စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ၂၁.၂.၂၀၂၃ ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်များ ကိုယ်စားလှယ် (၅)ဦး၊ ဆီစက်လုပ်ငန်းရှင် ကိုယ်စားလှယ် (၅) ဦးတို့နှင့်အတူ မွန်ပြည်နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဘဏ်မန်နေဂျာအား တွေ့ဆုံ၍ JICA Two Step Loan နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဘဏ်မန်နေဂျာ ဒေါ်စောန္ဒာဝင်းက ယခင်JICA Two Step Loan ချေးငွေများကို ထုတ်ချေးရာတွင် လယ်ယာစိုက်ပျိုးရေးတွင်အသုံးပြုသည့် စက်ကိရိယာဝယ်ယူရန်အတွက်သာ ထုတ်ချေးခဲ့သော်လည်း ယခုအခါတွင် စိုက်ပျိုးရေးကို အခြေခံသည့် ဆက်စပ်စက်ကိရိယာများဖြစ်သော ဆန်စက်၊ ဆီစက်၊ အခြောက်ခံစက် စသည်တို့ကို ဝယ်ယူရန်အတွက်လည်း ချေးငွေများကို ထုတ်ချေးပေးနေကြောင်း၊ တစ်ဦးလျှင် ကျပ်သိန်း (၇၀၀) နှင့် အစုအဖွဲ့များကို တစ်ဖွဲ့လျှင် ကျပ်သိန်း (၅၀၀၀) ထိ ထုတ်ချေးပေးကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် (၅%) ဖြစ်ပြီး (၅) နှစ်အရစ်ကျပြန်ဆပ်ရမည် ဖြစ်ကြောင်းနှင့် အတိုးကို (၆) လတစ်ကြိမ်ပေးသွင်းရကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များမှ JICA Two Step Loan နှင့်ပတ်သက်၍ ၎င်းတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)