စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်နှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့တို့ ဦးဆောင်၍ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မေလ(၁၈) ရက်၊ ကြာသပတေးနေ့၊ နေ့လယ်(၁)နာရီခွဲအချိန်တွင် မုံရွာမြို့ရှိ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၌ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ(၅၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးလွင်က မိမိတို့ဌာနသို့ လာရောက်ဟောပြောပေးပါသော စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူနှင့်ဆိုင်သော အသိပညာဗဟုသုတများ၊ အခွင့်အရေးများ၊ ဆောင်ရန်/ရှောင်ရန်အချက်များအား ယခုဟောပြောပွဲမှတစ်ဆင့် သိရှိမည်ဖြစ်ပါ၍ အလွန်ကောင်းမွန်ပါ ကြောင်းနှင့် မိမိတို့ မီးသတ်ဦးစီးဌာနသည်လည်း ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနတစ်ခုဖြစ်သည့်အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် စားသုံးသူနှင့်သက်ဆိုင်သော အသိပညာဗဟုသုတများအား မှတ်သားစေလိုပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခုအကြောင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်တာဝန်များ၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များအား ပါဝါပွိုင့်များဖြင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပာယ်များ၊ စားသုံးသူတို့၏အခွင့်အရေးများနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများအား ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ယခင်ဖြေရှင်းပေးခဲ့သော စားသုံးသူအငြင်းပွားမှုများအား Powerpoint များ၊ ဗီဒီယိုကလစ်များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တပ်ဖွဲ့ဝင်များထံမှ သိလိုသည့်မေးခွန်းများအား ရှင်းလင်းဖြေကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဝေမျှခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)