HighLight News

Powered by Drupal

ကျိုက်မရော မြို့ နယ်ဆန်စက် လုပ်ငန်းရှင်များအသင်းမြို့နယ် အမှုဆောင်ရွေးချယ်ရေး အခမ်းအနား ကျင်းပ

                ကျိုက်မရောမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေး အခမ်းအနားကို ၂.၆.၂၀၂၂ ရက် နေ့လည် ၁ နာရီက ကျိုက်မရော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )  ခန်းမ၌ပြုလုပ်သည်။

             အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်ဝေက ဆန်စက်လုပ်ငန်းရှင်များ အသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေးအခမ်းအနားပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ညီညီခန့်က အမှုဆောင်သစ် ရွေးချယ်ရခြင်း နှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေးရာတွင် ကော်မတီရွေးချယ် တင်မြောက်ခြင်းကို (၃)နှစ်လျှင် တစ်ကြိမ် ရွေးချယ်တင်မြောက်ကြောင်း၊ ယခု ရွေးချယ်တင်မြောက်ခြင်းသည် ၂၀၂၂ ခုနှစ်မှ  ၂၀၂၅ နှစ်အထိ သက်တမ်းရှိကြောင်း ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသည့် ဆန်စက်ပိုင်ရှင်များမှ မြို့နယ်အမှုဆောင်များကိုရွေး ချယ်တင်မြှောက်ခဲ့ကြသည်။

             ထို့နောက် ကော်မတီဝင်များမှ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)

ရန်ကုန်၌ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်း ကွင်းဆင်းကောက်ယူခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိနိုင်ရန်အတွက် 16.5.2022 ရက်မှစ၍ 28.5.2022 ရက်ထိ မြို့နယ်၊ ရပ်ကွက်များရှိ စားသုံးသူပြည်သူများနှင့် Online ပေါ်ရှိ စားသုံးသူပြည်သူများထံ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းအား ကောက်ယူ‌ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ စစ်တမ်းကောက်ယူရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း မြို့နယ်ပေါင်း (၁၃) မြို့နယ်ရှိ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် မိမိတာဝန်ကျမြို့နယ်အတွင်း ကွင်းဆင်း၍ စစ်တမ်းများကောက်ယူရာတွင် အသက်အပိုင်းအခြားအလိုက် ကျား/မ မရွေးစားသုံးသူကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးမှုနှင့် ပတ်သက်ပြီး နားလည်သိရှိနိုင်မှုစားသုံးသူအခွင့်အ‌ရေးနှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် သတင်းအချက်အလက်များမည်မျှနားလည်ထား ရှိမှု၊ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားအချက်အလက်များ ပါ/မပါ ရေးသားထားရှိမှုများကို သိရှိထားခြင်း ရှိ/မရှိ နှင့် Online  မှတဆင့် ဈေးဝယ်ယူမှုများရှိခဲ့ပါက မိမိစိတ်ကျေနပ်မှု ရှိ/မရှိ၊ စားသုံးသူတစ်ဦးချင်းစီအတွက် မေးမြန်းခြင်းနှင့် Online  မှတဆင့် မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မြို့နယ်အလိုက်တစ်ဦး ခြင်းမေးမြန်းခြင်း (75) ဦးကို စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့် ပြဌာန်းချက်များအပေါ် သိရှိမှုအခြေအနေစသည့်အချက်များကို အခြေခံသည့် စစ်တမ်းမေးခွန်းများကို တိုက်ရိုက်ကောက်ယူခဲ့ကြောင်းနှင့် Online မှတဆင့် မေးမြန်းခြင်း (၃၈) ဦးတို့ကို စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းများ ကောက်ယူနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကုန်သွယ်ရေးဦးစီးဌာန ၊ညွန်ကြားရေးမှူးချုပ်မှ ဗန်းမော်ခရိုင် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

            ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်ဖြင့် ရောက်ရှိလာသော ကုန်သွယ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူချုပ်ဦးမြင့်သူရသည် ၁.၆.၂၀၂၂ရက်နေ့ ဗန်းမော်မြို့၊ မြသီတာဧည့်ရိပ်သာခန်းမ၌ ဗန်းမော်မြို့၊ လွယ်ဂျယ်မြို့မှ ကုန်သည် လုပ်ငန်းရှင်များ၊ ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌနှင့် အဖွဲ့ဝင်တို့အား တွေ့ဆုံ၍ နိုင်ငံတော်ကုန်သွယ်ရေးမူဝါဒများ၊ လက်ရှိဆောင်ရွက်လျက်ရှိသောမူဝါဒများ၊ ဆက်လက်ဆောင်ရွက်သွားမည့်ကုန်သွယ်မှုနှင့် ငွေကြေးဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပြီးနောက် လုပ်ငန်းရှင်များမှ အခက်အခဲများမေးမြန်းဆွေးနွေးရာတွင် ပြန်လည်ရှင်းလင်းခဲ့ပါသည်။ ထို့နောက်ခရီးစဉ်တွင် ပါဝင်လိုက်ပါလာသော အကောက်ခွန်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်မှ အကောက်ခွန်ဦးစီးဌာန၏ ဆောင်ရွက်နေမှုအခြေအနေနှင့် ကုန်သည်လုပ်ငန်းရှင်များ၏ တင်ပြချက်များ၊ သိရှိလိုသည်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် လွယ်ဂျယ်နယ်စပ်စခန်းတာဝန်ခံ ဦးမြင့်ဇော်မိုးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ်အသင်းခွဲ၏ အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

            ၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း (ကရင် ပြည်နယ်အသင်းခွဲ)၏ ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ဇွန်လ (၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင်ကျင်းပခဲ့ရာ  အခမ်းအနားသို့ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းကိုယ်စားလှယ် များ၊ကရင်ပြည်နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊  အသင်းအဖွဲ့များ၊ အသင်းဖွဲ့စည်းမှုကြီးကြပ် ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း ( ၃၇ ) ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါ အခမ်းအနားတွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးသည် မရှိမဖြစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ဖြစ်သည့်အပြင် ရေရှည်တွင် ဆန်ကြိတ်ခွဲမှုအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဆန်စက်များ ပေါ်ထွက်လာရေးသည် အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ ယခု ၂၀၂၂-၂၀၂၅ သက်တမ်းအတွက် ကရင်ပြည်နယ်အသင်းခွဲ၏ အမှုဆောင်သစ်ရွေးချယ်ခြင်းဖြစ်ပါ ကြောင်း၊ ယခုလိုရွေးချယ်တင်မြှောက်ဖွဲ့စည်းခြင်းဖြင့်  ကရင်ပြည်နယ်အတွင်း ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုလုပ်ငန်း ခေတ်မီတိုးတက်စေခြင်း၊ ဆန်စက်လုပ်ငန်းရှင်အချင်းချင်း စည်းလုံးညီညွတ်စေ၍ စိုက်ပျိုးထုတ်လုပ်သူများ၏ ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားစေပြီး ဆန်နှင့်ဆန်ထွက်ပစ္စည်း များ၏ ဈေးကွက်ဝင်အရည်အသွေး ပြည့်မီလာမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစန်းအေးက စိုက်ပျိုးရေးနှင့်ပတ်သက်သော အကြောင်းအရာများ ကိုရှင်းလင်းခြင်း၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနတာဝန်ခံ ဦးခင်မောင်မောင်အုန်းက မိမိဌာနသည် ဒေသထွက်ကုန်များနှင့်ပတ်သက်၍ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိမိဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းရသည့် အကြောင်းအရာများအား ရှင်းလင်းခြင်း ၊ ရွေးချယ်တင်မြှောက်မည့်အစီအစဉ်များ၊ အသင်း၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ဆွေးနွေးခဲ့ပါ သည်။

