
မြေပဲသီးနှံသည် ရေမြေရာသီဥတုကွဲပြားခြားနားသော အခြေအနေအမျိုးမျိုး၌ ဖြစ်ထွန်းနိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ မြေပဲပင်မှရရှိသော မြေပဲအစေ့၊ မြေပဲဆီသန့်များသည် မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာစားသုံးသောသီးနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရှေးခေတ်အဆက်ဆက်၌ မြေပဲကိုစိုက်ပျိုးလေ့မရှိကြောင်း၊ ခရစ်နှစ် (၁၈၈၅) ခုနှစ်မှစ၍ မကွေးမြို့နှင့် ရှမ်းပြည်နယ်၌စ၍ စိုက်ပျိုးခြင်းဖြစ်သည်ဟု ရှေးအကျဆုံးမှတ်တမ်းများအရ သိရှိရပါသည်။ ယခုအခါတွင် မြေပဲသီးနှံကို နေရာဒေသအနှံ့အပြားတွင် စိုက်ပျိုုးလျက်ရှိကြောင်း သိရှိရပါသည်။
မြေပဲပင်သည် အထူးမိုးခေါင်ခံသောသီးနှံဖြစ်၍ မြန်မာနိုင်ငံအပူပိုင်းဒေသများတွင် အထူးတလည်စိုက်ပျိုးသောကြောင့် ကောင်းမွန်ပါသည်။ ထို့ကြောင့် မိုးနည်းပါးသောဒေသများ၌ မြေပဲကို အမြောက်အမြားစိုက်ပျိုးကြပါသည်။ မြေပဲသီးနှံအများဆုံးစိုက်ပျိုးရာ အရပ်ဒေသများမှာ မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးနည်းရပ်ဝန်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြားစိုက်ပျိုးကြသည်။ မြေပဲကို ရေဝပ်နုံးစေးမြေအမျိုးအစားတွင်စိုက်ပျိုးပါက မဖြစ်ထွန်းပါ။ နုံးမြေနှင့် သဲနုံးမြေတို့မှာ စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်သည်။ မြေပဲသီးနှံစိုက်ပျိုးရာတွင် ရာသီနှင့်ဒေသအလိုက် တစ်ဧကအထွက်နှုန်းမှာ ကွဲပြားခြားနားမှုရှိပါသည်။ မြေပဲမျိုးရွေးချယ်စိုက်ပျိုးရာတွင် ဆင်းပဒေသာ(၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀)နှင့် မကွေး(၁၁/၁၅)မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြသည်။ မြေပဲကို ပင်ထောင်နှင့်ပင်ပြန့်ဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ပင်ပြန့်မြေပဲ၏အသက်မှာ (၆)လမှ (၇)လခန့်ရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးခေါင်ရေရှားဒေသများတွင် အကြီးအကျယ်စိုက်ပျိုးကြပါသည်။ ပင်ထောင်မြေပဲမှာ သက်တမ်း (၃)လမှ (၃)လခွဲခန့်ရှိပြီး မိုးအခါ၌လည်းကောင်း၊ ဆောင်းအခါ၌လည်းကောင်း စိုက်ပျိုးနိုင်ပြီး အထူးသဖြင့် ဆောင်းရာသီတွင် မြစ်ရေဝင်ကိုင်းကျွန်းမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင်လည်း မြေပဲသီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ တောင်သူများအတွက် စိုက်ပျိုးရလွယ်ကူပြီး အထွက်နှုန်းကောင်း၍ ဈေးကောင်းရှိသောဆောင်းသီးနှံမြေပဲကို အများအပြားစိုက်ပျိုးကြကြောင်း သိရှိရပါသည်။
