မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။ အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူတိုင်ကြားမှုနှင့် အရေးယူမှုဆိုင်ရာ လုပ်ငန်းစဉ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းစဉ်နှင့် ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်းနှင့် တားမြစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ထုတ်ပြန်ထားရှိပြီဖြစ်ကြောင်း၊ သို့သော် စားသုံးသူများတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဥပဒေပါ စားသုံးသူအခွင့်အရေးများကို ကောင်းစွာသိရှိသူ အလွန်နည်းပါးနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် စားသုံးသူများသည် မိမိ၏နစ်နာဆုံးရှုံးမှုအတွက် ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်များကို ဥပဒေက စားသုံးသူအခွင့်အရေးများအဖြစ် ပေးအပ်ထားမှုအပေါ် သိရှိသူအလွန်နည်းပါးပါကြောင်း၊ စားသုံးသူတွင် ဥပဒေအရ ပေးအပ်သော အခွင့်အရေးများရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဥပဒေအရ လိုက်နာရမည့် တာဝန်များလည်း ရှိပါကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများကို မဖြစ် မနေဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းထားသော စားသုံးသူရေးရာကော်မတီများကိုလည်း ဥပဒေအရ လုပ်ပိုင်ခွင့်များ အပ်နှင်းထားပြီဖြစ်ရာ ကော်မတီများအနေဖြင့် စားသုံးသူအသိပညာပေး လုပ်ငန်းအပါအဝင် မိမိ၏လုပ်ပိုင်ခွင့်အရ ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း၊ လိုအပ်သည်များကိုလည်း ကော်မရှင်နှင့် ဆက်သွယ်၍ ဆောင်ရွက်စေလိုပါကြောင်း၊ စားသုံးသူ အသိပညာပေးဆောင်ရွက်ရာတွင်လည်း လူလတ်ပိုင်းနှင့် လူငယ်ပိုင်းများကို အဓိကထား၍ ဆောင်ရွက်ရန် လိုအပ်လာသည်ကို တွေ့ရှိရကြောင်း ဆွေးနွေးပြောကြားပါသည်။ ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက် တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ကို “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်း စွမ်းအင်ကူးပြောင်းစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စားသုံးသူပြည်သူများ စိတ်ပါဝင်စားနိုင်သော အစီအစဉ်များကို ဆန်းသစ်တီထွင်၍ ကျယ်ပြန့်စွာ ဆောင်ရွက်သွားနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပါသည်။
ထို့နောက် ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အဆုံးအဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ကော်မရှင် အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA (Policy)