ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် လူမှုဝန်ထမ်းဦးစီးဌာန့နှင့်ပူးပေါင်း၍ (၂၃.၂.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီက ဝါးခယ်မမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံက မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကြူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ(၄၀)ဦး၊ ကျောင်းသားကျောင်းသူ (၈၀)ဦး၊ စုစုပေါင်း(၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)