Main menu

စစ်ကိုင်းမြို့၏ ကျောက်စိမ်းအချောထည်လုပ်ငန်း

Powered by Drupal

     မြန်မာနိုင်ငံသည် သယံဇာတပစ္စည်းပေါများကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ အဖိုးတန်ရတနာများမှာ ဆန်စပါး၊ ကျွန်းသစ်၊‌ တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုများဖြစ်သော ရွှေ၊ ငွေ၊ ခဲ၊ ကြေးနီ၊ သံဖြူ၊ သွပ်၊ ခနောက်စိမ်း၊ ကျောက်မီးသွေး၊ ပယင်း၊ ကျောက်စိမ်း၊ ကျောက်မျက် ရတနာများ၊ ရေနံနှင့် ‌ မုတ်ကောင်မှရရှိပြီး ရေထွက်ပစ္စည်းဖြစ်သည့် ပုလဲတို့ဖြစ်ပါသည်။

    မြန်မာ့ရတနာများအနက် ကျောက်စိမ်းရတနာအကြောင်း ရေးသားတင်ပြမည်ဆိုလျှင် ၁၉၆၇ ခုနှစ်၊ ဧပြီလ(၆)ရက်နေ့ထုတ် သတင်းစာတွင် အမြင့်ပေ ၃၀ခန့်နှင့် ပတ်လည်ပေ ၈၀ခန့်ရှိသည့် ကျောက်စိမ်းတောင်ကြီးတစ်ခုကို ဓာတ်သတ္တုရှာဖွေထုတ်လုပ်ရေးကော်ပိုရေးရှင်းက ရှာဖွေတွေ့ရှိကြောင်း၊ မြေပေါ်တွင် တန်ချိန် နှစ်ထောင်ကျော်ခန့်ရှိပြီး မြေအောက်တွင် ယခုထက်ထုထည်ကြီးစွာ တည်ရှိလိမ့်မည်ဟုခန့်မှန်းကြောင်း ဖော်ပြထားလေသည်။

    ကျောက်စိမ်း၏အရည်အသွေးနှင့် စပ်လျဉ်း၍ ကမ္ဘာအရပ်ရပ်မှထွက်ရှိသော ကျောက်စိမ်းများမှာ ကျောက်စိမ်းဟုအမည်ခံသော်လည်း အလွန်နုပြီး စံမမီကြောင်း၊ မြန်မာပြည်မှထွက်သော ကျောက်စိမ်းသည် ကျောက်စိမ်းစစ်စစ်ဖြစ်သည်ဟူ၍ ကျွမ်းကျင်သူ သိပ္ပံသုတေသီများက မှတ်ချက်ပြုထားသောကြောင့် ဤကမ္ဘာတွင် မြန်မာနိုင်ငံသည် ကျောက်စိမ်း စစ်စစ်ထွက်သည့် တစ်ခုတည်းသော ရတနာမြေဖြစ်သည်ဟု ဂုဏ်ယူရမည်ဖြစ်သည်။

