စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မူပိုင်ခွင့်ဦးစီးဌာန၏ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ အာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ၁၆.၃.၂၀၂၃ရက်နေ့က ပဲခူးတိုင်း ဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ၊ စီးပွားရေးရာ ဝန်ကြီး ၊ ဦးတင်ဦးက ယနေ့ဆွေးနွေးပွဲသည် " ၂၀၁၉ ခုနှစ်က အတည်ပြု ပြဌာန်းခဲ့တဲ့ မူပိုင်ခွင့် ဥပဒေများ ထဲမှ တစ်ခုဖြစ်တဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို အာဏာ သက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် အသိပညာပေး ဆွေးနွေးပွဲဖြစ်ကြောင်း ၊ နိုင်ငံတော်ရဲ့ စီးပွားရေး ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာလည်း မူပိုင်ခွင့် အကာအကွယ်ပေးခြင်း စနစ်တစ်ရပ်ကို ကျင့်သုံးဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ၊ အဆိုပါ ဥပဒေ အာဏာသက်ဝင်ပြီးနောက် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် လျှောက်ထားခြင်းများကို လျှောက်လွှာလက်ခံမည့် ဌာနများမှ တစ်ဆင့်လည်းကောင်း ၊ အီလက်ထရောနစ်စနစ်မှတစ်ဆင့်လည်းကောင်း ပြုလုပ်နိုင်ကြောင်းနှင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် လျှော်လွှာ လက်ခံမည့် ဌာနများ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း " အဖွင့်အမှာ စကားပြောကြားခဲ့ပါသည် ။
ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မူပိုင်ခွင့်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်က ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ အာဏာ သက်ဝင်ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ ညွှန်ကြားရေးမှူး ဒေါက်တာ စိမ့်သန္တာထွန်း က အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ ညွှန်ကြားရေးမှူး ဒေါက်တာ အေးသီရိဝေက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာပုံစံများနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ AYA ဘဏ်မှ ဒေါ်အေးအေးမြင့် နှင့် CB ဘဏ်မှ ဦးနေလင်းထွန်းတို့က အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အခကြေးငွေ ပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ထုံးလုပ်နည်းများ အကြောင်းကို လည်းကောင်းအသီးသီး ဆွေးနွေးကြပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူအသီးအသီးက ပြန်လည်ဖြေကြားခဲ့ကြသည် ။ ထို့နောက် ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ မိုးမိုးသွယ်က နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)