        ဆက်လက်၍ တက်ရောက်လာသူများမှ ၂၀၂၂-၂၀၂၅ သက်တမ်းကာလ ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းအတွက် အမှုဆောင်သစ်များအား အဆိုပြုခြင်း၊ ထောက်ခံခြင်း စနစ်ဖြင့် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၁၇)ဦးအား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ရွေးချယ်ခံ ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ(သစ်) ဦးအောင်ဇော်ထက်မှ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အဖွဲ့လိုက်မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြကာ အခမ်းအနားကို နေ့လည် (၁၂:၀၀) နာရီအချိန် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

“ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ”

              မတ္တရာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့်(၁-၆-၂၀၂၂)ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် မတ္တရာမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ မတ္တရာမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနစသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဟောပြောဆွေးနွေးခဲ့ပါသည် ။ ပထမဦးစွာ မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးစန်းနောင်မှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။စားသုံးသူရေးရာဦးစီးဌာန၊မတ္တရာ မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာမှ ပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အသစ်ပြန်လည်ပြဌာန်းခဲ့ပါကြောင်း၊၄င်းဥပဒေတွင် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်နှင့် ဥပဒေ၏အခန်း(၁၈)ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်ပတ်သက်၍ဥပဒေပါပြဌာန်းချက်များအား အသေးစိတ်ပြောကြားခြင်း၊မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ညွှန်ကြားချက်အား ရှင်းလင်းဆွေးနွေးခြင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်းဒေသကြီး ၊ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များနှင့် Consumer Call Center များဖြစ်သည့် MPT Sim Card အသုံးပြုသူများ အနေဖြင့် 09-765481535 နှင့် အခြား Sim Card အသုံးပြုသူများ အနေဖြင့် 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း၊၄င်း Website ထဲတွင် မိမိတို့ဌာနမှဆောင်ရွက်လျှက်ရှိသည့် စားသုံးသူကာကွယ်ပေးရေးနှင့် ပတ်သက်သည့်ဆောင်ရွက်ချက်များနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များအား အချိန်နှင့်တပြေးညီ လွှင့်တင်လျှက်ရှိပြီး ဝင်ရောက်လေ့လာကြည့်ရှု့စေလိုပါကြောင်း ဆွေးနွေးပြောကြားသွားပါသည်။ ဟောပြောဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းရှင်(၄၅ )ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များပို့ချ

            စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည့် “လုပ်ငန်းခွင်မပျက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း” ကို မေလ ၁၆ရက်နေ့မှ ဇွန်လ ၃ရက်နေ့ထိ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ခရိုင်အဆင့် ဌာနဆိုင်ရာ ၁၅ ရုံးမှ ခရိုင်ဦးစီးမှူးများက မိမိတို့ဌာနနှင့်သက်ဆိုင်သည့်  ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့် လက်ရှိဆောင်ရွက်နေသည့်ကိစ္စများကို ဆွေးနွေးပို့ချခဲ့ပြီး စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။

          အဆိုပါသင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် မေလ ၂၇ ရက်နေ့က သင်တန်းပို့ချခဲ့ရာ စစ်ကိုင်းခရိုင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံနှင့် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးပြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို Power Point ဖြင့်ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသားများက တက်တက်ကြွကြွ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။ အဆိုပါသင်တန်း၌ သင်တန်းသားများအား သင်တန်း ဆန်းစစ်ချက်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကသာခရိုင် နွေစပါး (၉၈)ရာခိုင်နှုန်းကျော် ရိတ်သိမ်းပြီးစီး

