စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် (၉.၅.၂၀၂၃ )ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့ စည်ပင် သာယာဈေးသို့ သွားရောက်၍ ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ရေထွက် ပစ္စည်းများဖြစ်သည့် ငံပြာရည်ပုလင်းများ၊ ငါးပိဘူးများ၊ ပုဇွန်ခြောက်ဘူးများ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်း အမှတ်အသားများ ဖော်ပြရန် ပြဌာန်းထားရှိရာ စီးပွားရေးလုပ်ငန်းရှင်များက ကုန်အညွှန်းအမှတ် အသားများဖော်ပြရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းညွှန်ကြားချက်ကို ယခင်နှစ်များက ဆိုင်များသို့ဖြန့်ဝေပေးပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်း မပြုရန်လိုပါကြောင်း ဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ အမှတ်(၁) ရပ်ကွက်၊ ငုဝါလမ်းရှိ ဦးထွန်းထွန်းနိုင်၏ သစ်သားအခြေခံမီးဖိုချောင်သုံး ပစ္စည်းလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပြီး လုပ်ငန်းရှင်ဦးထွန်းထွန်းနိုင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့်သက်ဆိုင်သည့် ပြဌာန်းချက်များကို ဆွေးနွေးခဲ့ကြောင်း၊ ယင်းလုပ်ငန်းတွင် မီးဖိုချောင်သုံးယောက်မ၊ ငရုပ်ဆုံ၊ စင်းတီတုံးများအပြင် ဆွမ်းတော်တင်ကလပ်နှင့် ဆွမ်းအုပ်များကို သစ်သားဖြင့် ထုတ်လုပ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)