စိုက်ပျိုးခြင်း
ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် စီးပွားဖြစ်လုပ်ကိုင်သောဒေသဖြစ်ပြီး နှစ်စဉ် ဆီထွက်သီးနှံမြေပဲကို စိုက်ဧကမများသော်လည်း တောင်သူတစ်ဦးချင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ဆိပ်ဖြူမြို့နယ်သည် မြစ်ချောင်းဆုံရာဒေသဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။ သီးနှံမျိုးစုံကို မြစ်ရေဝင်ကျွန်းမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်အတွင်း မိုးဆောင်းမြေပဲစိုက်ဧက (၃၅၀၀)ခန့်စိုက်ပျိုးကာ မိုးမြေပဲမှာ စိုက်ပျိုးမှုနည်း၍ ဆောင်းမြေပဲကို စိုက်ဧက(၃၀၀၀)ဝန်းကျင်ခန့်စိုက်ပျိုးပါသည်။ ဆောင်းမြေပဲကို နိုဝင်ဘာလတွင် အများဆုံးစိုက်ပျိုးပြီး မြေပဲမျိုးမှာ မကွေး(၁၁)ပင်ထောင်(၃)လပဲ အတောင့်သေးမျိုးကို စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် မြေပဲအဆံ (၂၄)ပြည်ခန့်ဝင်ဆံ့စိုက်ပျိုးပြီး နွားရှဉ်းဖြင့် ထွန်းချောင်းဆွဲ၍ ပင်ကြား ၄လက်မ၊ တန်းကြား ၁၅လက်မအကွာ စိုက်ပျိုးကြပါသည်။ မြေပဲခင်းထဲတွင် ပြောင်းဖူး၊ စားတော်ပဲ၊ ပဲနီကြားသီးနှံများကို သီးညှပ်အဖြစ် စိုက်ပျိုးကြပါသည်။ ဆောင်းရာသီမြေပဲကို စိုက်ပျိုးပြီး (၃)လအကြာ ဖေဖော်ဝါရီလအကုန် မတ်လအတွင်း တူးဖော်ရိတ်သိမ်းကြပြီး မြစ်ရေဝင်မြေများဖြစ်၍ သီးထပ်၊ သီးညှပ်များကို ထပ်မံစိုက်ပျိုးခြင်းမရှိကြောင်း သိရှိရပါသည်။ မြေပဲစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ယခင်နှစ်ထက်များကား စိုက်ခင်းများတွင် မြစ်ရေဝင်နစ်မြုပ်ခြင်းမရှိသောကြောင့် မြေပဲအထွက်နှုန်းနည်းသွားသော်လည်း သီးနှံပေါ်ချိန်၌ ဈေးကောင်းရရှိသဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရှိရပါသည်။
ထွက်ရှိမှုကုန်ကျစရိတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေ
ဆောင်းမြေပဲစိုက်ပျိုးမှုတွင် တစ်ဧကမြေပဲအထွက်တင်း(၃၀ မှ ၄၀)အထိထွက်ရှိပြီး မြေပဲလုံးဆံ (၁၇)တင်းခန့်၊ ပျမ်းမျှမြေပဲဆံတစ်တင်းလျှင် (၁၆)ပိဿာရှိကာ မြေပဲဆံပိဿာ(၂၇၂)ပိဿာခန့်ထွက်ရှိကြောင်း၊ မြေပဲဆီပိဿာ(၁၀၀)ပိဿာဝန်းကျင်ခန့်ထွက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ကျပ်(၆)သိန်းခန့်ကုန်ကျပြီး ကျပ်(၁၀)သိန်းခန့်အကျိုးအမြတ်ရရှိကြောင်း၊ မြေပဲတောင့် (အခြောက်)တစ်တင်းထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၁၅၀၀၀)ဝန်းကျင်ခန့်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ယခုနှစ်သီးနှံပေါ်ချိန် ၂၀၂၃ခုနှစ်၊ မတ်လ(ပထမ)ပတ်တွင် မြေပဲလုံးဆံတစ်ပြည်လျှင် ကျပ်(၆၀၀၀/၆၂၀၀)၊ အဆံတစ်တင်းလျှင် ကျပ်(၁)သိန်းဝန်းကျင်ဈေးနှုန်းဖြင့် ဒေသတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ်သီးနှံပေါ်ချိန်တွင် မြေပဲဆံတစ်ပြည်လျှင် ကျပ်(၃၈၀၀/၃၉၀၀)၊ အဆံတစ်တင်းလျှင် ကျပ်(၆၀၀၀၀)ဝန်းကျင်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်နှစ်ထက် ကျပ်(၄၀၀၀၀)ခန့်ဈေးပိုမိုရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်မြေပဲဈေးနှုန်းမှာ ယခင်နှစ်ထက် ဈေးကောင်းပိုမိုရရှိ၍ ဆောင်းမြေပဲစိုက်တောင်သူများအကျိုးအမြတ်ရရှိလျက်ရှိပါသည်။ ဆိပ်ဖြူမြို့မှထွက်ရှိသောမြေပဲများကို တောင်သူများက မြေပဲအတောင့်ရောင်းချမှုးနည်းပါးပြီး မြေပဲအဆံနှင့် မြေပဲဆီများကိုသာ ထုတ်လုပ်ရောင်းချမှုများကြောင်း၊ မြေပဲဆံများကို မြို့ပေါ်ရှိ ပဲဆုံဆီ၊ စက်ဆီလုပ်ငန်းရှင်များနှင့် ဒေသတွင်းစားသုံးသူများအတွက် လက်လီလက်ကားရောင်းချဖြန့်ဖြူးသူများက ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။
ပိုးသတ်ဆေးနှင့် သွင်းအားစုသုံးစွဲခြင်း
မြေပဲသီးနှံသည် ဆောင်းရာသီအအေးဓါတ်ဝင်ချိန်တွင် စိုက်ပျိုးခြင်းဖြစ်၍ အပင်ပိုးကျမှုများကား စိုက်ပျိုးပြီး(၁၅ မှ ၄၅)ရက်သားအထိ မှိုဆေး၊ ပိုးသတ်ဆေးနှင့် အားဆေးအမျိုးမျိုးကို (၅)ကြိမ်ခန့်ပက်ဖြန်းကြောင်း၊ သွင်းအားစုအနေဖြင့် မြစ်ရေဝင်ကျွန်းမြေများဖြစ်၍ မြေသားကောင်းမွန်မှုများခြင်းကြောင့် ပုလဲအာမိုဓာတ်မြေဩဇာကို မြေခံအဖြစ် အနည်းငယ်ထည့်သွင်းသုံးစွဲကာ မြေအစိုဓာတ်ထိန်းသိမ်းပေးသော ကျောက်မှုန့်များကို မြေပဲမစိုက်ခင် ထယ်ချောင်းအတိုင်းလိုက်၍ ဖြူးချကာ တစ်ဧကလျှင် ကျောက်မှုန့်(၅)အိတ်ခန့်သုံးစွဲကြောင်း သိရှိရပါသည်။
မြေပဲတူးဖော်သိမ်းဆည်းခြင်း
ဆောင်းမြေပဲစိုက်ပျိုးပြီး(၃)လခွဲအကြာ၌ မြေပဲပင်မှအရွက်များမှာ ရွက်ပြောက်ထိုးပြီး အဝါရောင်သန်း၍ ညှိုးကျချိန်တွင် မြေပဲများစတင်တူးဖော်ကာ အလုပ်သမားငှားရမ်းခမှာ တစ်နေ့လျှင် အမျိုးသားများကို ကျပ် (၁၀၀၀၀)၊ အမျိုးသမီးများကို ကျပ်(၅၀၀၀)ဖြင့် ငှားရမ်းရပါသည်။ တူးဖော်ပြီးမြေပဲပင်များကို စိုက်ခင်းမှ အိမ်သို့ နွားလှည်း၊ ထော်လာဂျီများဖြင့် သယ်ပို့ပြီး မြေပဲတောင့်ဆွတ်ခတစ်တင်းလျှင် ကျပ်(၂၀၀၀)ဖြင့် ငှားရမ်းခပေးရပါသည်။ ဆွတ်ခူးပြီး မြေပဲတောင့်အစိုများကို နေပူကွင်းပြင်တွင် (၁၀)ရက်ခန့်နေလှန်းရပြီး မြေပဲသီးနှံကို မစိုမခြောက်သိမ်းဆည်းလျှင် မြေပဲတောင့်အရောင်ပျက်စီးပြီး အစေ့တွင် မှိုဆိပ်ပါဝင်မှုများခြင်းကြောင့် တောင်သူများသည် မြေပဲဆံအစိုဓာတ်မရှိစေရန် ခြောက်အောင်နေလှန်းထားပြီးမှ သိမ်းဆည်းကြောင်း၊ သန့်စင်ပြီးသောမြေပဲများကို (၃)တင်းဝင်ပီနံအိတ်ဖြင့် ထည့်၍ချုပ်ကာ မိုးလုံသောအဆောက်အဦတွင် သိမ်းဆည်းထားရှိကြောင်း သိရှိရပါသည်။
