ပဲပုပ်သည် ကျန်းမာရေးနှင့်စီးပွားရေးရှုထောင့်အရ တန်ဖိုးရှိ၍ အရေးပါသည့် ပဲမျိုးစုံသီးနှံတစ်ခု ဖြစ်ပါသည်။ အသားဓါတ်ခေါ် ပရိုတိန်း(၄၀-၄၅)ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်ဆီ (၁၉-၂၀)ရာခိုင် နှုန်းပါဝင်ပါသည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာတွင်ရှိသည့် ဟင်းသီးဟင်းရွက်ဆီတစ်မျိုးဖြစ် ပါသည်။ ပဲပုပ်သည် ရှေးအကျဆုံး စားသုံးသီးနှံဖြစ်ပြီး ယနေ့ခေတ်တွင် အသုံးအဝင်ဆုံးသီးနှံအဖြစ် အောင်မြင်မှုရလျက်ရှိပါသည်။
ပဲပုပ်အဓိကစိုက်ပျိုးသည့်ဒေသမှာ ရှမ်းပြည်နယ်ဖြစ်၍ တစ်နိုင်ငံလုံးစိုက်ဧက၏ (၅၀)ရာခိုင် နှုန်း စိုက်ပျိုးပါသည်။ ကျန်ရှိဧရိယာများကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်တွင် သီးသန့်သော်လည်း ကောင်း၊ သီးညှပ်သီးနှံအဖြစ်လည်းကောင်း၊ အစေ့ထုတ်ပြောင်း၊ နေကြာတို့နှင့် ညှပ်၍လည်းကောင်း စိုက်ပျိုးကြပါသည်။ အောက်မြန်မာနိုင်ငံတွင် မြစ်ရေကျချိန် ကိုင်းကျွန်းများ၌ စိုက်ပျိုးကြပါသည်။ ပဲပုပ်သီးနှံကို အဓိက ပြည်တွင်းစားသုံးရန် စိုက်ပျိုးကြခြင်း ဖြစ်ပါသည်။
ပဲပုပ်ကို အပူချိန်အမျိုးမျိုးတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ အပင်ပေါက်ရန် လိုအပ် သည့်အနိမ့်ဆုံးအပူချိန်မှာ (၅)ဒီဂရီစင်တီဂရိတ်ဖြစ်၍ အမြင့်ဆုံးအပူချိန်မှာ (၄၀)ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ အပင်ပေါက်နှုန်းကောင်းရန် အသင့်တော်ဆုံးအပူချိန်မှာ ၂၀-၃၅ ဒီဂရီစင်တီဂရိတ်ဖြစ် ပါသည်။ ပဲပုပ်တွင် အဓိကအစိုဓါတ် လိုအပ်ချိန် (၂)ချိန် ရှိပါသည်။ ၎င်းတို့မှာ အစေ့မှအပင်ပေါက် ချိန်နှင့် သီးတောင့်အတွင်း အစေ့တည်ချိန်ဖြစ်ပါသည်။ စီးပွားဖြစ်စိုက်ပျိုးရာတွင် မိုးရေအားကိုးနှင့် သာစိုက်ပျိုးကြပါသည်။ အချို့ဒေသတွင် ထပ်မံလိုအပ်သည့် အစိုဓါတ်ကို ရေသွင်း၍ စိုက်ပျိုးကြပါ သည်။ အစေ့တည်ချိန်နှင့် အသီးရင့်မှည့်ချိန်တွင် စိုထိုင်းဆများခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကြောင့် အစေ့အရည်အသွေး ကျဆင်းစေနိုင်ပါသည်။
