HighLight News

Powered by Drupal

ဝိုင်းမော်မြို့နယ်မှ စားသောက်ကုန်ရောင်းချသောလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ရုံးအုပ် ဦးဘောမ်ဇုန်းသည် (၁၇-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာရှိ စားသောက်ကုန်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင် (၃) ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုသိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ကုန်စည်များကို စားသုံးသူများယုံကြည်စိတ်ချရစွာအသုံးပြုနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ဂရုတစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်များအနက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ တားမြစ်ချက်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များတို့ကိုသိရှိလိုက်နာရမည်ဖြစ်ကြောင်းတို့ကိုး အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

သံတွဲမြို့၊ မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် (၁၄-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၃၀) နာရီအချိန်တွင် သံတွဲမြို့၊ အံတော်ကျောင်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် အံတော်ကျောင်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ဦးမျိုးမြင့်ထွန်း (ဒု-ဦးစီးမှူး) က အစားအသောက်နှင့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရေးနှင့် ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိကို သေချာစွာလေ့လာဖတ်ရှုပြီးမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း အကျယ်တဝင့်အသိပညာပေးဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ကာ ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ကယားပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းဖွင့်လှစ်

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ စားသုံးသူဆိုင်ရာအသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား ဖွင့်လှစ်ပို့ချရာ သင်တန်းသားစုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြပါသည်။

     အဆိုပါသင်တန်း၌ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က မိမိတို့ဌာန၏ရည်မှန်းချက်မှာ “စားသုံးသူအခွင့်အရေး ဦးစားပေး” ဖြစ်ပြီး  မျှော်မှန်းချက်တာဝန်များမှာ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပါကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ‌အောင်မြင်ရန်အတွက် ဝန်ထမ်းများစွမ်းဆောင်ရည်ပြည့်ဝနေရန်လိုအပ်ပါကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ပြည်ပသို့တင်ပို့သောဆန်အမျိုးအစားများနှင့် အရည်အသွေးဆိုင်ရာစံချိန်စံညွှန်းများအကြောင်းအား အကျယ်တဝင့်အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ) က အမျိုးသားအစားအသောက်ဥပဒေနှင့်စပ်လျဉ်း၍ ဥပဒေ၏ရည်ရွယ်ချက်၊  အစားအသောက်ဆိုင်ရာအရည်အသွေးသတ်မှတ်ချက်များ၊ ဘေးအန္တရာယ်နှင့်ကျန်းမာရေးအတွက် လိုအပ်သောသတင်းအချက်အလက်များနှင့် အစားအသောက်ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ထုတ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပြည်ပသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ခင်းကျင်းပြသခြင်း၊ နမူနာပေးခြင်းပြုရာတွင် အမှတ်တံဆိပ်ဖော်ပြခြင်း စသည့် Suppy chain တစ်လျှောက်လုံးတွင် ဒေသစံနှုန်း၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်ရေးကိစ္စရပ်များအားလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဘေးအန္တရာယ်ရှိသောကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်းမှပြန်လည်သိမ်းဆည်းစေခြင်းနှင့် ဘေးအန္တရာယ်ရှိသောဝန်ဆောင်မှုကို တားမြစ်ခြင်းများဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများကိုလည်းကောင်း၊ ဝန်ထမ်းများအဂတိလိုက်စားမှုမရှိစေရေးအတွက်  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း သိရှိစေရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ထို့နောက် ဦးစီးမှူးဒေါ်သစ္စာဖူးက ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ၏ အစီရင်ခံတင်ပြရမည့်အချက်အလက်များ၊ စစ်ဆေးသည့်ရက်စွဲ၊ အချိန်၊ နေရာ၊ ကုန်စည် ရောင်းချသူ (သို့မဟုတ်) ဝန်ဆောင်မှုပေးအပ်သူ၏အချက်အလက်၊ ကုန်စည်/ဝန်ဆောင်မှုတွင် ပါဝင်သောအချက်အလက်များကိုရေးသားရန်၊ ဈေးကွက်အတွင်းသို့ သွားရောက်စစ်ဆေးရခြင်း၏ရည်ရွယ်ချက်၊ စစ်ဆေးတွေ့ရှိချက်တို့ကိုရေးသားဖော်ပြရန်နှင့် မည်ကဲ့သို့အရေးယူဆောင်ရွက်သင့်ကြောင်း၊ တရားမဝင်လမ်းကြောင်းမှဝင်ရောက်သော ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်သင့်သည့်နည်းလမ်းများလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၇) ရက် နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်ရပ်ကွက်နှင့်ရွှေ‌တောင်ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင် (၁၂) ဆိုင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှု/မရှိကို မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအများစုကို ရန်ကုန်တိုင်းဒေသကြီးနှင့် တောင်ကြီးမြို့မှ အများဆုံးတင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော စားသုံးဆီဘူးများကိုသာ တင်သွင်းရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချသည့်စားသုံးဆီဘူးများတွင် ပင်ရင်းပါဝင်ပစ္စည်းများကို အခြေခံသောကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့်ဖော်ပြထားရှိပြီး ကုန်စည်များ၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် တိကျစွာဖော်ပြထားသည့် စားသုံးဆီဘူးများကိုသာတင်သွင်းရောင်းချကြရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် ဝိုင်းဝန်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၆-၇-၂၀၂၃) ရက်နေ့တွင် ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း (၃) ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း (၁) ဦးတို့ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ် (၇) ရပ်ကွက်၊ ဈေးတောင်ဘက်ရှိ စားသုံးဆီအမျိုးမျိုးရောင်းဝယ်ရေးဆိုင် (၄ )ဆိုင်နှင့် အမှတ် (၅) ရပ်ကွက်၊ မင်းရပ်ရှိ ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင် (၂) ဆိုင်သို့လည်းကောင်း၊ (၁၃-၇-၂၀၂၃) ရက်နေ့တွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၂) ဦးတို့သည် ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ သူဇာရပ်ရှိ ဆန်နှင့်ဆီအမျိုးမျိုးရောင်းဝယ်ရေးဆိုင် (၁) ဆိုင်နှင့် အမှတ် (၃) ရပ်ကွက်၊ ရူပကလျာလမ်းကြားရှိ Goody အမှတ်တံဆိပ်ဆီ ကိုယ်စားလှယ်ရောင်းချသည့်ဆိုင်သို့လည်းကောင်း၊  (၁၄-၇-၂၀၂၃) ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုးအရောင်းဝယ်ရေးဆိုင် (၁) ဆိုင်သို့လည်းကောင်းသွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးဆီသည် နေ့စဉ် ချက်ပြုတ်စားသောက်မှုတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့်ကုန်စည်ဖြစ်သဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂) တွင် ပင်ရင်းပါဝင်ပစ္စည်းအားအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရမည့်အပြင် အလေးချိန် ဖော်ပြရာတွင် မြန်မာအလးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများအားသိရှိလိုပါက ရုံးဖွင့်ရက်၏ ရုံးချိန်အတွင်း Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးတို့ကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

