ကမ္ဘာပေါ်တွင် မည်သည့်ပစ္စည်းတွင်မဆို တိုင်းတာမှုစနစ်ရှိပါသည်။ အချိန်ကိုနာရီဖြင့် တိုင်းသည်။ အကွာအဝေးကို မိုင် သို့မဟုတ် ကီလိုမီတာဖြင့် တိုင်းသည်။ တချို့ပစ္စည်းများကို ထုထည်အပြင် အလေးချိန်နှင့်ပါတိုင်းသည်။ ဥပမာအားဖြင့် ကားဂိတ်သို့ ပစ္စည်းသွားပို့လျှင် ထုထည်ကြီးပြီး အလေးချိန်မစီးသောကုန်ပွများနှင့် ထုထည်သေးပြီး အလေးစီးသည့်ကုန်မာများ၏ ကုန်ခသတ်မှတ်ချက်မှာ ကွာခြားပေလိမ့်မည်။
လူတစ်ဦး၏တန်ဖိုးကို မည်သို့တိုင်းတာမည်နည်း။ အရပ်နှင့်တိုင်းတာမည်လား။ အလေးချိန်နှင့်တိုင်းတာမည်လား။ ရုပ်ရည်ဖြင့်တိုင်းတာမည်လား။ ပညာဖြင့်တိုင်းတာမည်လား။ ပိုင်ဆိုင်မှုဖြင့်တိုင်းတာမည်လား။ အတန်းပညာဖြင့်တိုင်းတာမည်လား။ တန်ဖိုးဖြတ်နည်းအမျိုးမျိုးရှိလိမ့်မည်။
ကုန်သွယ်မှုစနစ်ဆိုသည်မှာ ဈေးကွက်၏ အခါအားလျော်စွာဖြစ်ပေါ်တတ်သောအားနည်းချက်ကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်ရန် စနစ်တကျတည်ဆောက်ထားသော အစီအစဉ်တစ်ရပ်ဖြစ်ပါသည်။ ကုန်သွယ်မှုစနစ်တွင်လည်း တိုင်းတာပုံတိုင်းတာနည်း၊ တန်ဖိုးဖြတ်နည်းအမျိုးမျိုးရှိသည်။ ရေရှည်၌ အမြတ်ရသောစနစ်အချင်းချင်းတွင်လည်း အတိုင်းအတာများကွာခြားနေတတ်သည်။ ထိုအတိုင်းအတာကွာခြားမှုအပေါ်တွင်အခြေခံ၍ မိမိ၏ငွေကြေးစီမံခန့်ခွဲမှုကို ပြင်ဆင်ရပေလိမ့်မည်။ စစ်ဆိုသည်မှာ “မတိုက်ခင်ကတည်းက နိုင်ပြီးပြီ”ဟု စစ်သူကြီး ဆွန်ဇူးကပြောခဲ့သည်။ ရန်သူ၏တိုက်ကွက်ကိုသိနေပြီး မိမိဘက်က ပြင်ဆင်ထားလျှင် မိမိတို့တိုက်မည့်စစ်သည် မအောင်မြင်နိုင်စရာအကြောင်းမရှိချေ။
သို့သော် ကုန်သွယ်မှုဆိုသည်မှာ ဘောလုံးအားကစားနည်းနှင့်ဆင်တူပါသည်။ ဘောလုံးကစားနည်း၏စည်းစနစ်များ၊ နည်းစနစ်များကို နားလည်ရုံမျှဖြင့် နေ့ချင်းရက်ချင်းအောင်မြင်သော ဘောလုံးသမားတစ်ဦးဖြစ်လာမည်မဟုတ်ချေ။ ထိုနည်းစနစ်များကို အသဲထဲစွဲသွားအောင် ဝီရိယဖြင့်လေ့ကျင့်မှသာ အောင်မြင်မှုရရှိပါလိမ့်မည်။ “Less is more” ဟူ၍ ဆိုစကားရှိပါသည်။ နည်းနည်းကစားသောသူသည် မြတ်သည်။ ကုန်သွယ်မှုပြုခြင်းသည်လည်း စက်သေနတ်ပစ်သကဲ့သို့ အဆက်မပြတ် တွေ့ရာလျှောက်ပစ်နေခြင်းမဟုတ်ပါ။ Sniper သမားလို မိမိ၏သားကောင်ကို သေချာချိန်ရွယ်ပြီးမှ ခလုတ်နှိပ်ရသောအလုပ်ဖြစ်ပါသည်။ စိတ်ငြိမ်အောင်ကြိုးစားရမည်။ ထို့ကြောင့် မိမိသုံးမည့်ဈေးကစားနည်းသည် ဈေးကွက်တွင် ရေရှည်ကစား၍ အလုပ်ဖြစ်/မဖြစ် စစ်ဆေးရမည့် အလုပ်သည် အောင်မြင်သော Trading ၏ ပထမဆုံးခြေလှမ်းဖြစ်ပါသည်။
