စားသုံးသူများကို အကာအကွယ်ပေးနိုင်မည့်အခွင့်အရေးတစ်ခုကို အမေရိကန်သမ္မတ John F Kennedy က ၁၉၆၂ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် ကွန်ဂရက်တွင်ကြေငြာခဲ့ပါသည်။ ၁၉၈၅ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပသော Consumer Conference တွင် စားသုံးသူအခွင့်အရေး (၈) ရပ် ပြဌာန်းသဘောတူညီမှုရခဲ့ပြီး မတ်လ(၁၅) ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အဖြစ်သတ်မှတ်ကာ အထိမ်းအမှတ်ဆောင်ပုဒ်များဖော်ဆောင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုနေ့ရောက်တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြသည်မှာ ယနေ့ထိပင်ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့” (Empowering Consumers Through Clean Energy Transitions) ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၆ ခုနှစ်ကပင် စတင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားနှင့် Media Campaign များ ကျင်းပပြုလုပ်လာခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်လည်း စားသုံးသူအရေးလှုပ်ရှားမှုများ ပြုလုပ်လာကြပါသည်။
၂၀၂၃ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် စစ်တွေခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် မတ်လ (၁၅) ရက်နေ့ နံနက် (၇:၃၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးတွင် လမ်းဖြတ်ပို့စတာအသုံးပြု၍ လမ်းသွားလမ်းလာအများပြည်သူများအား ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်၊ စတစ်ကာများကပ်ခြင်း(ကား/ဆိုင်ကယ်)၊ Pamphlets များ ဖြန့်ဝေခြင်း၊ စစ်တွေမြို့ပေါ်ရှိ ဈေးများ၊ ဆေးဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များသို့ သွားရောက်ပြီး စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ရမည့်အချက်များအား သိရှိစေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)