          ၂၀၂၂-ခုနှစ် ဇန်နဝါရီလမှစ၍ ကသာခရိုင်တွင် ပုံမှန်ထက် မိုးရွာသွန်းမှုများသည့်အတွက် နွေ စပါးစိုက်ပျိုး အောင်မြင်လျက်ရှိကြောင်း သိရသည်။ ကသာခရိုင် နွေစပါးစိုက်ဧကမှာ ကသာမြို့နယ် (၁၁၀၉၁) ဧက၊ ထီးချိုင့်မြို့နယ် (၁၀၂၈၂) ဧက၊ အင်းတော်မြို့နယ် (၇၉၇) ဧကနှင့် ဗန်းမောက်မြို့နယ် တွင် (၃၇၁) ဧက၊ စုစုပေါင်း (၂၂၅၄၁) ဧက စိုက်ပျိုးကြောင်း သိရသည်။

          ရိတ်သိမ်းပြီးစီးမှုအနေဖြင့် ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များမှာ မေလကုန်တွင် ထွန်တုံး ပိတ်ရိတ်သိမ်းပြီးစီးခဲ့ပြီး ရိတ်သိမ်းရန်ကျန် နွေစပါးစိုက်ဧကမှာ အင်းတော်မြို့နယ်တွင် (၁၅၉) ဧကနှင့် ဗန်းမောက်မြို့နယ်တွင် (၁၇၈) ဧက စုစုပေါင်း (၃၃၇) ဧက ကျန်ရှိသည့်အတွက် ၂၀၂၂-ခုနှစ် မေလကုန်တွင် နွေစပါးရိတ်သိမ်းပြီးစီးမှုမှာ (၂၂၂၀၄) ဧကရှိပြီး ၉၈ ရာခိုင်နှုန်းကျော် ရိတ်သိမ်းပြီး ဖြစ်ကြောင်း သိရသည်။

             အထွက်နှုန်းမှာ စံကွက်ရိတ်သိမ်းမှုအရ တစ်ဧက အထွက်နှုန်း ၈၉.၆၄ တင်းရှိကြောင်းနှင့် ကသာခရိုင်အတွင်း ရိတ်သိမ်းရန်ကျန်ရှိသည့် နွေစပါးများကိုလည်း ဇွန်လဆန်းပိုင်းတွင် ရာခိုင်နှုန်းပြည့် ရိတ်သိမ်းပြီးစီးနိုင်ကြောင်း ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

         

လားရှိုးမြို့ အကောက်ခွန်ဦးစီးဌာနမှ ဖမ်းဆီးရမိသည့်ပစ္စည်းများ မီးရှို့ဖျက်ဆီး

             ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ဖမ်းဆီးထားသည့် အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် သုံးစွဲရန်မသင့်သော ပြည်ပနိုင်ငံမှတရားမဝင်တင်သွင်းလာသည့် ဘီယာ၊ ခေါက်ဆွဲခြောက်များနှင့် အဝတ်အထည်(ဟောင်း)များအား (၂၇.၅.၂၀၂၂) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် လားရှိုးမြို့နယ်၊ အကောက်ခွန်ဦးစီးဌာနရုံးဝန်းအတွင်းတွင် မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါမီးရှို့ဖျက်ဆီးပွဲသို့ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် မီးရှို့ဖျက်ဆီးခဲ့သည့်  ပစ္စည်းအမျိုးအစားမှာ(၄)မျိုးဖြစ်ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၆၀,၈၀၀,၀၀၀) ဖြစ်ကာ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တရားမဝင်ကုန်သွယ်မှု တားဆီးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြသည် မြို့နယ်စီမံအဖွဲ့ဝင်-၁ ဗိုလ်မှူးတင်ဝင်းထွဋ် ဦးဆောင်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့်အတူ (၃၀-၅-၂၀၂၂)နေ့ ညနေ (၃:၀၀)နာရီအချိန်တွင် မောင်တောမြို့ပေါ်ရှိ ကုန်စုံအရောင်းဆိုင်များသို့ သွားရောက်၍ တရားမဝင် ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားရှိသော ကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ယမကာ အရောင်းဆိုင်များတွင် ပြည်တွင်း/ပြည်ပမှ တင်သွင်းထုတ်လုပ်သော ယမကာများအား     အကောက်ခွန်  ပြည်တွင်းအခွန်ဦးစီးဌာနတို့တွင် အခွန်ပေးဆောင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း ယစ်မျိုးလိုင်စင်ထုတ်ပေးထားခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ၊ ဒု-ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဉပဒေ အရ ကုန်ပစ္စည်းများအား တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်အချက်များ၊ တားမြစ်ချက်များအား  အသေးစိတ်ရှင်းလင်းပြောကြားပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

