Main menu

စစ်ကိုင်းတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြော

Powered by Drupal

    စစ်ကိုင်းတက္ကသိုလ်၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူနှင့် ဝန်ထမ်းများသည်  (၂၃.၂.၂၀၂၃) ရက်နေ့တွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၇၀)ဦးအားတွေ့ဆုံ၍  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့ပါသည်။

       ဟောပြောပွဲတွင် ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုဟောပြောပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို         ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈)တို့ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပါကြောင်း၊ ပုဒ်မ(၄၃)ပါပြဌာန်း ချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိပါကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင် Facebook page နှင့် Website တို့ဖြင့် တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပါမောက္ခချုပ်က အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူကာကွယ်ရေးနည်းဥပဒေစာအုပ်ကို စစ်ကိုင်းတက္ကသိုလ်စာကြည့်တိုက်သို့ လှူဒါန်းခဲ့ပါကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)