HighLight News

Powered by Drupal

မြိတ်မြို့၌ သောက်ရေသန့်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းနှင့် ထုတ်ကုန်ပိုမိုလုံခြုံစိတ်ချမှုရှိစေရန် အသိပညာပေးခြင်းများဆောင်ရွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ တွင် မြိတ်မြို့၊ သောက်ရေသန့်နှင့်ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းနှင့် မိမိတို့ထုတ်လုပ် ရောင်းချသည့် ကုန်ပစ္စည်းများတွင် ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းအစည်းအဝေးသို့   တနင်္သာရီတိုင်းဒေသကြီး၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ သောက်ရေသန့်လုပ်ငန်းများ၊ စားသုံးဆီလုပ်ငန်းများနှင့် အခြားလုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ်သော ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ထုတ်လုပ်နှင့် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးမဖြစ်ပေါ်စေရန်၊ မိမိ၏ထုတ်ကုန်အား မကြာခဏ ဓါတ်ခွဲစစ်ဆေးရန်၊ စားသောက်ကုန်များတွင်လည်း သန့်ရှင်းသောဆီများသာသုံးစွဲရန် ရှင်းလင်းပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ သောက်ရေသန့်လုပ်ငန်းများ၊ စားသုံးဆီလုပ်ငန်းများအသင်းများဖွဲ့စည်းနိုင်ရန်အတွက် လိုအပ်သော အချက်အလက်များမျှဝေပေးခြင်း၊ စားသုံးသူမျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူဥပဒေပါ အချက်များအားရှင်လင်းခြင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စီးပွား‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ရာ တက် ရောက်လာသော လုပ်ငန်းရှင်များမှ သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးခဲ့ပြီး အခမ်းအနားအား နေ့လည်(၁၂း၀၀)အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

ကုန်အညွှန်း အမှတ်အသားနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေး

           စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည်     ၂. ၂. ၂၀၂၂ ရက်နေ့တွင် ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက် ၊ မြတ်သုခလမ်းရှိ ‌ ဒေါ်ဝင်း အမှတ် တံဆိပ်ပါ အသင့်စား ငါးပိရည်ကျိုအနှစ်‌ခြောက်လုပ်ငန်း မှ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ထုတ်လုပ်သည့် ကုန်စည်များနှင့် ပတ်သက်ပြီး ၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁) အရ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်း နှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံ စားသုံးသူ      ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) နှင့် အညီ ကုန်စည်များပေါ်တွင် မြန်မာ ဘာသာဖြင့် ပြည့်စုံစွာဖေါ်ပြနိုင်ရေး၊ ကုန်စည်ထုတ်လုပ်မှုနှင့် ပတ်သက်၍ စားသုံးသူများ နစ်နာမှု မရှိစေရေး စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်မှလိုက်နာရမည့် တာဝန်များ ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းအား သိရှိစေရန် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မကွေးမြို့ပေါ်ရှိ ပေါင်မုန့်/ကိတ်မုန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း ၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြလာစေရေးအတွက် (၄.၂.၂၀၂၂)ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများသည် မကွေးမြို့ပေါ်နှင့် ကျေးလက်ဒေသများအထိ ဝယ်ယူ စားသုံးမှု မြင့်မားနေသော ပေါင်မုန့်၊ ကိတ်မုန့်၊ ကိတ်ခြောက်၊ ကွတ်ကီးနှင့် မွေးနေ့ကိတ် များ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးလျက်ရှိသည့်လုပ်ငန်းသို့ သွားရောက် အသိပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါ လုပ်ငန်းသည် ကိုဗစ်ကာလနောက်ပိုင်းတွင် မကွေးမြို့၌ နာမည်ကြီး လူသုံးများ လာသည့်အတွက် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနသို့ မှတ်ပုံတင်လျှောက်ထားလာရာ မိမိတို့ဌာန အနေဖြင့်လည်း စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြလာစေရေး ထုတ်လုပ်သည့် လုပ်ငန်းခွင်သို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး ဥပဒေအား ချပြအသိပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်မှ အစား အသောက်အုပ်စု အသင့်စားမုန့်အမျိုးအစားတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုး အမည်၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့် ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန် ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည် ဖြစ်သည့်အပြင် မိမိထုတ်လုပ်သည့် ကုန်စည်နှင့်ပတ်သက် ၍ ဘေးအန္တရာယ်ကင်းရှင်းမှုကို အာမခံမှုပေးရမည်ဖြစ်ကြောင်း၊ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အခက်အခဲတစ်စုံတစ်ရာရှိပါက မိမိတို့ဌာနသို့ လာရောက်အကူအညီတောင်းခံနိုင်ပါကြောင်း၊ အဆိုပါလုပ်ငန်းမှ ကိတ်မုန့်များမှာ မကွေးမြို့တွင် လူသုံး များသည့်အပြင် ရန်ကုန်/ မန္တလေးမှလာသည့် နာမည်ကြီး ကိတ်မုန့်/ ပေါင်မုန့်များနှင့် အရည်အသွေး တူပြီး ဈေးနှုန်းပိုမိုသက်သာသည့်အတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုပြည့်စုံပါက ဒေသတွင်း သာမက အခြားအမြို့မြို့အနယ်နယ်များအထိပါ ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

