ဧရာဝတီတုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်း (၃၅)သင်း၊ ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (၆)သင်း၊ ကုန်စည်ဒိုင် (၅)ခုမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်း(၄၆)ဦး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးအောင်က အသင်းအဖွဲ့နှင့် ကုန်စည်ဒိုင်များရှေ့ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဥပဒေနှင့်အညီ သင်းဖွဲ့စည်းမျဉ်းများ ရေးဆွဲမှတ်ပုံတင်နိုင်ရေးနှင့် အသင်းများကျစ်လစ်ခိုင်မာစွာဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးတိုးတက်နိုင်ရေးတို့အား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားသမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ပိုင်က အသင်းအဖွဲ့၊ ကုန်စည်ဒိုင်များ ဥပဒေနှင့် အညီသင်းဖွဲ့စည်းမျဉ်းရေးဆွဲ၍ မှတ်ပုံတင်နိုင်ရေးကိစ္စများ အားလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဦးက ပုဂ္ဂလိကအလိုက် စက်မှုလုပ်ငန်းရှင်များ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် လုပ်ငန်းအမျိုး အစားအလိုက် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဥက္ကဌ ဦးဝင်းမြင့်လှိုင်က ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၊ ခရိုင်ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အားလုံးပါဝင်သော (ARCCI)အသင်းကြီးအား အောင်မြင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ များရှိခဲ့သော်လည်း ယခုအခါ အသင်းများတိုးတက်စေရန်နှင့် နိုင်ငံ့အကျိုး၊ တိုင်းဒေသကြီး အကျိုးများအား သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပိုမိုပူးပေါင်း၍ အသင်းများ ကျစ်လစ်ခိုင်မာစွာဖြင့် နိုင်ငံတော်မှ ချမှတ်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် အသင်းများ သင်းဖွဲ့စည်းမျဉ်းစည်းကမ်းများရေးဆွဲ၍ မှတ်ပုံတင်နိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးမောင်မောင်ဦးက မိမိတို့အနေဖြင့် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဈေးကွက် ရင်းနှီးမြှပ်နှံမှုများရရှိအောင် နိုင်ငံခြားတိုင်းပြည်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုသိမ်စက်မှုဇုံစီမံကိန်း ဒုတိယဥက္ကဌ ဦးစည်သူစိုးမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ စက်မှုစီမံကိန်း မြေတွင် Commodity Trade Center တည်ဆောက်၍ ကုန်စည်များကို သိုလှောင်ထိန်းသိမ်း ပေးမည်ဖြစ်ပြီး၊ သီးနှံအပေါင်ခံစနစ်ဖြင့် ဘဏ်များဖြင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊Digital Platform အဖြစ် တည်ဆောက်၍ နိုင်ငံတကာဈေးနှုန်းဈေးကွက်၊ တင်ပို့သည့်အပိုင်းများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးဦးက အသင်းအဖွဲ့များနှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုး မွေးမြူ ရေးနှင့် အခြားပို့ကုန်များအား ပြည်တွင်းသာမက ပြည်ပဈေးကွက်ရရှိနိုင်ရေး ဝိုင်းဝန်းကြိုးစား သွားရန်လိုအပ်ပါကြောင်း၊ ပုသိမ်စက်မှုဆိပ်ကမ်းသည်လည်း ဆန်တန်ချိန်(၃၀၀၀)ထိ သင်္ဘောများ ဝင်ထွက်နိုင်ပြီး၊ ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် (၃၀၀၀၀)တင်ပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ဒေသထွက်ပစ္စည်းများကို ပုသိမ်စက်မှုဆိပ်ကမ်းမှ တဆင့် ပြည်ပသသို့တင်ပို့နိုင်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် အသင်းများမှ သိလိုသည်များ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့၍ အစည်းအဝေးအား နေ့လယ်(၁၃:၀၀)နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)