ပဲပုပ်သည် သဲသမမြေမှ မြေစေးမေအထိ မြေအမျိုးအစားမရွေး ဖြစ်ထွန်းနိုင်ပါသည်။ ရေစီးရေ လာကောင်း၍ ညီညာသော မျက်နှာပြင်ရှိရန် လိုအပ်ပါသည်။ မြေချဉ်ငံဓါတ် PH ၅.၅ ထက်လျော့နည်း ပါက အပင်ဖြစ်ထွန်းမှု အားနည်းပါသည်။ မြေချဉ်လျှင် ထုံးထည့်သွင်းရန် လိုအပ်ပါသည်။ ဆားငံပေါက် သည့်မြေတွင် အပင်ပေါက်မှု ဟန့်တားပါသည်။ ထယ်ရေးနက်နက် တစ်စပ်၊ ထွန် ၂-၃ စပ်နှင့် ကြမ်းတုံး ဖြင့် မြေစာခဲများချေခြင်း၊ ထယ်ရေးမျက်နှာပြင်ညီညာရန် ပြုပြင်ခြင်းလိုအပ်ပါသည်။ ပေါင်းကင်းရှင်း ပြီး ထွန်ရေးကောင်းခြင်းဖြင့် အပင်ပေါက်နှုန်းကောင်း၍ အစိုဓါတ် ထိန်းသိမ်းထားနိုင်ပါသည်။
ပဲပုပ်သည် နေ့တာတုန့်ပြန်မှုများခြင်းကြောင့် ပဲပုပ်မျိုးများ မစိုက်ပျိုးမီ မိမိဒေသ၊ စိုက်ပျိုး ချိန်ရာသီနှင့် ကိုက်ညီမှုရှိ/မရှိ စမ်းသပ်စိုက်ပျိုးရွေးချယ်ရန် လိုအပ်ပါသည်။ အဓိကစိုက်ပျိုးသော မျိုး များမှာ ရေဆင်း-၁၊ ရေဆင်း-၂၊ ရေဆင်း-၃နှင့် ရေဆင်း-၄ မျိုးများကို စိုက်ပျိုးကြပါသည်။ မိမိဒေသ နှင့်ကိုက်ညီမှုရှိ/မရှိ စမ်းသပ်စိုက်ပျိုးရွေးချယ်ပြီးမှသာလျှင် စီးပွားဖြစ်ကျယ်ပြန့်စွာ စိုက်ပျိုးသင့်ပါ သည်။ တောင်သူများသည် မိမိတို့လိုအပ်ချက်နှင့် ကိုက်ညီသည့်မျိုးကို ရွေးချယ်သင့်ပါသည်။
မျိုးစေ့နှုန်းထားသည် စိုက်တန်းပင်တန်းအကွာအဝေး၊ မျိုးစေ့အရွယ်အစားနှင့် အပင်ပေါက် နှုန်းပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။ အများအားဖြင့် အတန်းစိုက်အတွက် မျိုးစေ့နှုန်းထား တစ် ဧကလျှင် (၁၄)ပြည်မှ (၁၆)ပြည်အထိ အသုံးပြုကြ၍ ကြဲပက်စိုက်ပျိုးခြင်းအတွက် တစ်ဧကလျှင် (၁.၅)တင်းအထိ အသုံးပြုကြပါသည်။ ပဲပုပ်မစိုက်ပျိုးမီ အပင်ပေါက်နှုန်းကို ပထမဦးစွာ စမ်းသပ်ရပါမည်။ စိုက်ပျိုးမည့် မျိုးစေ့ကိုဇကာချ၍ အစေ့အရွယ်အစားကြီးသည့် မျိုးစေ့များ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။
အောက်မြန်မာပြည်တွင် ရေကျသည်နှင့်တပြိုင်တည်း ကိုင်းကျွန်းများတွင် ကြဲပက်စိုက်ပျိုး လေ့ရှိပါသည်။ အထက်မြန်မာပြည်တွင် ပဲပုပ်ကို မိုးကောင်းသောက်လယ်ယာသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ပဲပုပ် စိုက်ပျိုးရာတွင် အတန်းလိုက်(သို့မဟုတ်) ကျင်းစိုက် အသုံးပြုလေ့ရှိပါသည်။ အတန်းလိုက်စိုက်ပျိုးရန် သင့်တော်သည့် တန်ကြားပင်ကြားအကွာအဝေးမှာ သက်လျင်အပင်ပုမျိုး ၁၂-၁၈လက်မ၊ သက်ကြီး၊ အပင်မြင့်အပင်ကြီးထွားမှုကောင်းသည့်မျိုး ၂၄ လက်မနှင့် ပင်ကြားအကွာ အဝေး ၂-၃ လက်မ စိုက်ပျိုးလေ့ရှိပါသည်။ မျိုးစေ့ကို အတန်းအတွင်း လက်ဖြူးချ၍လည်းကောင်း၊ ကျွဲ၊ နွား၊ ထွန်စက်ဆွဲမျိုးစေ့ချကိရိယာ အသုံးပြု၍ စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့အတိမ်အနက် ၁-၂ လက်မရှိရပါသည်။ မျိုးစေ့နက်နက်စိုက်ပျိုးခြင်းဖြင့် အပင်ပေါက်ခြင်းနှင့် မြေပေါ်အစေ့အရွက်ထွက်ခြင်းကို များစွာထိခိုက်စေပါသည်။ တစ်ဧကလျှင် အသင့်တော်ဆုံးအပင်ဦးရေမှာ ၁၆၀၀၀၀ ဖြစ်ပါ သည်။ အပင်ဦးရေ ၁၆၀၀၀၀ မှ ၂၄၀၀၀၀ ထိလည်း စိုက်ပျိုးလေ့ရှိပါသည်။