          ဤကဲ့သို့ ဒေသတွင်း တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများသို့ သွားရောက် အသိပညာပေးဆွေးနွေးခြင်းအားဖြင့် စားသုံးသူပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှုရှိ၍ အာမခံမှု ပေးနိုင်သည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူနိုင်မည့် အခွင့်အလမ်းများပိုမိုရရှိလာမည် ဖြစ်သည့်အပြင် လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝန်းသို့ တင်ပို့ရောင်းချလာနိုင်ခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

ကျန်းမာရေးနှင့်ညီညွတ်သည့် ဒေသထွက်စားသုံးဆီများ ပြောင်းလဲစားသုံးရေး Talk Show တွင် ဆွေးနွေး

          မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ ဥပဒေပါ ပြဌာန်းချက်များကို စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှု ကဏ္ဏ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူ တောင်သူများ၊ ကုန်သည်/ ပွဲစား/ Exporter များနှင့် တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အခြေအနေ ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူးများမှ ပေးပို့လာသည့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းများကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းသည် (၃.၂.၂၀၂၂) ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌  စားသုံးသူ ကာကွယ် ရေးဆိုင်ရာအသိပညာပေး အစီအစဉ်ကို Online မီဒီယာမှတဆင့် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မင်းဘူးခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ နှင့်အညီ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြလာစေရေး ထုတ်လုပ်သူလုပ်ငန်းရှင်များ၊ ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များသို့ ကွင်းဆင်းအသိပေးဆောင်ရွက်နေမှု အခြေအနေများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ (၂၀.၁၂.၂၀၂၁) ရက်နေ့တွင် စားသုံးဆီနှင့် စပ်လျဉ်း၍ အမိန့် ကြော်ငြာစာ ၁/၂၀၂၁ ဖြင့် ထုတ်ပြန်ခဲ့သည့် စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေသည့် အမှတ်တံဆိပ် မျိုးစုံဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိသည့် ဟင်းသီးဟင်းရွက်ဆီများကို ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး အလေးချိန်ဖော်ပြရာ တွင်လည်း မြန်မာဘာသာဖြစ်သည့် ပိဿာ/ကျပ်သားတို့ဖြင့် ဖော်ပြပေးရမည်ဖြစ်ပြီး အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မဖြစ်မနေဖော်ပြရမည် ဖြစ်ပြီး ပြင်ဆင်ချိန်ကာလအနေဖြင့် (၆)လပေးထားပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အချိန်မီပြင်ဆင် ကြရန်လိုကြောင်း၊ သတ်မှတ်ကာလပြည့်မီ၍ ဈေးကွက်တွင်စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူ ခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          စားသုံးသူပြည်သူများအနေဖြင့်လည်း ဆီကို အလွန်အကျွံစားသုံးခြင်းသည် ကျန်းမာရေးကိုထိခိုက် နိုင်သည့်အတွက် နိုင်ငံတော်အစိုးရမှ ပြည်သူများ၏ ကျန်းမာရေးကိုရှေးရှု၍ စားအုန်းဆီတင်သွင်းမှုကို လျော့ချဆောင်ရွက်လျက်ရှိရာ စားအုန်းဆီဈေးနှုန်းနှင့် ဒေသထွက် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့၏ ဈေးနှုန်းမှာ များစွာကွာခြားမှုမရှိသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် ပြည်တွင်းထွက် စားသုံးဆီများ ကို ပြောင်းလဲစားသုံးရန် အကြံပြုလိုပါကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်။

