ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး (SSSCCI) ခန်းမ၌ (၁၅-၆၃-၂၀၂၃) ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို အစီအစဉ် (၇)ရပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ နံနက် (၉:၃၀) အချိန်တွင် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး ရှမ်းတိုင်းရင်းသာရိုးရာ ကိန္နရီ ကိန္နရာ အကများ ၊ တိုးနယားအကအလှများဖြင့် ဂုဏ်ပြု ကပြဖျော်ဖြေခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌ ၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အခမ်းအနား ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်၊ ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “ စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့ ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အနာဂတ်တွင် စားသုံးသူအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဗွီဒီယိုဖိုင်များ ပြသခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးဦးတင့်လွင်ဦးက စားသုံးသူရေးရာအကြောင်းသိကောင်းစရာများကို ရှင်းလင်းတင်ပြဆွေးနွေး၍ မှတ်တမ်းတင်ဓါတ်ပုံများကို ရိုက်ကူးကာ အခမ်းအနားကို နေ့လယ်(၁၁:၀၀) အချိန်ခန့်တွင် ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ ဧည့်သည်တော် (၁၈၉) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများမှ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် စားသုံးသူရေးရာပြခန်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးပြခန်း၊ ဓနုအလေးလက်ဖက်ခြောက်/ ကော်ဖီပြခန်း၊ Shan Orchard ထောပတ်ထုတ်ကုန်ပြခန်း၊ Borderless Farm တိုင်းရင်းဆေးထုတ်ကုန်ပြခန်း၊ မြန်မာဘဲလ် သီးနှံအခြောက်ခံထုတ်ကုန်ပြခန်း ၊ NKH ကွမ်းသီးဖက်ဖြင့် ပြုလုပ်သော တစ်ခါသုံး ထုတ်ကုန်ပြခန်းနှင့် ကောင်းကောင်းသဘာဝမြေဩဇာပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)