ပဲပုပ်ကို ရှမ်းပြည်နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် အဓိကစိုက်ပျိုးလျက်ရှိသော်လည်း တစ်ပြည်လုံးရှိ သီးနှံပုံစံအမျိုးမျိုးတွင် ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။ အပူပိုင်းမိုးကောင်းသောဒေသများတွင် နှမ်း၊ ပဲတီစိမ်းနှင့် ပြောင်းတို့ကို မိုးဦးရာသီတွင် မေလနှင့် ဇူလိုင်လအတွင်း စိုက်ပျိုးပြီး ဩဂုတ်လဆန်းတွင် ရိတ်သိမ်းနိုင်ပါသည်။ ဩဂုတ်လအတွင်းတွင် မိုးလယ်စပါး၊ ပြောင်း၊ နှမ်း၊ ပဲတီ စိမ်းစသည်တို့ကို ထပ်မံစိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းပါသည်။ ပဲပုပ်ကို နိုဝင်ဘာလ တွင် မြေတွင်းကျန် အစိုဓါတ်ဖြင့် စိုက်ပျိုးပါသည်။ အပူပိုင်းဒေသ ဆည်ရေသောက်ရသည့် နေရာများ၌ ဖေဖော်ဝါရီလတွင် နွေစပါးကို စိုက်ပျိုးနိုင်ပြီး မေလတွင် ရိတ်သိမ်းပါသည်။ မိုးစပါးကို ဇွန်လတွင် စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရိတ်သိမ်းပါသည်။ ပဲပုပ်ကို သီးထပ်အဖြစ် ထပ်မံစိုက်ပျိုးပါသည်။
စိုက်ပျိုးချိန်သည် ဒေသကိုလိုက်၍ ကွဲပြားပါသည်။ အသင့်တော်ဆုံးစိုက်ပျိုးချိန်များမှာ မိုးကြို ရေသွင်းစိုက်ကို ဖေဖော်ဝါရီလ၊ မိုးဦးစိုက်ကို မေလ၊ မိုးလယ်စိုက်ကို ဩဂုတ်-စက်တင်ဘာလ၊ မိုးနှောင်းစိုက်ကို အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်ဖြစ်ပါသည်။ အပင်ပေါက်ကောင်းရန် စိုက်ချိန်အစို ဓါတ်ပြည့်ဝမှ စိုက်သင့်သည်။ နောက်ကျစိုက်ခြင်းသည် အပင်ကြီးထွားမှုနှင့် အထွက်နှုန်းကို ထိခိုက်စေပါသည်။
ပဲပုပ်အထွက်နှုန်း မြင့်မားရေးအတွက် ပေါင်းထိရောက်စွာ နှိမ်နင်းရန်လိုအပ်ပါသည်။ ပေါင်း မြက်သည် ပဲပုတ်နှင့်အပြိုင်ပေါက်၍ မြေတွင်းအစိုဓါတ် အာဟာရနှင့် နေရောင်ခြည်ကို ယှဉ်ပြိုင်စားသုံးသည့်အတွက်ကြောင့် ပဲပုပ်အထွက် ထိခိုက်စေနိုင်ပါသည်။ ပေါင်းမြက်မနှိမ်နင်းခြင်းကြောင့် အထွက်နှုန်း(၆၀)ရာခိုင်နှုန်းထိ လျော့နည်းသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ လက်ပေါင်းလိုက်ခြင်း (၂)ကြိမ်နှင့် ကြားပေါင်းလိုက်ခြင်းများကို စိုက်ပျိုးပြီး(၁၅)ရက်သားတွင်ပထမအကြိမ်၊ (၃၀)ရက်သား တွင် ဒုတိယအကြိမ် ဆောင်ရွက်သင့်ပါသည်။
