မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ၅.၄.၂၀၂၃ ရက်နေ့တွင် မကွေး မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သင်္ကြန်ကာလအတွင်း ဆေးများဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် FDA၊ စည်ပင် သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မကွေးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများပါဝင်သော အဖွဲ့သည် မကွေးမြို့ပေါ်ရှိ သီလ၊ သံလွင်၊ မေတ္တာမွန်၊ ပတ္တမြားဆေးဆိုင်၊ ထက်ဆေးဆိုင်၊ ဇီဝက ဆေးဆိုင်၊ ပုလဲ၊ ဖန်ခါးမြေဆေးဆိုင်များနှင့် JDS ဆေးကုမ္ပဏီများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
အဆိုပါအဖွဲ့အနေဖြင့် ဆေးဈေးနှုန်းစာရင်းများကောက်ယူခြင်း၊ ကုမ္ပဏီရောင်းချသောဈေးနှုန်းများနှင့် ကွာခြားမှုရှိ/မရှိ စိစစ်ခြင်း၊ ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ အဆိုပါအဖွဲ့သည် မကွေးမြို့၊ ရန်ပယ်ဈေးရှိ စားသုံးဆီရောင်းချသော ဆိုင်များသို့ လည်း သွားရောက်၍ ရောဆီများပါဝင်မှုအချိုးအဆအတိုင်း လေဘယ်ကပ်၍ ရောင်းချရေး၊ ဆီများရောင်းချရာတွင် သန့်ရှင်းစွာဖြင့် ခင်းကျင်းရောင်းချရေးတို့အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)