အောင်မြင်သော Trader များတွင် တူညီသောလက္ခဏာတစ်ခုရှိပါသည်။ ယင်းမှာ ထိုသူတို့၏ စည်းကမ်းရှိမှုအဆင့်အတန်းများမှာ မြင့်မားခြင်းဖြစ်သည်။ ဉာဏ်ရည်ဉာဏ်သွေးအလွန်မြင့်မားခြင်း၊ အတန်းပညာမြင့်မားခြင်းတို့သည် Trading လောကတွင် အောင်မြင်ခြင်းနှင့် တိုက်ရိုက်အချိုးမကျပေ။ စည်းကမ်းပိုင်းအဆင့်မြင့်မားခြင်းသည် အောင်မြင်စေသောအရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါသည်။
မှတ်တမ်းမှတ်ရာများထား၍ Trade လုပ်ခြင်းသည် အောင်မြင်မှုအတွက်အက္ခရာကျပါသည်။ မိမိ၏ လက်ရှိအဆင့်အတန်းကိုတိုင်းတာဖို့ရန် ကောင်းမွန်စနစ်ကျသော Trade မှတ်တမ်းများလိုအပ်ပါသည်။ မိမိက ကောင်းသည်ဟုယူဆသော Trade ကိုလုပ်လိုက်မည်။ နိုင်လျှင် အမြတ်ယူလိုက်မည်။ ရှုံးလျှင် မေ့ပစ်လိုက်မည်ဆိုသောအကျင့်သည် အောင်မြင်သူတို့၏ အလေ့အကျင့်မဟုတ်ပေ။ မိမိလုပ်ခဲ့သော Trade တစ်ခုချင်းစီ၏အကြောင်းကို သေသေချာချာ မှတ်တမ်းတင်ထားခြင်းသည် အောင်မြင်လိုသူအတွက် အရေးကြီးသောအချက်တစ်ချက်ဖြစ်ပါသည်။
Trade မှတ်တမ်းများသည် မိမိအသုံးပြုခဲ့သော အညွှန်း (Indicator) များထက် အရေးကြီးပါသည်။ မိမိအသုံးပြုနေသော Trading System ၏ ဟာကွက်များ၊ မိမိ၏ဆုံးဖြတ်ချက်မှားယွင်းမှုများကို မှတ်တမ်းများအား ပြန်လည်လေ့လာပြီးတွေ့ရှိနိုင်ပါသည်။ သင်ခန်းစာယူနိုင်ပါသည်။ မိမိလုပ်ခဲ့သော Trade များကို အသေးစိတ်မှတ်တမ်းတင်ထားသူများသည် အောင်မြင်သော Trader တစ်ယောက်အဖြစ်သို့ တစ်ဆင့်တက်ခြင်းပင်ဖြစ်ပါသည်။ အတိတ်ကို မေ့ပစ်မရ။ အတိတ်ကအမှားများကို လေ့လာရမည်။ မလေ့လာလျှင် အမှားကို ထပ်လုပ်မိလိမ့်မည်။ မှတ်တမ်းကောင်းကောင်းရေးထားလျှင် အတိတ်ကအမှားများမှ သင်ခန်းစာယူနိုင်ပါသည်။ ဈေးကွက်က မိမိကိုတစ်ချက်ထိုးခဲ့ဖူးလျှင် “ထိုတစ်ချက်သည် မည်သည့်ဟာကွက်ကဝင်လာသနည်း”ဆိုသည်ကို မှတ်တမ်းများက ပြန်ပြောနိုင်ပါသည်။ နောက်တစ်ခါမမှားရအောင် ရှောင်နိုင်ပါသည်။
မှတ်တမ်းဆိုသည်မှာ အဖြစ်အပျက်များ၊ အပြုအမူများကို စနစ်တကျရေးသား သိမ်းဆည်းထားခြင်းဖြစ်ပါသည်။ မှတ်တမ်းထားခြင်း၏ရည်ရွယ်ချက်မှာ အနာဂတ်ကာလတွင် အတိတ်ကို ပြန်လည်သုံးသပ်ရန် ဖြစ်ပါသည်။ အတိတ်ကိုပြန်လည်သုံးသပ်ရခြင်းမှာ မိမိ၏ပျော့ကွက်၊ မှားကွက်များကိုရှာဖွေ၍ လိုအပ်လျှင် ပြန်လည်တည့်မတ်ပေးရန်ဖြစ်သည်။ တိုးတက်အောင်မြင်မှုပြုလုပ်ရန်ဖြစ်ပါသည်။ Trading System များကို လေ့လာကြရာတွင် Trading Rule များကို ချမှတ်ကြသည်။ သို့သော် လက်တွေ့တွင် အတိအကျမလိုက်နာတတ်ကြပေ။ စိတ်လှုပ်ရှားမှုအပေါ်မူတည်၍ ဈေးကွက်ကိုတုံ့ပြန်ကြသည်။ ရှုံးလျှင် မေ့မေ့ပျောက်ပျောက်ပစ်ထားလိုက်ကြသည်။ စနစ်တကျမှတ်တမ်းမတင်ထားတတ်ကြ။ ထို့ကြောင့်လည်း ဈေးကွက်ထဲ၌ အရောင်းအဝယ်သမားများသည် ထိုသူ့ကို