ပဲပုပ်ရင့်မှည့်ပြီး အစိုဓါတ် ၁၃-၁၄ ရာခိုင်နှုန်းသို့ ရောက်ရှိလျှင် ရိတ်သိမ်းရန်သင့်တော်ပါ သည်။ အထွက်နှုန်း ဆုံးရှုံးရသည့်အဓိက အကြောင်းရင်းတစ်ခုမှာ ရိတ်သိမ်းသင့်ချိန်ထက် နောက်ကျ ၍ အစေ့များဆုံးရှုံးရခြင်းကြောင့်ဖြစ်ပါသည်။ ရင့်မှည့်ချိန်တွင် အတောင့်အရောင်မှာ ရွှေဝါရောင် ပြောင်းလဲပြီး အရွက်များဝါခြောက်၍ကြွေကျပါသည်။ သီးတောင့်များ၏(၉၅)ရာခိုင်နှုန်းမှာ ရင့်မှည့်လျှင် ရိတ်သိမ်းနိုင်ပါသည်။
ပဲပုပ်သည် အာဟာရပြည့်ဝသည့် သီးနှံဖြစ်ပါသည်။ လူ၊ တိရိစ္ဆာန်တို့အတွက် လိုအပ်သည့် အမိုင်နိုအက်ဆစ်ကို ပဲပုပ်အသားဓါတ်တွင် တွေ့ရှိရပါသည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာ တွင်ရှိ၍ ဆီထုတ်ပြီး ကျန်ရှိသည့် ကြိတ်ဖတ်တွင်လည်း အသားဓါတ်ပါရှိခြင်းကြောင့် တိရိစ္ဆာန် အစား အစာအဖြစ် အသုံးပြုကြပါသည်။ ပဲပုပ်မှ စားသောက်ကုန်မျိုးစုံ ထုတ်လုပ်နိုင်ပါသည်။ ပဲပုပ်အမှုန့် ကိုမုန့်ဖုတ်လုပ်ငန်းများတွင် အသုံးပြုကြပြီး ပေါင်မုန့်၊ ဘီစကွတ်၊ ချိုချဉ်အစရှိသည်များတွင် ထုတ် လုပ်ရန်လည်းကောင်း၊ နို့ထွက်ပစ္စည်းများဖြစ်သည့် ပဲပုပ်နို့၊ ထောပတ်၊ ဒိန်ချဉ်၊ ရေခဲမုန့် ပြုလုပ် ရာတွင်လည်းကောင်း၊ ပဲပုပ်ကို အချဉ်ဖောက်၍ ငံပြာရည်၊ မီဆော၊ တို့ဟူး၊ ပဲပြားခြောက်၊ အစို ပြုလုပ်ရန်လည်းကောင်း အသုံးပြုကြပါသည်။ ပဲပုပ်စေ့ကိုလှော်၍ ပဲပုပ်စေ့လှော်ကို သားရေစာ အဖြစ်လည်းကောင်း၊ ပဲပုပ်စေ့အမှုန့်ကြိတ်၍ ကော်ဖီမှုန့်ပြုလုပ်၍လည်းကောင်း စားသုံးနိုင်ပါသည်။ အသားတု၊ ကလေးနို့မှုန့်နှင့် အဖျော်ယမကာထုတ်လုပ်သည့် လုပ်ငန်းများတွင်လည်း အသုံးပြုနိုင် ပါသည်။ ပဲသီးအစိမ်းကို သားရေစာအဖြစ်ပြုတ်၍ စားသုံးနိုင်ပါသည်။
ပဲပုပ်ဆီကို လူတို့စားသုံးရန်သာမက စက်မှုကုန်ကြမ်း ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြု နိုင်ပါသည်။ သံချေးမကိုက်အောင် ပြုလုပ်ရာတွင်လည်းကောင်း၊ ရောင်စုံခဲတံ၊ အလှဆီ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပုံနှိပ်မင်၊ အိမ်သုတ်ဆေး၊ မိုးရေခံဘိလပ်မြေ ထုတ်လုပ် ရာတွင်လည်းကောင်း၊ လျှပ်စစ်ပစ္စည်း အကာအကွယ်ပစ္စည်း၊ ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရာတွင်လည်း ကောင်း အသုံးပြုကြပါသည်။