စားသုံးသူအခွင့်အရေးများ ကိုယ်တိုင် ရယူတတ်ပါစေ

          “ ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ် စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးရင် တိုင်ကြားနိုင်ပါတယ် ” စားသုံးသူရေးရာဦးစီးဌာနက အသိပေးခြင်းနဲ့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့မှာ ဒီစာသားလေးကို ဖော်ပြထားပါတယ်။

          စားသုံးသူဆိုတာ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ကိုယ်တိုင်သုံးစွဲသူများ enduser ဖြစ်သူ consumer ဖြစ်ပါတယ်။ ဝယ်ယူသူ Customer အဆင့်နဲ့တင်စားသုံးသူများ မဟုတ်ပါဘူး။ ထုတ်လုပ်ရောင်းချဖြန့်ဖြူးသူ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းရှင်များမဟုတ်တဲ့ စားသုံးသူကို ဆိုလိုပါတယ်။ လူတိုင်း မနက်အိပ်ယာထတာနဲ့ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အစားအသောက်စတဲ့ ကုန်စည်ကအစပြုပြီး ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲနေကြတဲ့သူများဖြစ်ပြီး လုပ်ငန်းရှင်ဘက်မှာလည်း ကိုယ့်လုပ်ငန်းမဟုတ်တဲ့ ကဏ္ဍတွေမှာတော့ စားသုံးသူ တဖန်ဖြစ်နေမှာပဲ၊ ဒါကြောင့် ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ်လို့ ဆိုပါတယ်။

          စားသုံးသူအခွင့်အရေးဆိုတဲ့အပိုင်းမှာ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးဆိုတဲ့အပိုင်းတွေကသီးသန့်ရှိပြီးဖြစ်ကြလို့ စားသုံးသူအခွင့်အရေးဆိုတာကို သီးသန့်ရှုမြင်ပေးစေချင်ပါတယ်။  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေမှာ စားသုံးသူအခွင့်အရေး(၈)ချက်ကို ပြဌာန်းထားပါတယ်။ ဒီအခွင့်အရေးတွေဟာ နိုင်ငံတကာနှင့် အာဆီယံမှာ သတ်မှတ်ပြဌာန်းထားတဲ့ အခွင့်အရေးတွေပဲဖြစ်ပါတယ်။

          ပထမဆုံးအခွင့်အရေးတစ်ချက်ကတော့ စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်းဖြစ်ပါတယ်။ မည်သူမဆို ကိုယ်ပေးလိုက်ရတဲ့တန်ဖိုးနဲ့ကိုက်ညီတဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရရှိလိုမှာဖြစ်ပြီး ရရှိရမည့်အခွင့်အရေးလည်းရှိပါတယ်။ ဥပမာ သောက်ရေသန့်ဆိုရင် သန့်ရှင်းဘေးကင်းရမှာကတော့ အခြေခံလိုအပ်ချက်ဖြစ်ပြီး အုန်းရည်နံ့မွှေးရမယ်၊ အေးစက်ရမယ်ဆိုတာကတော့ အခြေခံလိုအပ်ချက် မဟုတ်တော့ပါဘူး။ အခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ် ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရန် စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်လျှက်ရှိပါတယ်။ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသည့်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်း များသည် စားဝတ်နေရေး အခြေခံလိုအပ်ချက်ကဲ့သို့ ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အခြေခံရှိရမည့် စံနှုန်းကို လိုအပ်ချက်များ ကိုက်ညီစေရေးအတွက်ကြီးကြပ်ဆောင်ရွက်ခြင်း၊ အသိပေးခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခြင်းဖြင့် စိတ်ကျေနပ်မှုရရှိစေခြင်း အခွင့်အရေးကို ပြည့်ဝစွာ ရရှိစေရန်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများဘက်ကလည်း ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဝယ်ယူအသုံးပြုခြင်းမပြုမီ လေ့လာရမယ့်အချက်များကို လေ့လာခြင်း၊ အရည်အသွေး၊ အရည်အတွက်၊ ဈေးနှုန်းကို လေ့လာသုံးသပ်ခြင်းတို့ဆောင်ရွက်ပြီးမှ ဝယ်ယူသုံးစွဲသင့်ပါသည်။