      ကျောက်စိမ်းသည် နှစ်ထောင်ပေါင်းများစွာကပင် အရှေ့တိုင်းသားတို့၏ နှလုံးအိမ်၌ ဝင်ရောက်နေရာယူပြီး တန်ဖိုးထားမှု အတိုင်းအတာအားဖြင့် မြင့်မားခဲ့သောကျောက်ဖြစ်သည်။ တရုတ်လူမျိုးတို့သည် ကျောက်စိမ်းအား ဝတ်ဆင်မှုသာမက လက်နက်ကိရိယာများအား တန်ဆာ ဆင်ရာ၌ အသုံးပြုခဲ့ပြီး၊ ကျောက်မျက်တို့၏ အချုပ်အခြာအဖြစ်သတ်မှတ်ခဲ့သည်။ ကျောက်စိမ်း ဝတ်ဆင်သူတို့သည် ရဲစွမ်းသတ္တိရှိခြင်း၊ သဒ္ဒါတရားထက်သန်ခြင်း၊ တရားမျှတသော စိတ်ရှိခြင်း၊ မိမိ ကိုယ်မိမိ နှိမ့်ချသောနိဝါတတရားရှိခြင်း၊ အသိအလိမ္မာဉာဏ်ပညာကြီးမားခြင်းဟူသော ဂုဏ်များဖြင့် ပြည့်စုံသည်ဟု အယူအဆရှိကြသည်။ ကျောက်စိမ်းအားအမှုန့်ကြိတ်၍ ရေနှင့်သောက်ပါက ခန္ဓာကိုယ်အတွင်းရှိ ရောဂါဘယအမျိုးမျိုး ပျောက်ကင်းပြီး မောပန်းနွမ်းနယ်ခြင်းမှ ကင်းဝေးစေခြင်း၊ အသက်ရှည်ခြင်း စသောအာနိသင်များ ပြည့်စုံသည်ဟု ယုံကြည်ကြသည်။ ရှေးတရုတ်ဘုရင်များ လက်ထက်က မှူးကြီးမတ်ရာ သေနာပတိတို့သည် ရာထူးဂုဏ်ထူး အဆင့်အတန်းအလိုက် ကျောက် စိမ်းအမျိုးမျိုး ဝတ်ဆင်ခဲ့ကြသည်။ ထို့ကြောင့် ကျောက်စိမ်းသည် ဝတ်ဆင်သူ၏ အဆင့်အတန်းကိုလည်း ဖော်ပြပေသည်။ ထို့အပြင် ကျောက်စိမ်းများအား ဘာသာရေးနှင့်ဆိုင်သော အဆောင်ယတြာပစ္စည်းအဖြစ်လည်းကောင်း၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ သင်္ကေတအမှတ်အသား များအဖြစ်လည်းကောင်း  အသုံးပြုကြပြန်သည်။ ကျောက်စိမ်းလက်ဝတ်ရတနာများသည်များသောအားဖြင့် လက်ကောက်များ၊ လက်စွပ်များ၊ လည်ဆွဲပုတီးများဖြစ်ရာ ဝတ်ဆင်သူအတွက် နူးညံ့သောအာရုံခံစားမှုကို ရရှိစေသည်ဟုလည်း ဆိုကြပါသည်။

       ကျောက်စိမ်းကို အင်္ဂလိပ်ဘာသာဖြင့် Jade ဂျိတ်ဟုခေါ်သည်။ ကျောက်စိမ်းတွင် Jadeite  နှင့် Nephrite ဟူ၍ နှစ်မျိုးရှိသည်။ ထိုဂျေးဒိုက်နှင့် နက်ဖရိုက် နှစ်မျိုးလုံးကို ကျောက်စိမ်းဟုခေါ် ပြီး နှစ်ပေါင်းများစွာကပင် သုံးစွဲလာကြသည်။