ပဲပုပ်ဆီ၏ ဘေးထွက်ပစ္စည်းဖြစ်သည့် လက်စီသင်ခေါ်သည့် ဓါတုပစ္စည်းကို စားသောက် ကုန်လုပ်ငန်းများတွင်သာမက ဆေးဝါးပစ္စည်းများထုတ်လုပ်ရန် အသုံးပြုနိုင်ပါသည်။ ပဲပုပ်မှထုတ် လုပ်သည့် စားသောက်ကုန်များသည် ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုနည်း၍ ဆီးချိုရောဂါရှိသူများ စားသုံး ရန်သင့်တော်ပါသည်။ ပဲပုပ်တွင် သက်စောင့်ဓါတ် ဗိုက်တာမင်အေ၊ ဒီနှင့် ဘီတို့ ပါဝင်သည့်အပြင် ကယ်စီယမ်၊ ဖောလစ်အက်ဆစ်နှင့် သံဓါတ်လည်းပါဝင်ပါသည်။ ပဲပုပ်သည် သွေးတိုးကျစေ၍ နှလုံး ရောဂါကို ကာကွယ်ပေးပါသည်။
ပဲပုပ်သီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လျာထားချက်မှာ မိုး ၁,၇၅၀ ဧက၊ ဆောင်း ၃၅,၀၀၀ ဧက၊ စုစုပေါင်း ဧက ၃၆,၇၅၀ ရှိပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလလယ်အထိ ကလေးခရိုင်တွင် ၁၁,၄၈၇ ဧက၊ စစ်ကိုင်းခရိုင်တွင် ၉,၉၃၄ဧက၊ မော်လိုက်ခရိုင်တွင် ၇,၄၅၁ ဧက၊ ကသာခရိုင်တွင် ၅,၃၉၂ ဧက နှင့် ကျန်ခရိုင်များတွင် ၂,၃၃၃ ဧက စုစုပေါင်း ၃၆,၅၉၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရှိရပါသည်။
ပဲပုပ်သီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် ပေါ်ထွက်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး တွင် စိုက်ပျိုးခဲ့သည့် ၃၄,၉၅၉ဧက အနက် ဖေဖော်ဝါရီလအထိ ၂၆,၇၇၃ ဧက ရိတ်သိမ်း ပြီးစီး ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရပါသည်။
ပဲပုပ် တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် (၁၅၀၀၀၀)ကျပ်ခန့် ကုန်ကျပါကြောင်း၊ တစ်ဧက အထွက်တင်း(၁၇)တင်းထွက်ရှိပါသဖြင့် တစ်တင်းဈေးနှုန်း (၆၀၀၀၀)ကျပ်ရှိပါသဖြင့် တစ်ဧက ဝင်ငွေ (၁၀၂၀၀၀၀) ရရှိပါကြောင်းနှင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် (၈)သိန်းကျော် ရရှိပါသဖြင့် တောင်သူများအတွက် တွက်ခြေကိုက်သည့် သီးနှံဖြစ်ပါကြောင်း ဆူးလေကုန်းကျေးရွာ၊ ကျွန်းသာယာကျေးရွာ၊ ကျက်သွန်ဈေးကျေးရွာရှိ တောင်သူများထံမှ လေ့လာသိရှိရပါသည်။
သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပေါ်ဆန်းဆိုလျှင် ရွှေဘိုပေါ်ဆန်း၊ သနပ်ခါးဆိုလျှင် အရာတော်သနပ်ခါးကဲ့သို့ ပဲပုပ်ဆိုလျှင် ရေဦးပဲပုပ်ဆိုပြီး လူကြိုက်များကာ နာမည်ရသည့် သီးနှံတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)