ငါးစီဖောင်းသည် ငါးဗိုက်အတွင်းမှ အဖြူရောင်လေဖောင်းအလုံးလေး (၂)လုံးကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ငါးစီဖောင်းကို အင်္ဂလိပ်လို “Swimbladder (or) Air Bladder (or) Fish Maw” ဟုခေါ်ဆိုကြပါသည်။ ငါးစီဖောင်းသည် အရိုးမာငါးအုပ်စု (Bony Fish) များ၌ အများစုပါရှိပြီး စီဖောင်းအရွယ်အစားနှင့် ငါးအမျိုးအစားအလိုက် တန်ဖိုးကြီးမြင့်ပါသည်။ ငါးစီဖောင်းမှန်သမျှ ဈေးကောင်းပြီး ဆေးဖက်ဝင်ကြပါသည်။ ငါးစီဖောင်းများတွင် Drums and Croaker ငါးပုတ်သင်အုပ်စုဝင်ဖြစ်သော ကသမျှင်ငါးမှရသော ငါးစီဖောင်းမှာ သိန်းရာချီအဖိုးတန်ပြီး ဆေးဖက်ဝင်ကြပါသည်။ ငါးလိပ်ကျောက်များတွင်လည်း လေစီဖောင်းမပါရှိကြဘဲ သူတို့အသည်း၌ရှိကြသော အဆီသိုလှောင်မှုမှာ ကိုယ်ထည်ပေါ့ပါးပြီး ရေပေါ်တွင်ပေါ်စေနိုင်ပါသည်။ ငါးစီဖောင်းပါငါးများတွင် စီဖောင်းအရွယ်အစားမှာ ရေချိုငါးတွင် ခန္ဓာကိုယ်ထည်၏ ၅% ပမာဏရှိပြီး ရေငန်ငါးတွင် ၇% ရှိကြပါသည်။ ငါးစီဖောင်းစားခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများမှာ ရိုးတွင်းချဉ်စီဓာတ်ဖြည့်တင်းပေးခြင်း၊ သွေးအားနည်းရောဂါမှကာကွယ်ပေးခြင်း၊ အဆုတ်သန့်စင်ပေးခြင်း၊ ကျောက်ကပ်ရောဂါအတွက် အထူးကောင်းမွန်ခြင်း၊ အာရုံကြောနှင့် နှလုံးအားကောင်းဖို့အတွက် အထူးကောင်းမွန်ခြင်း၊ တုတ်ကွေးရောဂါပိုးများမဝင်အောင် ဟန့်တားပေးခြင်း၊ အသားအရေလှပခြင်းနှင့် အရေးအကြောင်းများလျော့နည်းစေခြင်း၊ ကိုယ်လက်စထရောဓာတ်လုံးဝမပါဝင်ခြင်း၊ အသားဓာတ်နှင့် အခြားအဟာဓာတ်များစွာကြွယ်ဝခြင်းကြောင့်ပင်ဖြစ်ပါသည်။ ပင်လယ်ပိုင်းဒေသများတွင် အလှူအတန်းပြုလုပ်ပါက ငါးစီးဖောင်းသုပ်ကို ကျွေးမွေးလေ့ရှိပါသည်။ ငါးရောင်၊ ငါးထွေ အစရှိသော ငါးမျိုးစိတ်များမှရရှိသောစီဖောင်းများကို သုတ်၍စားပါက စီးစီးပိုင်ပိုင်ရှိပြီး ဝါးရာတွင်ထုတ်ထုတ်လေးနှင့် အရသာထူးလှသော ပင်လယ်စာဟင်းတစ်မျိုးဖြစ်ပါသည်။ စီဖောင်းကြော်၊ စီဖောင်းသုပ်ဟူ၍လည်း ပြုလုပ်စားသောက်ကြပါသည်။ တရုတ်လူမျိုးများမှာ ငါစီဖောင်းကို စွတ်ပြုတ်အဖြစ်စားသောက်ကြသကဲ့သို့ ဟင်းသီးဟင်းရွက်နှင့်ရောနှော၍ စားသုံးကြပါသည်။ တရုတ်လူမျိုးများ၏အယူအဆအရ တန်ဖိုးအထားရဆုံးရေထွက် အစားအစာဟင်းပွဲတစ်မျိုးဖြစ်ပြီး 2014 CICA SHANGHAI SUMMIT ၌ဧည့်ခံခဲ့သော အထူးဟင်းပွဲတစ်မျိုးဖြစ်ပါသည်။ ငါစီဖောင်းကို ရေဒဏ်တောင့်တင်းစွာခံနိုင်သောကော်အဖြစ်လည်း အသုံးပြုပါသည်။ ငါးခြောက်လုပ်ရန် ငါးကိုခွဲသောအခါ ငါးစီဖောင်းကိုသီးခြားဖယ်ထားပြီး နေလှန်းကာ ခြောက်သွေ့ပါက နှစ်ပေါက်အောင်သိမ်းဆည်းစုဆောင်းထားပြီးနောက် ဈေးကောင်းကောင်းဖြင့် ပြန်လည်ရောင်းချကြပါသည်။ ပြည်မြို့ရှိ ဈေးများမှထွက်ရှိသောငါးစီဖောင်းများကို ငါးသည်များထံမှ ရသမျှဝယ်ယူကာ ဒိုင်များသို့ပြန်လည်ရောင်းချမှုရှိပြီး တရုတ်သို့ ဆေးဖော်ရန်အတွက် တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ ငါးစီဖောင်းဈေးနှုန်းများမှာ အရွယ်အစားအလိုက် ဈေးကွာခြားမှုရှိပါသည်။ အလုံးသေးလျှင် (၁၀)ကျပ်သားကို (၁၅၀၀)ကျပ်၊ အလုံးကြီးလျှင် (၁၀)ကျပ်သားကို (၂၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)