      ဓာတုဖွဲ့စည်းပုံအရ ဂျေးဒိုက်ကျောက်စိမ်းသည် ဆိုဒီယမ် အလူမီနီယမ် ဆီလီကိတ်ဖြစ်ပြီး၊ နက်ဖရိုက်ကျောက်စိမ်းသည် ကယ်လ်ဆီယမ် မဂ္ဂနီ ဆီယမ်၊ သံနှင့်ရေ ပါဝင်သော ဆီလီကိတ်ဖြစ်သည်။ ဂျေးဒိုက်ကျောက်စိမ်းသည် လက်ယှက်ထိုး ပုံဆောင်ခဲလေးများနှင့် ဖွဲ့စည်းထားသဖြင့် ချိုင့်ခွက်လေးများ မျက်နှာပြင်၌ရှိနေပြီး၊ နက်ဖရိုက် ကျောက်စိမ်းသည် လက်ယှက်ထိုး အမျှင်လေးများဖြင့် ဖွဲ့စည်းထားသဖြင့် အမျှင်လိုက် အနေ အထားရှိကာ အမဲဆီရောင်ထနေတတ်သည်။ ကျောက်စိမ်းတွင် အစိမ်းရောင်အပြင် အခြားအရောင် များအနေဖြင့် အဖြူရောင်၊ နို့နှစ်ရောင်၊ အရောင်မဲ့၊ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အညိုရောင်၊ ပန်းရောင်နှင့်  ခရမ်းရောင်များ ရှိကြပေသည်။ ကျောက်စိမ်း အမျိုးအစားများမှာ မြရည်၊ ရွှေလု၊ မော်စစ်စစ်၊ လက်ရည်၊ ခွန်ဖိ၊ ကျောက်သား၊ အသားပိဟ်၊ ပန်းသာ၊ ကျောက်မဲ၊ မဲဆွေးမှု၊ လန့်ဆွေး၊ တောမော်၊ ဘော်ဘီဆွေး တို့ဖြစ်သည်။ ကျောက်စိမ်းကို မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့၏ မြောက် ဘက်နှင့် အနောက်မြောက်ဘက်ရှိ ဖားကန့်၊ တောမော်၊ ပန်းမားချိုက် ဒေသများ၌ အများအပြား တူးဖော်ရရှိပါသည်။

စစ်ကိုင်းမြို့၏ ကျောက်စိမ်းအချောထည်လုပ်ငန်း

       စစ်ကိုင်းမြို့တွင် ကျောက်စိမ်းအချောထည်လုပ်ငန်းကို လုပ်ကိုင်သူ(၁၃၀၀)ဦး ကျော်ရှိကြောင်း သိရှိရပါသည်။ ကုန်ကြမ်းများကို ဖားကန့်မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း (B)အဆင့် ဖြစ်သည့် အရည်အသွေး အနည်းငယ်ညံ့သည့် ကျောက်စိမ်းအရိုင်းတုံးများကို ကြိုက်ရောင်း၊ ကြိုက် ဝယ်ဈေးများဖြင့် ပီနံအိတ်တစ်အိတ်လျှင် ကျပ် ၅သောင်းမှ  ကျပ် ၁သိန်းကျော်၊ ထော်လာဂျီတစ် စီးလျှင်ကျပ် ၂သိန်းမှ ကျပ် ၃သိန်း ဈေးများဖြင့် ဝယ်ယူပြီး၊ ကျောက်ဖြတ်ခြင်း၊ ကျောက်သွေးခြင်း၊ အရောင်တင်ခြင်း၊ အပေါက်ဖောက်ခြင်း၊ ကြိုးသီခြင်းလုပ်ငန်းများကို မိသားစုများအပါအဝင် အမျိုးသား/အမျိုးသမီး လုပ်သား နေ့စား(သို့မဟုတ်)လစာများကို ငှားရမ်း၍ အိမ်တွင်းတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်ကြပါသည်။ ကျောက်စိမ်းအချောထည်အဖြစ် စိတ်ပုတီး၊ လည်ဆွဲ၊ လက်ပတ်၊ ပန်းပု စသည့်ထုတ်ကုန်များကို အရည်အသွေးနှင့် အရွယ်အစားပေါ်မူတည်၍ စိတ်ပုတီး(၉)လုံးပါ တစ်ကုံးလျှင် ကျပ် ၈ထောင်မှ ကျပ် ၁သောင်း၊ စိတ်ပုတီး(၁၀၈)လုံး ပါ တစ်ကုံးလျှင်  ကျပ် ၇ထောင်မှ ကျပ် ၂သောင်း၊ လည်ဆွဲပုတီး ကျပ် ၁သောင်းခွဲမှ ကျပ် ၄သိန်း၊ လော့ကတ်သီးတစ်ခုလျှင် ကျပ် ၁သောင်းမှ ၁သိန်း၊  လက်ပတ်ကြိုး တစ်ခု ကျပ် ၃ထောင်မှ ကျပ် ၅ထောင် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြသည်။ လုပ်ငန်းရှင်အနည်းစုက ကျောက်စိမ်းအရိုင်းတုံးများကိုလည်း အရောင်းအဝယ်ပြုလုပ်ရာ၌ အတွေ့အကြုံနှင့် စိတ်ခံစားချက်အပေါ်မူတည်၍ ကျောက်စိမ်း၏တန်ဖိုးကို ဈေးဖြတ်ကြ သည်။ ကျောက်စိမ်း အချောထည်များကို အိမ်၌ ရောင်းလက်/ဝယ်လက် အရောင်းအဝယ်ပြု လုပ်သည့်အပြင်  ဘော်ဂါရပ်ကွက်၊ ဘော်ဂါကျောက်ဝိုင်း၌လည်း အရောင်းအဝယ်ပြုလုပ်ကြပါသည်။ ရောင်းချသည့် ဆိုင်ခန်းပေါင်း(၆၅)ခန်းကျော်ရှိပြီး၊ မန္တလေးမြို့နှင့် မုံရွာမြို့များမှ လာရောက် ဝယ်ယူခြင်းနှင့် ကျောက်စိမ်းအချောထည် လုပ်ငန်းရှင်များ၏ ဖောက်သည်များရှိသည့် မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် ရှမ်းပြည်နယ်(အရှေ့)သို့ တင်ပို့ ရောင်းချလျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်မှ ဦးစီးကျင်းပသည့် ပြည်တွင်း/ပြည်ပ ပြပွဲ၊ ဈေးရောင်းပွဲတော်များတွင် စစ်ကိုင်းမြို့၏ လုပ်ငန်းရှင်များက ပူးပေါင်းလိုက်ပါ၍ ပြပွဲနှင့် ရောင်းချခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြသည်။

