက်ပေးရေးတို့အားလည်းကောင်း၊ သန်လျင်မြို့နယ်၊ စိုက် ပျိုးရေးဦးစီးဌာန၊မြို့နယ်မန်နေဂျာက ပဲစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကကျသော ဓါတ်မြေဩဇာ ကျွေးခြင်း၊ ပိုးသတ်ဆေးပက်ဖြန်းခြင်း၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များအားလည်းကောင်း အသီးသီးဆွေးနွေးရှင်းလင်းကြပြီးနောက် ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပဲစိုက်တောင်သူများ၏ ဆွေးနွေးတင် ပြချက်များအပေါ် သက်ဆိုင်ရာ ဦးစီးဌာနများက ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန ၊ကုန်ပစ္စည်းအရည်အသွေးနှင့်စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မန်နေဂျာ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ပဲစိုက်တောင်သူ စုစုပေါင်း( ၂၆ )ဦး တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)