Main menu

တောင်ငူမြို့ရှိ ဆေးဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်နှင့် စစ်ဆေးရေးအရာရှိ စားသုံး/ထုတ်လုံတာဝန်ခံ ဦးမင်းဇော်တို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင် ဦးစီးမှူးရုံးမှ ကျန်းမာရေးကြီးကြပ်-၁ ဦးမိုးကျော်သူ၊ တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ (၄.၄.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးအနီး ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များ၌ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိကို စစ်ဆေးကြည့်ရှုပြီး စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် အညီ ဆရာဝန်ညွှန်ကြားချက်မလိုသော ဆေးဝါးများ၌ မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ် ထားသောကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ရာ အချို့ဆေးဝါးများ၌ ဘူးခွံပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွန်းအမှတ်အသားကို ဖော်ပြထားပြီး ဆေးဝါးအများစုမှာ ဘူးအတွင်း၌ မြန်မာဘာသာကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် စာရွက်ထည့်သွင်းထားသည်ကို တွေ့ရပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက တရားမဝင်ဆေးဝါးများရောင်းချခြင်းသည် နိုင်ငံတော်အတွက်ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများကို ဆုံးရှုံးစေသကဲ့သို့ စားသုံးသူများအတွက်လည်း အာမခံချက်မရှိသဖြင့် တရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမပြုကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင်လည်း ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြကြရန်တို့အား ပြဌာန်းထားရာ ဆရာဝန်ညွှန်ကြားချက်မလိုသောဆေးဝါးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ထုတ်ပြန်ထားပြီးဖြစ်ပါသဖြင့် ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားအား အပြည့်အစုံဖော်ပြထားသော ဆေးဝါးများကိုသာ ရောင်းချကြရန် ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)