DOCA(

ဒိန်ချဉ်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြလာရေး အသိပေးဆွေးနွေး

          မကွေးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဌာနသည် စားသုံးသူပြည်သူများ လုံခြုံစိတ်ချမှု ရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များအား စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်စေရန် စက်ရုံ အရောက် လုပ်ငန်းခွင်အရောက်သွားရောက်တွေ့ဆုံ အသိပညာပေးဆွေးနွေးခြင်း ဘေးကင်းလုံခြုံမှုရှိသည့် ကုန်စည်များ ရွေးချယ်ဝယ်ယူနိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်် ပြည်သူများသို့ သတင်းအချက်အလက်များ ဥပဒေပါပြဌာန်းချက်များနှင့် နည်းပညာများ ဖြန့်ဝေပေးခြင်း ပြည်တွင်းကုန်သွယ်မှုကဏ္ဍတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူတောင်သူများ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လိုအပ်သည့်အခက်အခဲများအား ကူညီဖြေရှင်းပေးခြင်း စီးပွားရေးသံမှူးများမှ ပေးပို့လာသည့် ဈေးကွက်သတင်းများအား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။

          တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်ရယူထားသည့် မကွေးမြို့ ၊ မစိုးရိမ်ရပ်ကွက်ရှိ “ sk ” ဒိန်ချဉ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းသို့ (၄.၂.၂၀၂၂) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင် ဦးဆောင်သောအဖွဲ့မှ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ မိမိထုတ်လုပ်သည့် ကုန်စည်သည် စားသုံးသူပြည်သူများအတွက် ဘေးကင်းလုံခြုံမှုရှိရမည်ဖြစ်ပြီး မိမိကုန်စည်ကြောင့် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေး အာမခံရမည်ဖြစ်ကြောင်း၊ နို့ကိုအခြေခံ ထုတ်လုပ်ထားသည်ဖြစ်၍ သန့်ရှင်းမှုနှင့်လတ်ဆတ်မှုကို အဓိကထား ထုတ်လုပ်သွားရန်လိုကြောင်း၊ မိမိထုတ်လုပ်သည့် ကုန်စည်ကို မူလတန်းအရွယ် ကလေးငယ်မှ စ၍ အလွယ်တကူ ဖတ်ရှုနားလည်နိုင် စေရန် ကုန်ပစ္စည်းအမျိုးအမည် ၊ အရေအတွက် (သို့) အသားတင်ပမာဏ ၊ သုံးစွဲပုံ နည်းလမ်း ၊ ထားသိုသိမ်းဆည်းပုံ၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို ဒိန်ချဉ်၏ ကုန်အမှတ်တံဆိပ်ပေါ်တွင် မြန်မာဘာသာဖြင့် ထင်ရှားစွာ ထည့်သွင်းအသိပေးသွားရန်နှင့် အခက်အခဲ ရှိပါက မိမိတို့ဌာနသို့ လာရောက်၍ ကူညီတောင်းခံနိုင်ပါကြောင်း နှင့် ကုန်အမှတ်တံဆိပ်များကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဖော်ပြပေးခြင်းဖြင့် “SK” ဒိန်ချဉ်အပေါ် စားသုံးသူပြည်သူများ ယုံကြည်မှု ပိုမိုရရှိစေပြီး ဈေးကွက်အနေဖြင့်လည်း မြန်မာတပြည်လုံးသို့ ဖြန့်ချီသွားနိုင်မည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ကျောက်မဲမြို့ရှိ အရောင်းဆိုင်များတွင် ရှောင်တခင်ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောပွဲ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများသုံးစွဲသော ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းစေရန်အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခြင်း များကို အဓိကထား ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီး ဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံကိန်းဦးစီးဌာနတို့မှ ပူးပေါင်း၍ (၁.၂.၂၀၂၂) ရက်နေ့၊ နံနက်(၁၀) နာရီခန့်၌ ကျောက်မဲမြို့ပေါ်တွင် ရောင်းချလျက်ရှိသည့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၊ အလှကုန်ပစ္စည်း အရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတို့တွင် ရှောင်တခင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ရှောင်တခင်စစ်ဆေးရာ၌ ရောင်းချသည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ပြည့်စုံစွာပါဝင် ခြင်းရှိ/မရှိကို လည်းကောင်း၊ သက်တမ်းလွန် ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချနေမှုရှိ/မရှိကို လည်းကောင်း၊ ကုန်စည်များအား ပုံမှန်ဈေးနှုန်းထက်ပို၍ ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုရှိ/မရှိကို လည်းကောင်း စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ် အသားဆိုင်ရာများနှင့် ပတ်သက်သည့်အချက်အလက်များ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ၎င်းနောက် ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချနေမှုအား စစ်ဆေးတွေ့ရှိခဲ့မှုအပေါ်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ဆောင်ရွက်ရန်လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်းနှင့် ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသား ပြည့်စုံစွာဖော်ပြရန်လိုအပ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 “အထူးစျေးနှုန်းဖြင့်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

        မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ကျွဲတပ်ဆုံကျေးရွာအနီး (မိတ္ထီလာ-တောင်ကြီး) ကားလမ်း၊ မိုင်တိုင်အမှတ် (၃၁/၁-၂) မိုင်ရှိ စက်သုံးဆီအရောင်း ဆိုင်များသို့ (၂၈.၁.၂၀၂၂) ရက်နေ့ (၁၂) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊သာစည်မြို့နယ် တာဝန်ခံသည် စည်ပင်သာယာရေးဝန်ထမ်းများနှင့်အတူ “Moon Sun” စက်သုံးဆီအရောင်းဆိုင်၊ “ ကျော်စံ” စက်သုံးဆီအရောင်းဆိုင်၊ “ ရှမ်းရွှေတောင်” စက်သုံးဆီအ ရောင်းဆိုင်များသို့ သွားရောက်၍  စက်သုံးဆီများ အား အထူးစျေးနှုန်းဖြင့် ရောင်းချမှုအခြေအနေများ၊ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိစေ ရေးနှင့် သတ်မှတ် ထားသည့် ခွဲတမ်း၊ စျေးနှုန်းများမှန်ကန်မှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

        စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ရောင်းချသော ကုန်စည်တို့နှင့်ပတ်သက်၍ သတင်းအချက်အလက်များအား အများပြည်သူတို့ ရှင်းလင်းစွာ သိရှိနိုင်ရန် အတွက် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်ဖြန့်ဝေပေးကြရန် သတ်မှတ်အရည်အသွေး ပြည့်မှီသော စက်သုံးဆီများကိုသာ ရောင်းချကြရန်နှင့် အထူးစျေးနှုန်းဖြင့် ရောင်းချမည်ဆိုပါက စည်းကမ်းချက် များနှင့်အညီ မှန်ကန်စွာ ရောင်းချ ‌‌ပေးကြရန် အသိပေးပြောကြားဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

ကရင်ပြည်နယ် ရေသန့်လုပ်ငန်းရှင်အသင်း ၊ မြဝတီခရိုင် ရေသန့်လုပ်ငန်းရှင်များ အသင်းနှင့် တွေ့ဆုံခြင်း

