၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှ ၇ ရက်အထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့သည့် “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference 2022)”တွင် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးဖော်ထုတ်မှုများအနက်မှ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ဆန်စပါးဥပဒေတစ်ရပ် ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆန်စပါးဥပဒေ(မူကြမ်း)ကို ပြုစုရေးဆွဲလျက်ရှိရာ အဆိုပါ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံမှ သဘောထားရယူသည့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက် (တနင်္လာနေ့)၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရှိ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ဥပဒေ(မူကြမ်း)ရေးဆွဲ ထားရှိမှုအခြေအနေ၊ ဥပဒေ(မူကြမ်း)ပါ အဆိုပြုပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဖြည့်စွက်သင့်၊ ဖြည့်စွက်ထိုက်သောအချက်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သော အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ဆွေးနွေးအကြံပြုခဲ့ကြပြီး ဆွေးနွေးပွဲကို မွန်းလွဲပိုင်းတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။