စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
ရွှေဘိုခရိုင်အနေဖြင့် (၃/၂၀၂၃)လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၀.၃.၂၀၂၃)ရက်နေ့တွင် အနောက်ဈေးရပ်၊ အမှတ်(၄) ရပ်ကွက်၊ ရွှေဘိုမြို့ရှိ မုန့်မျိုးစုံအရောင်းဆိုင်(၂)ဆိုင်သို့လည်းကောင်း၊ ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ (၁၃.၃.၂၀၂၃)ရက်နေ့တွင် ဝန်တော်အိမ်ရပ်၊ အမှတ်(၈)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်နှင့် သူဇာရပ်၊ အမှတ်(၁၀)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်သို့လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသည့်မုန့်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပြည့်စုံမှုရှိသည့်အပြင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် တားမြစ်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့်အကြောင်းများကို အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)