     စားသုံးဆီများသည် နေ့စဉ်ချက်ပြုတ်စားသောက်ရာတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့်ကုန်စည်ဖြစ်သောကြောင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့်ဆီများနှင့် ပြန်လည်သန့်စင်ထားသည့်ဆီများကို ဈေးကွက်အတွင်းရောင်းချနေပါက စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်ပွားစေခြင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်ဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်ပွားလာနိုင်ခြင်း၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂) ဖြင့် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်အား မြန်မာဘာသာဖြင့် တိကျစွာဖော်ပြစေခြင်းကို လိုက်နာဆောင်ရွက်မှုရှိ/မရှိတို့စစ်ဆေးရန်အတွက် တိုင်း/ပြည်နယ်များအနေဖြင့် စားသုံးဆီအမျိုးမျိုးနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှညွှန်ကြားထားရှိပါသည်။

          သို့ဖြစ်ပါ၍ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၁) ဦး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း (၂) ဦး၊ သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်း (၁) ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲမှ ဝန်ထမ်း (၁) ဦး၊ စုစုပေါင်း (၆) ဦးတို့သည် မုံရွာမြို့ပေါ်ရှိ စားသုံးဆီတံဆိပ်အမျိုးမျိုးရောင်းချလျက်ရှိသော Ocean Center သို့လည်းကောင်း၊ ချင်းတွင်းရတနာဈေးနှင့် သီရိရတနာဈေးရှိ ကိုယ်ပိုင်ဆီစက်ဖြင့်ဆီကြိတ်၍ ကိုယ်ပိုင်တံဆိပ်ကပ်ရောင်းချလျက်ရှိသော ဆီဆိုင်များသို့လည်းကောင်း၊ စက်မှုဇုန်ရပ်ကွက်ရှိ ဆီစက်များသို့လည်းကောင်း သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ပါ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြကြောင်း၊ (၁၄-၇-၂၀၂၃) ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၁) ဦးတို့သည် နန္ဒဝန်ရပ်ကွက်ရှိ K-MART စတိုး၊ မြဝတီရပ်ကွက်ရှိ ဆင်မင်း-၄ စတိုးဆိုင်များသို့လည်း သွားရောက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ထားဝယ်မြို့ပေါ်ရှိ အလှကုန်ဆိုင်များကို စျေးကွက်စောင့်ကြည့်စစ်ဆေး

