
သင်္ဘောသီးသည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသတွင် ပေါက်သောအသီးအနှံတစ်မျိုးဖြစ်ပြီး အာဟာရဓာတ်များစွာပါဝင်ပါသည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ အိမ်ဝန်း၊ ခြံဝင်းနှင့် ဥယျာဉ်များတွင် အများဆုံးတွေ့ရသောအသီးစားပင်မှာ သင်္ဘောပင်ပင်ဖြစ်ပါသည်။ သင်္ဘောသီးသည် လူတိုင်း ကျန်းမာသက်ရှည်ရေးအတွက် အဖိုးတန်သောအသီး၊ အာဟာရဓာတ်အလွန်များပြားသောအသီးဖြစ်ပါသည်။ သင်္ဘောသီး၏ ရုက္ခဗေဒအမည်မှာ “ကာရိကာပယာ” ဖြစ်ပါသည်။ သင်္ဘောသီးကို ရခိုင်ပြည်နယ်တွင် ပဒကာသီး၊ တနင်္သာရီတိုင်းနှင့် မြိတ်ဒေသတို့တွင် “ရှိန်းခိုသီး”ဟုခေါ်ကြပါသည်။
ပုံသဏ္ဌာန်အားဖြင့် ရှင်သန်ရလွယ်သောအပင်မျိုးဖြစ်၍ အမြင့်(၁၅)ပေမှ ပေ(၂၀)ကျော်အထိရှိနိုင်ပါသည်။ သင်္ဘောပင်သည် တစ်ပင်တည်းတွင် အင်္ဂါစုံသောအပွင့် (သို့) လိင်စုံသော အပွင့်ပွင့်သည့်အပင်မျိုးလည်းရှိတတ်သော်လည်း များသောအားဖြင့် အဖိုပွင့်သက်သက်ပွင့်သောအပင်၊ အမပွင့်သက်သက်ပွင့်သောအပင်ဟူ၍ ခွဲခြားပြီးရှိပါသည်။ အဖိုပွင့်၊ အမပွင့်နှစ်မျိုးလုံး အနံသင်းသင်းမွှေး၍ အဝါရောင်ဖျော့တော့တော့ရှိပါသည်။ အဖိုပွင့်နှင့်အမပွင့်တို့၏ကွဲပြားချက်မှာ အဖိုပွင့်သည် အလက်များကြားမှ ပွင့်တံရှည်များထွက်ပြီး အဖျားတွင် တစ်လက်မခန့် လည်ပင်းရှည်သောကန်တော့ပုံသဏ္ဌာန်အပွင့်ကလေးများ အခိုင်လိုက်ပွင့်ပါသည်။ အချို့အပွင့်တံများသည် နှစ်ပေကျော်၊ သုံးပေခန့်ထိရှည်လျား၍ တွဲလောင်းကျနေသည်။ အမပွင့်သည်ပို၍ကြီးပြီး တစ်ပွင့်ချင်းပွင့်၍ ပွင့်တံတိုသည့် ပွင့်ဖတ်ငါးခုပါရှိပါသည်။ သင်္ဘောသီး၏ ပုံသဏ္ဌာန်နှင့်အရွယ်အစားသည် အမျိုးမျိုးအဖုံဖုံဖြစ်သောကြောင့် အရသာတွင်လည်း ကွာခြားချက်ရှိပါသည်။ လုံးဝန်း၍ အစေ့နည်းသောသင်္ဘောသီးသည် အရသာနှင့်ပြည်စုံ၍ မျိုးကောင်းသည်ဟုဆိုကြပါသည်။ မျိုးကောင်းသောသင်္ဘောသီးမှည့်သည် ချိုမြမြနှင့်ရင်အေးသွားစေသောအရသာနှင့် ပြည့်စုံပါသည်။ သင်္ဘောသီးမှည့်ကို တချို့ကဆားဖြူး၍လည်းကောင်း၊ ရှောက်ရည်၊ သံပရာရည်ညှစ်၍လည်းကောင်း စားသုံးကြပါသည်။