          ဒုတိယအခွင့်အရေးဖြစ်တဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်းဆိုတဲ့ အခွင့်အရေးကိုစားသုံးသူများရရှိစေရေးအတွက် စားသုံးသူရေးရာဦးစီး ဌာနသည် စစ်ဆေးရေးအရာရှိများ ခန့်အပ်ထားကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိပါတယ်။ စားသုံးသူများအနေဖြင့်လည်း သက်ဆိုင်ရာအစိုးရဌာန အဖွဲ့ အစည်းများက စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်ဟု သတ်မှတ် ထုတ်ပြန်ထားသော ဘေးအန္တရာယ်ရှိသည့် ကုန်စည်၊ ဝန်ဆောင်မှုများကို ရှောင်ကြဉ်ပြီး ဆောင်ရမည့်၊ ရှောင်ရမည့် လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာသုံးစွဲရန်လိုအပ်ပါသည်။

          တတိယအခွင့်အရေးဖြစ်တဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြု ရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်းဆိုတဲ့ အခွင့်အရေးရရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း အမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်၍ လိုက်နာစေရေးဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများဘက်ကလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှု၊ မြန်မာဘာသာဖြင့် ဖော်ပြမှုတို့ကို သေချာကြည့်ရှုအား ပေးရန်၊ လိုအပ်လျှင်အထောက်အထားရစေရန် ပြေစာရယူသည့် အလေ့အကျင့်ရှိရန်၊ အာမခံကဒ်ပါစည်းကမ်း ချက်များကို သေချာဖတ်ရှုသိရှိသည့်အလေ့အထရှိစေရန် တို့ကို ဆောင်ရွက်သင့်ပါသည်။

          စတုတ္ထအခွင့်အရေးဖြစ်တဲ့ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်းဆိုတဲ့အခွင့်အရေးကို စားသုံးသူများရရှိ စေရန် လယ်ယာထွက်ကုန်၊ စားဆီ၊ စက်သုံးဆီ၊ ဆေးဝါးစသည့် ကုန်ပစ္စည်းဈေးနှုန်းများ၊ ဈေးကွက် လိုအပ်မှု၊ ပိုလျှံမှုများကို လေ့လာတင်ပြလျက် ဖြစ်သင့်သည့်ဈေးကွက်ဖြစ်ပေါ်အောင် ထိန်းကျောင်း ခြင်း၊ ရွေးချယ်ခွင့် မရှိသော လက်ဝါးကြီးအုပ်စနစ်များမရှိစေရေး ယှဉ်ပြိုင်မှုဥပဒေဖြင့် ထိန်းထား ခြင်း၊ လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများဘက်ကလည်း ရွေးချယ်ခွင့်ရှိသည်ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရသော လိပ်စာ၊ ဖုန်းနံပါတ်ပါရှိပြီး အာမခံချက်ရှိသော အရောင်းဆိုင်လုပ်ငန်းများကို ရွေးချယ်တတ်သည့် အလေ့အကျင့်ရှိရပါမည်။ သေချာစိစစ်ရွေးချယ်ဝယ်ယူခြင်းမပြုပါက လိမ်ညာခံရပြီး ဆက်သွယ် မရသည့် Online Shopping သို့မဟုတ် သေချာလိမ်ညာရှောင်ပြေးသူဖြစ်ပါက စားသုံးသူ ကာကွယ်ရေးဉပဒေ၏အကာအကွယ်ယူ၍မရတော့ဘဲ ခိုးမှု၊ လိမ်မှုကဲ့သို့ ပြစ်မှုကြောင်းနှင့်သာ သက်ဆိုင်သွားမည်ဖြစ်ပါသည်။

