Main menu

ကယားပြည်နယ်၏ ၂၀၂၃ ခုနှစ်၊ စတုတ္ထ(၃)လပတ် လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ

Powered by Drupal

     စာသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက်သော်လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိစေရန်အတွက်သော်လည်းကောင်း၊ အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း စွမ်းရည်ပြည့်ဝစေရန် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေး စိစစ်ဆောင်ရွက်ပေးခြင်း၊ Online စနစ်ဖြင့် Talk Show များဆွေးနွေးဆောင်ရွက်ခြင်း၊ အငြင်းပွားမှုများကို အရေးဆိုတိုင်တန်းလာလျှင် ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် စားသုံးသူရေးရာကော်မတီအစည်းအဝေးများကျင်းပပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ကာလဒေသအခြေအနေအရ ပြည်နယ်တစ်ခုလုံးလွှမ်းခြုံနိုင်မှုကို မဆောင်ရွက်နိုင်သော်လည်း လုပ်ငန်းများဆောင်ရွက်နိုင်သည့် လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဈေးများ၊ တက္ကသိုလ်ကောလိပ်များ၊ အသက်မွေးဝမ်းကျောင်းများ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ လည်ပတ်လျက်ရှိသည့်ဆီစက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့ထံသို့သွားရောက်၍ အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောက်ရွက်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှမတ်လအထိ စတုတ္ထ(၃)လပတ်ကာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို တက္ကသိုလ်ကောလိပ်များတွင်(၂)ကြိမ်၊ အသက်မွေးဝမ်းကျောင်းများတွင် (၂)ကြိမ်၊ Online စနစ်ဖြင့် Talk Show (၃)ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၄)ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၈)ကြိမ်၊ ကော်မတီအစည်းအဝေးကျင်းပခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ပါသည်။ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်(၁)ဦးမှ ကုန်စည်အမျိုးအစား(၁)မျိုးအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်ပါ အချက်အလက်များနှင့်ကိုက်ညီမှုရှိကြောင်း အတည်ပြုပြန်ကြားခြင်းများဆောင်ရွက်ပေးခဲ့ပါသည်။

    ထို့ပြင်၂၀၂၃ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင်ကျရောက်ခဲ့သည့် "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" အခမ်းအနားအထိမ်းအမှတ်အဖြစ် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးများ၊ စက်သုံးဆီအရောင်းဆိုင်များတွင် အသိပညာပေးဗီနိုင်းများကပ်နှံခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကမ်ပိန်းစတစ်ကာများကပ်ခြင်း၊ ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်းအစီအစဉ်များဖြင့် စားသုံးသူအခွင့်အရေးများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ခဲ့ပါသည်။

   စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားတိုင်းနှင့်သက်ဆိုင်သည်ဖြစ်၍ သက်ဆိုင်ရာအစိုးရဌာန၊ အသင်းအဖွဲ့၊ လုပ်ငန်းရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲတတ်လာပြီး စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကျင့်ဝတ်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အတူ အရည်အသွေးပြည့်မီပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးတင်သွင်းရောင်းချလျှင် ဒေသတွင်းစီးပွားရေးပိုမိုတိုးတက်လာဖြစ်ပြီး ဈေးကွက်ဝေစုများပိုမိုရရှိကာ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်မှာလည်း ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ကယား)