သင်္ဘောသီးမှည့်များကို ရာသီမရွေးတွေ့ရသော်လည်း အပေါများဆုံးအချိန်မှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ၊ မတ်လနှင့် ဧပြီလများတွင် အများဆုံးတွေ့ရသည်။ သင်္ဘောသီးမှည့်သည် အလွန်အာဟာရဖြစ်သော ဓာတ်စာတစ်မျိုးဖြစ်သောကြောင့် အမှည့်ကိုမှန်မှန်မှီဝဲသူတို့ကို နုပျိုစိုပြည်ပြီး ကျန်းမာရွှင်လန်းစေပါသည်။ ရောဂါများကိုလည်းခုခံနိုင်စွမ်းရှိ၍ရောဂါကျရောက်တတ်သည့်တိုင်အောင် လျင်မြန်စွာကင်းစင်ပျောက်ကင်းနိုင်သည်ဟု ဆိုကြပါသည်။ သင်္ဘောသီးအစေ့အရေအတွက်ကို အရွယ်နှင့်ချင့်၍စားသော် ဝမ်းတွင်းရှိသန်များကျစေပါသည်။
သင်္ဘောတစ်ပင်လုံးဆေးဖက်ဝင်သည်ဟုဆိုသော်လည်း အရေးကြီးဆုံးအပိုင်းသည် အသီးစိမ်းခွံမှထွက်သောအစေးဖြစ်သည်။ ကမ္ဘာပေါ်၌ အစွမ်းထက်သောဆေးများတွင် သင်္ဘောသီးအစေးလည်းပါဝင်၍ မြန်မာ့ပရဆေးများတွင်လည်း ပါဝင်သည်ဟုသိရပါသည်။ မြန်မာလူမျိုးတို့သည် သင်္ဘောရွက်ကို ဟင်းသီးဟင်းရွက်အဖြစ်အသုံးပြုကြသည်။ သင်္ဘောရွက်သည် ဗီတာမင်စီနှင့်အီးအပြင် စုစုပေါင်းအာဟာရဓာတ် (၆)မျိုးခန့်ပါသောကြောင့် အာဟာရရှုထောင့်မှကြည့်လျှင် အဖိုးတန်သောအရွက်ဖြစ်ပါသည်။ သင်္ဘောရွက်နုနုကို လက်ဖက်နှင့်တွဲ၍စားကြသည့်အပြင် ပြုတ်၍လည်းကောင်း၊ မီးအုံး၍လည်းကောင်း တို့စားကြပါသည်။ သင်္ဘောရွက်သည် ခါးသည့်အရသာရှိသဖြင့် လေနာတက်သူများအတွက်ကောင်းပါသည်။
သင်္ဘောသီးစိမ်းကို အမျိုးမျိုးပြုလုပ်စားသောက်ကြသည်။ သင်္ဘောသီးသုပ်၊ ယိုးဒယားသင်္ဘောသီးထောင်း၊ ယိုးဒယားသင်္ဘောသီးအပြားသုပ် စသဖြင့် ပြုလုပ်၍စားသောက်ကြသည့်အပြင် အသုပ်စုံထဲတွင်လည်း ထည့်၍စားကြပါသည်။
သင်္ဘောသီးမှည့်ကို အာဟာရနှင့်ကျန်းမာရေးအပြင် အသားအရေထိန်းသိမ်းခြင်းအတွက်လည်း အသုံးပြုကြပါသည်။ မျက်နှာပေါင်းတင်ရာတွင်လည်း အသုံးပြုကြပါသည်။ ပြည်ဈေးကွက်တွင် သင်္ဘောသီးအစိမ်းတစ်လုံးလျှင် အလုံးအသေး/အကြီးပေါ်မူတည်ပြီး (၅၀၀-၆၀၀-၇၀၀) ကျပ်ခန့် ဖြင့်ရောင်းချလေ့ရှိပြီး သင်္ဘောသီးမှည့်အသေးတစ်လုံးလျှင် (၅၀၀) ကျပ်၊ အလတ်တစ်လုံးလျှင် (၁၀၀၀) ကျပ်နှင့် အကြီးချောချောဆိုလျှင် (၁၅၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)