          ပဉ္စမအခွင့်အရေးတစ်ခုဖြစ်တဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိ လေ့လာ နိုင်ခွင့်ရှိခြင်းဆိုတဲ့ အခွင့်အရေးပြည့်ဝစေရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြော ဆွေးနွေးပွဲများကို ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ရုပ်မြင်သံကြားတွင် အသိပေး ဇာတ်လမ်းတိုထုတ်လွှင့်ခြင်း၊ သတင်း/ဆောင်းပါးများရေးသား၍ Commerce စီးပွားရေး သတင်းဂျာနယ်နှင့် အခြားသတင်းစာစောင် များတွင်ထည့်သွင်းဖော်ပြခြင်း၊ အင်တာနက် Website မှ လိုအပ်သောအချက်အလက်များ သိရှိလေ့လာနိုင်စေရန် လွှင့်တင်ထားခြင်းတို့ ဆောင်ရွက် လျက်ရှိပါသည်။ စားသုံးသူများဘက်ကလည်း ကိုယ်နဲ့ထိုက်တန်တဲ့အခွင့်အရေးကို ရရှိဖို့ လေ့လာပေး စေလိုပါသည်။

          (၆)ချက်မြောက်အခွင့်အရေးဖြစ်တဲ့ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့် အတန်းနှင့်ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်းဟူသည့် အခွင့်အရေးကို စားသုံးသူများရရှိစေဖို့ သက်ဆိုင်ရာဥပဒေများပြဌာန်းခြင်း၊ နည်းဥပဒေများ ထုတ်ပြန် ခြင်း၊ စံလုပ်ထုံးလုပ်နည်းများသတ်မှတ်ခြင်း၊ အမိန့်နှင့်ညွှန်ကြားချက်များဖြင့်ထိန်းကျောင်းခြင်း၊ အမျိုးသားစားသုံးကာကွယ်ရေးအစီအစဉ်များဖြင့် စီမံချက်ကို အကောင်အထည်ဖော်ဆောင် ရွက်ခြင်း၊ ရေရှည်တည်တံ့သည့် စားသုံးမှုအလေ့အကျင့် ကောင်းများလိုက်နာစေရေး အသိပေခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများဘက်ကလည်း ဈေးနှုန်းသက်သာပြီး အရည်အသွေး ညံ့သည့်၊ ပြန်လည်အသုံးပြုမရဘဲ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမည့် ပစ္စည်းများကို ရှောင်ကြဉ်ခြင်းဖြင့် ဒီစားသုံးသူအခွင့်အရေးကို နောင်လာနောက်သားများအထိ ပြည့်ဝအောင် လိုက်နာသင့်ပါသည်။

          (၇)ချက်မြောက်အခွင့်အရေးဖြစ်တဲ့ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ တွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်းဆိုတဲ့ အခွင့်အရေးကိုရရှိနိုင်စေဖို့ စားသုံးသူ ကာကွယ်ရေး ဥပဒေမှာ စားသုံးသူ၏နစ်နာ ဆုံးရှုံးမှု တစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင် သော်လည်းကောင်း၊ လူထုဆက်သွယ်ရေး နည်းလမ်းတစ်ခုခုဖြစ်သော်လည်းကောင်း သက်ဆိုင်ရာ ဦးစီးမှူးရုံးသို့ သက်သေအထောက်အထားနှင့် အတူ တိုင်ကြားနိုင်သည်လို့ ဖော်ပြထားပါတယ်။