          ကရင်ပြည်နယ်ရေသန့်လုပ်ငန်းရှင်အသင်း၏ ဖိတ်ကြားချက်အရ ၂.၂.၂၀၂၂ ရက်နေ့၊ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် မြဝတီမြို့ ရွှေကမ္ဘာ ဟိုတယ်အစည်းအဝေးခန်းမ၌ မိတ်ဖက်ဌာနများဖြစ်သော စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာ၊ မြဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြဝတီ သောက်ရေ သန့်လုပ်ငန်းရှင်များအသင်းတွေ့ဆုံ၍ သောက်ရေသန့်လုပ်ငန်းများအကြောင်းနှင့် ပတ်သက်၍ ဆွေး နွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ် သောက်ရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ကျော်သူက ဘားအံမြို့ရှိ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းကို (၄၂)ဦး ဖွဲ့စည်းထားပြီး ၂၀၁၉ခုနှစ်မှာ စတင်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဘားအံ၊ ကော့ကရိတ်၊မြဝတီ၊ ဘုရားသုံးဆူ ကရင်ပြည်နယ်အသင်းအနေဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ဘားအံမြို့တွင် သောက်ရေသန့် လုပ်ငန်းရှင်များ အသင်းဆွေးနွေးညှိနှိုင်းမှုများကို လစဉ်အဆက်မပျက် ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြကြောင်း၊ မြဝတီမြို့သို့ ပထမအကြိမ်လာရောက်၍ ဌာနဆိုင်ရာများကိုပါ ဖိတ်ကြားပြီး သောက်ရေ သန့်လုပ်ငန်းမှာ အဆင့်တစ်ခုအနေဖြင့် ရပ်တည်နိုင်ရန် ပူးပေါင်းကြိုးပန်းဆောင်ရွက်လိုပါကြောင်း၊ FDA ဌာန၏ အမိန့်ညွှန်ကြားချက်များ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်အမှတ်တံဆိပ်နှင့် ပတ်သက်၍ ညွှန်ကြားချက်များကို လိုက်နာ၍ ဆောင်ရွက်ကြရန်နှင့် မြဝတီသောက်ရေသန့်လုပ်ငန်းရှင် အသင်းအဖွဲ့တွင် အကြောင်း အမျိုးမျိုးကြောင့် အသင်းမဝင်ရသေးသော လုပ်ငန်းရှင်များကိုလည်း အသင်းအဖွဲ့တွင်ပါဝင်လာအောင်ဆောင်ရွက် ရန်လိုအပ် ပါကြောင်း ဌာနဆိုင်ရာများအနေဖြင့်လည်း လိုအပ်သောအကူအညီညွှန်ကြားချက်များကို တင်ပြဆွေးနွေးပေးနိုင်ပါရန်နှင့် ရေသန့် လုပ်ငန်းရှင်များမှလည်း ရင်းနှီးဖော်ရွေစွာ ဆွေးနွေစေလိုကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြဝတီခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ပေးရေးဥပဒေများအကြောင်း နှင့် စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား အငြင်းပွား မှုမဖြစ်ပေါ်စေရန် စီးပွားရေးလုပ်ငန်းရှင်တို့၏ လိုက်နာရမည့် တာဝန်နှင့်တားမြစ်ချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ ဤဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များသည် ဥပဒေပြဌာန်းပြီး တစ်နှစ်ပြည့်မြောက်ကျော်လွန်ပြီဖြစ်၍ ၂၀၂၀ မတ်လ ၁၆ရက်နေ့မှစတင်၍ အာဏာတည်ပြီဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ်သော ကုန်စည်၏တံဆိပ်အမှတ်အသားများတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ကုန်စည်အမျိုးအမည်၊ အရွယ်အစား အသားတင် ပမာဏ၊ ထားသိုပုံအညွှန်းတို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ သောက်ရေသန့်လုပ်ငန်းရှင် များသည် ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့တင်ပြစိစစ်လျှောက်ထား နိုင်ပါကြောင်း၊ မိမိတို့ဌာနမှလည်း ပြည်နယ်/ ရုံးဌာနအဆင့်ဆင့်သို့ တင်ပြပြီး အမြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်ပြီဖြစ်ပါက လုံခြုံစိတ်ချရသောထုတ်ကုန်များကို ဈေးကွက်အတွင်းရှိ စားသုံးသူလက်ဝယ်သို့ ဘေး အန္တရာယ်ကင်းရှင်းစွာ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ မြဝတီမြို့ သောက်ရေသန့်လုပ်ငန်းရှင်များအသင်း ဈေးကွက်၊ ဈေနှေုန်းအဆင်ပြေတည်ငြိမ်စေရေးနှင့် လုပ်ငန်းရှင်များအချင်းချင်းအငြင်းပွားမှုမဖြစ်ပေါ်စေဘဲညှိနှိုင်းကြရန်၊ မြဝတီသောက်ရေ သန့်လုပ်ငန်းရှင်များအသင်း ရှင်သန်ထမြောက်ရေး သက်ဝင်လှုပ်ရှားစေရေးအတွက် အသင်းအဖွဲ့ခိုင်မာအားကောင်းလာမှသာ လုပ်ငန်းရှင်များအနေဖြင့် အသင်းအပေါ်ယုံကြည်မှုရှိလာပြီး အသင်းတောင့်တင်းခိုင်မာလာမည်ဖြစ်ကြောင်း၊ အသင်းအနေဖြင့် စဉ်ဆက်မပျက် စည်းဝေးဆောင်ရွက်စေလိုကြောင်း၊ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ မိမိတို့ဌာနမှ အားပေးကူညီဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် အကူအညီအကြံဉာဏ်များ ဆက်လက်ပံပိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် သောက်ရေသန့်လုပ်ငန်းများအပြင် ဟင်းသီးဟင်းရွက်ဆီနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည်များအကြောင်းကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

        ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော သောက်ရေသန့်လုပ်ငန်းရှင်များက မိမိတို့အနေဖြင့် ဌာနဆိုင်ရာများ၏ လမ်းညွှန်ချက်၊ ညွှန်ကြားချက် အကြံပြုချက်၊ လိုက်နာရမည့် အချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရေသန့်တံဆိပ်များကိုလည်း စစ်ဆေးခံ နိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ(၈)ဦး၊ လုပ်ငန်းရှင် (၁၄)ဦး စုစုပေါင်း (၂၂)ဦးတက်ရောက်ခဲ့ပြီး (၁၅:၁၀) နာရီ အချိန်တွင် အခမ်းအနား ပြီးမြှောက်ခဲ့ပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

မလှိုင်မြို့၊ ကူကြီးကုန်း အ.ထ.က(ခွဲ)တွင် စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲ ပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့ ၊ နံနက်(၉း၃၀)အချိန်တွင် မလှိုင်မြို့၊ အ.ထ.က(ခွဲ)ကူကြီးကုန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ  အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနသည် ယခင်နှစ် များက  အသိပညာပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သော် လည်း Covid-၁၉ ရောဂါကူးစက်မှု အခြေအနေများကြောင့်CICC Meiktila Facebook Page (Online)မှ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်သွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များဖြင့်လည်းကောင်း၊ စားသုံးသူအသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့အခွင့်အရေးများဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာပါ က တိုင်ကြားနိုင်ပါ‌ကြောင်း၊ တိုင်ကြားမှုများကိုလည်းစားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေ ရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မလှိုင်မြို့နယ်တာဝန်ခံဦးရဲမြင့်ဆန်းက စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့တွင် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ပါဝင်သော ဥပဒေအသစ်ကို ပြင်ဆင်အတည်ပြု ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးများကို သိရှိမှသာ ကုန်စည်(သို့)ဝန်ဆောင်မှုများအပေါ် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်‌လာပါက အရေးဆိုတိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးများကို တိုင်ကြားမှုဥပမာများဖြင့် စားသုံးသူများသိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးပြော ကြားခဲ့ပါသည်။ ၎င်းအပြင် အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်နှင့်ပတ်သက်၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် ဗဟုသုတများကို ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Application နှင့် www.doca.gov.mm website တွင် ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။  ဟောပြောပွဲတွင် ကျောင်းသား(၉၃)ဦး၊ ကျောင်းသူ (၁၂၆)ဦး၊ ဆရာ/ဆရာမ(၁၅)ဦး စုစုပေါင်း(၂၁၉)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲအား နံနက်(၁၁း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

၁.၂.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

Pages

Subscribe to RSS - HighLight News