မြေပဲအသုံးဝင်ပုံ
မြေပဲသီးနှံကို စားသုံးဆီအတွက် အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပါသည်။ သို့ရာတွင် အချို့မှာမူ သရေစာအဖြစ်ဖြင့် မြေပဲစေ့အတိုင်း စားသုံးကြပါသည်။ အနောက်နိုင်ငံများတွင် မြေပဲထောပတ် (ခေါ်) မြေပဲဆီမှ ပြုလုပ်သောထောပတ်ကို ဟင်းချက်ရာတွင် အသုံးပြုကြပါသည်။ ပြည်တွင်း၌လည်း မြေပဲဆံဖြင့် စားသောက်ကုန်မျိုးစုံအသုံးပြုပြီး ထုတ်လုပ်လျက်ရှိသည့်အပြင် မြေပဲပင်မှ ထွက်ရှိသော အမှော်၊ အရွက်၊ အရိုး၊ အမြစ်၊ အခွံများကိုလည်း စိုက်ခင်းသုံးသွင်းအားစုဓာတ်မြေဩဇာနှင့် တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြသည်။ မြေပဲဆီသည် လူသားတိုင်းအတွက် ကောင်းကျိုးများစွာပေးနိုင်သော ကျန်းမာရေးဆေးဖက်ဝင် ဟင်းသီးဟင်းရွက် ဆီတစ်မျိုးဖြစ်သည်။ ယခုအချိန်တွင် စားသုံးသူများသည် ကျန်းမာရေးအဆင့်အတန်းမြင့်မားလာပြီး လူဘဝသက်တမ်းစေ့နေနိုင်ရေးအတွက် ရောဆီ၊ စားအုန်းဆီများအစား မြေပဲဆီကိုအစားထိုး၍ တွင်တွင်ကျယ်ကျယ်သုံးစွဲလျက်ရှိ၍ မြေပဲသီးနှံကို ပြည်တွင်း၌ အမြောက်အများစိုက်ပျိုးကြပါသည်။ မြန်မာတို့ မီးဖိုချောင်တွင် အခြေခံစားကုန်အဖြစ် စားသုံးဆီကို ဒုတိယနေရာတွင် သုံးစွဲလျက်ရှိပါသည်။ မြေပဲတွင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် အဆီများစွာပါဝင်သဖြင့် အစားအစာများတွင် ထည့်သွင်းသုံးစွဲနိုင်သော အဖိုးတန်သီးနှံမြေပဲဖြစ်ပါသည်။
မြေပဲသီးနှံကို ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပပို့ကုန်အဖြစ် ကုန်သွယ်မှုပြုလုပ်၍ နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိသောသီးနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ပြည်တွင်း၌ စားသုံးသူများပြားပြီး စိုက်ပျိုးထုတ်လုပ်သည့်စိုက်ဧကနည်းပါး၍ စားသုံးဆီကို စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများက ဝယ်ယူသုံးစွဲရခြင်းဖြစ်ပါ၍ ပြည်တွင်းဈေးကွက်တွင် ဈေးကွက်ခိုင်မာမှုရှိပြီး ဈေးကောင်းရရှိနေသည့် ဆီထွက်သီးနှံမြေပဲကိုစိုက်ပျိုး၍ ရရှိသည့်မြေများတွင် နှစ်စဉ်တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းရှိ စိုက်ပျိုးတောင်သူများ၊ ပဲဆီ၊ စက်ဆီ၊ ပဲခွဲစက်လုပ်ငန်းရှင်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(စစ်ကိုင်း)