အပြစ်တင်၊ ဒီသူ့ကို အပြစ်တင်ခြင်းများလုပ်ကာ ပျောက်ကွယ်သွားကြသည်။ ဈေးကွက်ကိုဝင်လျှင် ငွေကိုရင်းရသည်။ ချွေးသွေးနှင့် ရှာထားသောငွေများကို အရင်းအနှီးပြုရသည်။ ထို့ကြောင့် ဈေးကွက်သို့ဝင်လျှင် ပွဲဈေးတန်းမှာ အံစားထိုးသကဲ့သို့ မလုပ်ဖို့ရန်လိုပါသည်။ Business ကဲ့သို့ စိတ်ဓာတ်မွေးမြူရမည်။ မှတ်တမ်းမှတ်ရာထားရမည်။ Trading Journal ဆိုသည်မှာ မိမိ Trade များကို တန်းစီ၍ စနစ်တကျမှတ်တမ်းတင်ထားပြီး မိမိဖြစ်မှု၊ မဖြစ်မှုကို တိုင်းတာနိူင်ရမည်။
Diary ရေးသားခြင်း၏ ပထမအကြောင်းရင်းမှာ လူသားများ၏မှတ်ဉာဏ်သဘာဝနှင့် သက်ဆိုင်သည်။ သာမန်လူသားတို့၏မှတ်ဉာဏ်သည် အတိုင်းအတာတစ်ခုထိသာ မှတ်သားနိုင်စွမ်းရှိသည်။ မိမိကစားခဲ့သော Trade များနှင့် ယင်းတို့နှင့်ပတ်သက်နေသော အကြောင်းအရာများအားလုံးကို ဦးနှောက်ထဲတွင် အသေးစိတ်ရေရှည်ထည့်ထားဖို့ရန် မဖြစ်နိုင်ချေ။ မိမိကစားခဲ့သော Trade အတွက် ချမှတ်ခဲ့သောဆုံးဖြတ်ချက်များ၊ ယင်း Trade ကစားနေစဉ် ပြင်ပလောကတွင် ဖြစ်ပေါ်ပြောင်းလဲမှုများ၊ ယင်းအဖြစ်အပျက်တို့၏ အကျိုးသက်ရောက်မှုများသည် နောင်တစ်ချိန်တွင် သင်ခန်းယူစရာများနှင့် ပြည့်နှက်နေပါသည်။
နောက်အကြောင်းရင်းတစ်ခုမှာ မိမိတို့၏အပြုအမူများနှင့် သက်ဆိုင်နေပါသည်။ လူသားများသည် စိတ်ခံစားမှုများ၏သားကောင်များဖြစ်ကြသည်။ စိတ်ခံစားမှုကလွှမ်းမိုးသွားသောအခါ အဖြူကိုအဖြူဟု မမြင်နိုင်တော့ချေ။ ဓမ္မဓိဋ္ဌာန်ကျဖို့ရန် ခက်ခဲလာပါသည်။ ထို့ကြောင့် ဆွဲထားသည့် Plan ကတစ်မျိုး၊ အကောင်အထည်ဖော်ခဲ့သည်ကတစ်မျိုးဖြစ်ခဲ့သော Trade အများအပြားရှိလိမ့်မည်ဖြစ်ပါသည်။ မှန်ကန်သည့်မျှော်လင့်ချက်ထား အောင်နိုင်သည့်စိတ်ဓာတ်ကို တည်ဆောက်ရမည်ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် ကျွန်မတို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုစနစ်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအနက်မှ နံပါတ်(၄)အချက်တစ်ချက်ဖြစ်သော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းသည် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ယင်းလူ့အဖွဲ့အစည်းအတွင်း ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားသည့် စိတ်ဓာတ်များပျံ့နှံ့နေရန်လိုအပ်သည်ဟု ပညာရှင်များကလည်း မိန့်ဆိုထားပါသည်။ ကုန်သွယ်မှုစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်ဆက်ဆံမှုစီမံခန့်ခွဲရေး(Trade Relations Management) အား တစ်ထောင့်တစ်နေရာမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ရန်ကုန်)