Main menu

မြန်မာ့ရိုးရာထန်းလျက်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal
Tue, 05/16/2023 - 14:01 -- consumer_admin

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ သားလူးကန်ကျေးရွာ၌ မေလတွင် ထန်းလျက်ပေါ်ချိန်ဖြစ်သဖြင့် ထန်းပင်မှထွက်ရှိသော ထန်းရည်ဖြင့် ထန်းလျက်ချက်လုပ်ငန်းကို တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် လုပ်ကိုင်ကြသဖြင့် တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိပြီး မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

       ထန်းပင်မှထွက်ရှိသော ထန်းရည်ကို ထန်းရည်အတိုင်းသောက်သုံးရန်၊ ထန်းရည်မှ ကျိုချက်ရရှိ သော ထန်းလျက်အား အလုံးအတိုင်းစားသုံးရန်နှင့် ထန်းလျက်အမှုန့်အနေဖြင့် တင်ပို့ရောင်းချရန်၊ ထန်းလျက်လုပ်ငန်းအား လုပ်ကိုင်လျက်ရှိပါသည်။ ထန်းပင်များသည် နေရာဒေသမရွေး၊ မြေအမျိုးအစား မရွေးစိုက်ပျိုးနိုင်ပြီး အပူပိုင်းဒေသများတွင် ပိုမိုစိုက်ပျိုးကြသည့်အပြင် သဘာဝအလျောက် ပေါက်လေ့ရှိ သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ထန်းပင်မှရရှိသော ထန်းရည်သည် နှစ်စဉ် တပို့တွဲလနှင့် တပေါင်းလတို့တွင် စတင်ထွက်ရှိပြီး ထန်းရည်ရရှိသည်နှင့် ထန်းလျက်အဖြစ် ကျိုချက်နိုင်ပါသည်။ ထန်းလျက်ကို ပိုမိုကောင်းမွန်စေရန်အတွက် ထန်းရည်အချဉ် မပေါက်စေရန် ထန်းပင်မှ ထန်းရည်ခံသော အခါ ထုံး(သို့မဟုတ်) သစ်ရာခေါက်များ ထည့်ထား၍ ထန်းရည်ခံလေ့ရှိပါသည်။ ထန်းရည်ထွက်နှုန်းသည် ကဆုန်လနှင့် နယုန်လတို့တွင် ပိုမိုထွက်အားကောင်းသောကြောင့် ထန်းလျက်လှိုင်လှိုင်ရရှိသော အချိန် ကာလပင်ဖြစ်ပါသည်။ ထန်းရည် မြေအိုးတစ်လုံးလျှင် ထန်းလျက် (၂၅)ကျပ်သားခန့်ရရှိပါသည်။ 

       ထန်းလျက်သည် မြန်မာ့ရိုးရာအစားအစာထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ မြန်မာ့ရိုးရာမုန့် အများစုတွင် ထန်းလျက်သည် မပါမဖြစ် အသုံးပြုကြသော အစားအစာတစ်မျိုးဖြစ်ပါသည်။ မြန်မာ့ရိုးရာ မုန့်များဖြစ်သော မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ မုန့်ကျွဲသဲ၊ မြေပဲယို၊ သာကူစသည့် မုန့်များတွင် ထည့်သွင်းစားသုံးကြသည့်အပြင် ဟင်းချိုမှုန့်အစား ထန်းလျက်မှုန့်အား အသုံးပြုလေ့ရှိပါသည်။ ထို့အပြင် အချို့ဒေသများတွင် မုန့်ဟင်းခါးဟင်းရည်ချက်ရာတွင်လည်း ထန်းလျက်အနည်းငယ်ထည့်၍ ချက်ခြင်းဖြင့် အချိုအရသာလေးနက်စေကြောင်း သိရှိရပါသည်။

      ထန်းလျက်ကို ဆေးအဖြစ် စားသုံးလိုလျှင် နေ့လယ်စာစားပြီး တစ်ခဲနှစ်ခဲစားပေးခြင်းဖြင့် အစာချေစနစ်ကို ကောင်းမွန်စေကာ အစာကြေလွယ်စေပါသည်။ ထန်းလျက်ကို ဂျင်းနှင့်ရောပြုတ်၍ သောက်ခြင်းဖြင့် အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ အအေးမိခြင်း၊ နှာစေးခြင်းတို့ကိုလည်း သက်သာစေပြီး ထန်းလျက်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း မလိုလားအပ်သော အဆိပ်အတောက်များကိုလည်း ချေဖျက်ပေးနိုင်စွမ်းရှိသည်ဟု သိရှိရပါသည်။ ထန်းလျက်သည် ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း အထူး ကောင်းမွန်၍ ကျိုချက်ထားသော ထန်းလျက်ရည်(သကာရည်)ကို နေ့စဉ် စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက်စားသုံးခြင်းဖြင့် အမျိုးသမီး ဓမ္မတာမလာခင် နာကျင်ကိုက်ခဲခြင်းဝေဒနာကိုလည်းသက်သာ စေပါသည်။ ထန်းလျက်သည် အမျှင်ဓါတ်ပါဝင်မှုကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေနိုင်သည်ဟု သိရှိရပါသည်။

         ယခု၂၀၂၃ခုနှစ်၊မေလတွင် ရိုးရိုးထန်းလျက် (၁)ပိဿာလျှင် ကျပ်(၂၄၀၀-၂၆၀၀)၊ ဇီးထန်းလျက် (၁)ပိဿာ လျှင် ကျပ်(၃၉၀၀-၄၁၀၀)၊ အုန်းထန်းလျက် (၁)ပိဿာလျှင် ကျပ်(၃၉၀၀-၄၁၀၀)၊ နှမ်းဖတ် ထန်းလျက် (၁)ပိဿာလျှင် ကျပ်(၄၃၀၀-၄၅၀၀)အထိ ဈေးရရှိပါကြောင်းနှင့် ထန်းလျက်ဈေးနှုန်းမှာ တက်ဈေးနှုန်းဖြင့်သာ ရပ်တည်လျက်ရှိပါကြောင်း သားလူးကန်ကျေးရွာနေ ထန်းတက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး ထံမှသိရှိရပါသည်။

         ထန်းလျက်အား အရောင်းအဝယ်ပြုလုပ်ရာတွင် ထန်းတက်လုပ်ကိုင်သူများထံမှ ဒေသခံ ထန်းလျက် ပွဲစားများက ဝယ်ယူ၍ ထန်းလျက်ပွဲရုံများထံသို့ တင်ပို့ရောင်းချကြပါသည်။ အချို့ ဒေသခံ ပွဲစားများက ထန်းလျက်အား ဈေးကောင်းရှိနိုင်ရန်အတွက် သကာရည်အဖြစ် ပြန်ကျိုကာ ဇီးထန်းလျက်၊ အုန်းထန်းလျက်၊ နှမ်းဖတ်ထန်းလျက်၊ ပေါက်ပေါက်ဆုပ်ထန်းလျက်များအား ပြုလုပ်၍ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး၊ ရန်ကုန်နှင့် မန္တလေး စသည့်မြို့ကြီးများထံသို့ တင်ပို့ရောင်းချ ကြကြောင်းလည်း သိရှိရပါသည်။

DOCA(မကွေး)