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ အလှကုန်ဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။     

    ထိုသို့ဆောင်ရွက်ရာတွင် စျေးကွက်အတွင်းရောင်းချနေသော အလှကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူအသုံးပြုနိုင်စေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်တင်သွင်းလာသောအလှကုန်ပစ္စည်းများ စျေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ၊  Online စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။  ပေါ်မှတစ်ဆင့် ဖြန့်ချိရောင်းချနေသော တရားမဝင်အလှကုန်ပစ္စည်းများရောင်းချနေမှုများရှိ/မရှိနှင့် သက်တမ်းကုန်လွန်သောအလှကုန်ပစ္စည်းများရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

                                                                                                 

         

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၂၀-၇၀-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၈) ရပ်ကွက်၊ ဝန်တော်အိမ်ရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ရွှေဘိုခရိုင်ဦးစီးမှုးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း (၃) ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း (၁) ဦးတို့ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     အဆိုပါ ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင်တွင် စံမညီဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် အိမ်သုံးဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ရောင်းချခြင်းရှိကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် စံမညီဆေးဝါး၊ တရားမဝင်ဆေးဝါးနှင့် သက်ဆိုင်သည့်အချက်အလက်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေး၊ လိမ်းဆေးနှင့် ကျန်းမာရေးအထာက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့တွင် ပါဝင်ရမည့်ကုန်အညွန်းအမှတ်အသားများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကာ စံမညီဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများစာရင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့မရဲစခန်းမှ ရဲတပ်ကြပ် သိန်းဇော်ဌေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ (အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင်တို့သည် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်းရှိ အောင်ချမ်းမြေ့ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်ရှိ စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

  အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့်စားသုံးဆီများသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ   Goody ဟင်းရွက်ဆီများတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကိုသာတွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီမှုရှိကြောင်း၊ သက်တမ်းလွန်စားသောက်ကုန်များကိုရောင်းချမှုမရှိသော်လည်း ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့်ကုန်စည်အပေါ် တာဝန်ရှိမှုကိုနားလည်သိရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊  အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့်ကုန်ပစ္စည်းများကိုသာရောင်းချကြရန်ဖြစ်ကြောင်းနှင့် မိမိတို့ထံ လက်ဝယ်လာရောက်ပို့ဆောင်သောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားမပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းပေးရန်နှင့်မပြည့်စုံပါက “မိမိတို့ကဝယ်ယူရောင်းချမည်မဟုတ်” ဟု လက်ဆင့်ကမ်းပြောကြားပေးရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးပါကြောင်း၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များအကြောင်းကို သိရှိလိုက်နာရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

သီပေါမြို့၊ အောင်ရတနာဆီစက်အား ကွင်းဆင်းစစ်ဆေး

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်အတွင်းတွင် သီပေါမြို့၊ ပန်းတိမ်မြောက်ရပ်ကွက်ရှိ “အောင်ရတနာ” ဆီစက်သို့ ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးအတွက် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်လာစေရန်အတွက် သီပေါမြို့ပေါ်ရှိ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများလုပ်ကိုင်စေရန် ဥပဒေ အခန်း း(၁၈) ပါ ကုန်စည်များပေါ်တွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရမည့်အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ မြန်မာစာဖြင့်ထည့်သွင်းဖော်ပြရမည့် ကုန်စည်အုပ်စု (၈) ခုတို့ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပေးခဲ့ပါကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်တာဝန်များကိုသိရှိစေရန်နှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဈေးနှုန်း၊ ဈေးကွက်၊ ရောင်းအားအခြေအနေများသိရှိစေရန်တို့အတွက် တင်ပို့ရောင်းချသည့်ဒေသများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News