စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီး FDA၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့နှင့်အတူ (၆.၃.၂၀၂၃) ရက်နေ့တွင် နံနက် (၁၀:၀၀) မှ (၁၂:၁၅) နာရီအချိန်အထိ မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ညောင်တုန်းမြို့ပေါ် ဆေးဆိုင်ရောင်းချသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တာဝန်ရှိသူက အဖွင့်အမှာစကား ပြောကြားပြီးနောက် တားမြစ်ကုန်စည်ဆေးဝါးများကို ဈေးကွက်အတွင်းရောင်းချခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းမပြုရန်နှင့် ဆေးဆိုင်ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဆေးဝါးအကြောင်းနားလည်အောင်လေ့လာထားရန်၊ မိမိလုပ်သော လုပ်ငန်းအကြောင်းကို လက်လှမ်းမှီသလောက် ဖတ်ရ၊မှတ်ရ၊ လေ့လာရ၊ သင်ယူရမည်ဖြစ်ကြောင်း ဈေးဝါးကျွမ်းကျင်အကူသင်တန်းများလည်း တက်ရောက်ရန် လိုအပ်ပါကြောင်း၊ ဌာနတို့မှ ထုတ်ပြန်လျက်ရှိသော လမ်းညွှန်ချက်များကိုလည်း အမြဲမပြတ် လေ့လာထားရမည်ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးဦးစီးဌာနကလည်း စံမမီဆေးဝါးများရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းကိစ္စနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ကြပါကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာနက ဆွေးနွေးဟောပြောရာတွင် မိမိတို့ဖြန့်ဖြူးရောင်းချနေသော ဆေးဝါးများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသောကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များအကြောင်း ရှင်းလင်းပြီးနောက် စားသုံးသူပြည်သူများ သောက်သုံးရန်မသင့်သော တားမြစ်ဆေးများ၊ သက်တမ်းလွန်ဆေးများ၊ စပ်ဆေးများ ရောင်းချခြင်းမပြုရန်နှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးနိုင်မှု၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို သိရှိနားလည်ရန် အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့မှုအား ဆေးဆိုင်လုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းမှုကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့၍ လုပ်ငန်းရှင်(၂၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)