Main menu

တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းမှသည် မြေဩဇာဆီသို့

Powered by Drupal

     မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည့်အတွက် သီးနှံစိုက်ပျိုးရာတွင် မြေဩဇာများကို ထည့်သွင်းအသုံးပြုကြပါသည်။ ယခု(၂၀၂၃)ခုနှစ်မှာတော့ ယခင်နှစ်များထက် မြေဩဇာဈေးနှုန်းများကြီးမြင့်နေသည့်အတွက် တောင်သူများအနေဖြင့် ဝယ်ယူသုံးစွဲနိုင်ခြင်းများရှိသလို အချို့မှာ ယခင်နှစ်များထက်သုံးစွဲနိုင်မှုမရှိကြောင်း သိရှိရပါသည်။ တောင်သူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ချနိုင်ရေးအတွက် သဘာဝမြေဩဇာများ အသုံးပြုခြင်းသည် တောင်သူများအတွက် အကျိုးရှိပြီး စားသုံးသူများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ပါသည်။

       တောင်သူများအနေဖြင့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများအား စနစ်တကျသိမ်းဆည်း၍ သဘာဝ မြေဩဇာအဖြစ် အသုံးပြုနိုင်ပါသည်။ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းအဖြစ် နွားချေးကို အသုံးပြုလျှင် တောင်သူများအနေဖြင့် ပိုမိုလွယ်ကူပါသည်။ နွားချေးများသိုလှောင်ရန်အတွက် အကျယ် (၁၀)ပေ  ပတ်လည်ရှိသည့် ရေမဝပ်သည့် မြေနေရာတစ်ခုကိုရွေးချယ်၍ ပတ်ပတ်လည်တွင် (၆)လက်မ အနက်၊ (၆)လက်မအကျယ် ရေနုတ်မြောင်းတူးရပါသည်။ အပူပိုင်းဒေသတွင် ၂ × ၁၀ × ၁၀ ကျင်းတိမ်တူး၍ သုံးနိုင်ပါသည်။ နေဒဏ်၊ မိုးဒဏ်မှကာကွယ်ရန်အတွက် ယာယီအမိုးငယ်တစ် ခု ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ မိုးမများလွန်းပါက အရိပ်ကောင်းသော သစ်ပင်ရိပ်အောက်တွင် ပြုလုပ်နိုင်ပါသည်။

     နွားချေးမြေဩဇာပြုလုပ်ပါက နွားတင်းကုပ်မြေပြင်ပေါ်တွင် အမှိုက်၊ ကောက်ရိုး၊ ရိုးပြတ်၊ မြက်ခြောက်၊ ကောက်မှော်ရရာခင်း၍ နွားများသိပ်ပေးရပါသည်။ တင်ကုပ်သန့်ရှင်းစဉ် နွားမစင်၊ ကျင်ငယ်ရည်တို့ ရောနှောနေသော အမှိုက်များနှင့် မြေသားတို့ကိုစုဆောင်း၍ သိုလှောင် မည့်နေရာပေါ်တွင် (၆)လက်မထုခန့်ရှိ အလွှာအဖြစ်ဖြန့်ပေးပြီး အပေါ်မှ ထုံးမှုန့်၊ စားဖိုပြာ၊ စပါးခွံပြာများကို ပါးပါးဖြေပေးရပါမည်။ တီစူပါ၊ ကျောက်မှုန့်၊ လချေးမှုန့် ရရာကို နို့ဆီဘူး တစ်ဘူးခန့် ပါးပါးဖြူးထည့်ပေးနိုင်ပါက ပိုမိုကောင်းမွန်ကြောင်းသိရှိရပါသည်။

      အထက်ပါနည်းအတိုင်း နွားချေးများကို နှစ်ပတ်လည်စုဆောင်းသွားနိုင်ပါသည်။ စုဆောင်း၍ ထုထည်ကြီးလာပါက ပြိုကျမသွားစေရန်အတွက် ပတ်ပတ်လည်မှ ယာယီအကာအရံများ ပြု လုပ်ပေးနိုင်ပါသည်။ အပေါ်ဆုံးမှ အမှိုက်၊ သစ်ရွက်ခြောက်၊ ထန်းရွက်ခြောက်၊ကျူဖျာ၊ ဝါးထရံ တို့ဖြင့် လုံအောင်ပြုလုပ်ပေးပါက အစိုဓါတ်နှင့် အာဟာရဆုံးရှုံးမှုများလျော့နည်း သွားမည်ဖြစ်ပါ သည်။ ကောင်းမွန်စွာဆွေးမြေ့သော နွားချေးများကို သာ မြေဩဇာအဖြစ်အသုံးပြုရန်လိုအပ်ပါသည်။

     နွားချေးမြေဩဇာများကို တစ်ဧကလျှင် နွားလှည်း (၅-၁၀)စီးခန့်အား မြေပြုပြင်ချိန်တွင် ထည့်သွင်းအသုံးပြုရမည်ဖြစ်ပြီး ထည့်ပြီးပါက ချက်ချင်းမြေဖြင့် ဖုံးအပ်ပေးထားရန် လိုအပ်ကြောင်း သိရှိရပါသည်။ စနစ်တကျ သိုလှောင်ထားရှိသော နွားချေးဆွေးမြေဩဇာတွင် အပင်အဓိက အာဟာရဓါတ်စာများအပြင် သစ်ဆွေးဓါတ်များပါဝင်ပြီး အဆိုပါဓါတ်များပါဝင်မှုကြောင့် မြေဆီလွှာ ၏ရုပ်ဂုဏ်သတ္တိကို ပိုမိုကောင်းမွန်စေပြီး စေးသောမြေကို ပွရွစေခြင်း၊ သဲဆန်သော မြေကိုစေးကပ် လာစေခြင်း၊ အစိုဓါတ်ထိန်းသိမ်းမှုကောင်းခြင်း၊ အပူအအေးမျှတစေခြင်းနှင့် အာဟာရဓါတ်များကို ကာလတာရှည်စွာ ထုတ်ပေးနိုင်သည့်အကျိုးကျေးဇူးများစွာရရှိပါကြောင်း သိရှိပါသည်။

     ကျေးလက်ဒေသများတွင် လွယ်ကူစွာရရှိနိုင်သော တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ မြေဩဇာများစနစ်တကျ သိုလှောင်ထားရှိနည်းကို လေ့လာသိရှိခဲ့ရသည်အား တောင်သူများ စနစ်တကျ သိုလှောင်ထားနိုင်စေရန် ရည်ရွယ်၍ ပြန်လည်မျှဝေလိုက်ရပါသည်။

DOCA(ပဲခူး)