အကြံပြုတင်ပြချက်

    စစ်ကိုင်းမြို့ ‌ကျောက်စိမ်းအချောထည် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ပုတီး၊လည်ဆွဲ၊ လက်ပတ်၊ ပန်းပု စသည့်ကုန်ချောပစ္စည်းများအတွက် ခိုင်မာသည့် ဈေးကွက်တစ်ခု ရရှိသင့်ပါကြောင်း၊  ဘော်ဂါကျောက်ဝိုင်းတွင် အရောင်းအဝယ်ပြုလုပ်ခြင်းကို ဦးစီးကြပ်မတ် ဆောင်ရွက်ပေးမည့် ကော်မတီအဖွဲ့အစည်းတစ်ခု ရှိရန်လိုအပ်ပါကြောင်း၊ အရောင်းအဝယ်ပြဿနာ ဖြစ်ပေါ်ပါက ဆုံးဖြတ်ဖြေရှင်းပေးနိုင်ရန်နှင့်   နိုင်ငံတော်မှ အတိုးနှုန်းသက်သာသော ချေးငွေများ ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ ဈေးကွက်နှင့် ချေးငွေကူညီပံ့ပိုးမှုများ ရရှိမည်ဆိုပါက နိုင်ငံတော်အတွက် အခွန် အခဝင်ငွေများ ပိုမိုရရှိနိုင်မည်အပြင် အလုပ်အကိုင်အခွင့်အလမ်းများမှာလည်း ပိုမိုများပြားလာမည်ဖြစ်ပါကြောင်း လုပ်ငန်းရှင်များ၏ကိုယ်စား ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

ကိုးကားသောစာအုပ်- (၁) မြန်မာ့ရတနာများ၊ ရေးသားသူ ရှင်ဗုဒ္ဓဃေသ ဦးဘသန်းနှင့်       မောင်ဇနိယ(၁၉၆၇)

(၂)မှတ်မှတ်သားသား ကျောက်မျက်ရတနာများ၊ ရေးသားသူ ကျောက်ရိုင်း(ဘူမိ)(၂၀၂၂)