          တိုင်ကြားခြင်းနဲ့ပတ်သက်ပြီး အလွယ်တကူတိုင်ကြားနိုင်စေရန် နည်းလမ်းအမျိုးမျိုးနဲ့ တိုင်ကြားနိုင်အောင်စီစဉ်ထားပါတယ်။ စားသုံးသူရေးရာဦးစီးဌာန ဆိုင်းဘုတ်ပဲရှိရင် တိုင်ကြားနိုင်ကြောင်းမသိမှာစိုးလို့  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (Consumer Information and Complaint Center- CICC )ဟူ၍ ဆိုင်းဘုတ် ရေးသားဖော်ပြ၍ ရုံးခန်းများ ဖွင့်လှစ်ထားရှိပါတယ်။ အဆိုပါရုံးတွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း အများပြည်သူသိရှိအောင် လက်ကမ်း စာစောင်နှင့် လူမှုမီဒီယာများမှာ ဖော်ပြထားပါတယ်။ အဆိုပါရုံးတွေကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ လူမှုမီဒီယာများမှတဆင့်ဖြစ်စေ တိုင်ကြားစာဖြည့်သွင်းတိုင်ကြားနိုင်ပါတယ်။ “ DOCA Myanmar” Mobile Application ကဖြစ်စေ၊ www.doca.gov.mm.website ကတဆင့်ဖြစ်စေ တိုင်ကြားနိုင်ပြီး တိုင်ကြားမှုအပေါ်ဖြေရှင်း ဆောင်ရွက်မှု အခြေအနေကိုအကြောင်းပြန်ကြားမှု ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ စားသုံးသူစစ်တမ်း ကောက်ယူမှုများအရ ဖုန်းဖြင့်တိုင်ကြားမှုနည်းလမ်းကိုဆောင်ရွက် လိုသူများကြောင်း တွေ့ရတဲ့ အတွက် ဖုန်းနံပါတ်တွေမသိသူတွေအတွက် အလွယ်တကူမှတ်နိုင်၊ ခေါ်ဆိုနိုင်မယ့် Consumer Call Center ကိုဖွင့်လှစ်ကာ 1535 ကို ဖုန်းခေါ်ဆိုနိုင်အောင် စီစဉ်ထားပါတယ်။ MPT ဖုန်းအတွက်ကတော့ (၀၉၇၆၅၄၈၁၅၃၅)နံပါတ်ဖြစ်ပါတယ်။ အထက်ပါနည်းလမ်းများကို တိုင်ကြားရာမှာ နစ်နာဆုံးရှုံးတဲ့ စားသုံးသူကိုယ်တိုင် သို့မဟုတ် မိသားစုဝင်များ၊ အစိုးရဌာနအဖွဲ့ အစည်းများ၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များကနေတဆင့် တိုင်ကြားနိုင်ပါတယ်။

          နစ်နာဆုံးရှုံးမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည်ဂုဏ် သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကိုဆိုလိုသည်ဟု ဥပဒေမှာဖော်ပြထားပါတယ်။ ဒီနေရာမှာသုံးစွဲခဲ့သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု စပ်လျဉ်း၍ဖြစ်ကြောင်း ဂရုပြုစေလိုပါတယ်။ ရိုက်နက်ခံရလို့၊ မြောင်းပုပ်နံ့နံလို့ဆိုပြီး တိုင်ကြားလို့ မရပါဘူး၊ ညှော်နံ့နံလို့ဆိုပြီး မကြာခဏတိုင်ကြားတတ်တဲ့အခါ တိုက်ရိုက်မသက်ဆိုင်ကြောင်း ရှင်းပြပေးရပြီး စည်ပင်သာယာအဖွဲ့ကို ပေးပို့တာမျိုး၊ ပူးပေါင်းညှိနှိုင်းတာမျိုး ဆောင်ရွက်ပေးပါတယ်။

          တိုင်ကြားနိုင်ကြောင်းအသိပေးခြင်းနဲ့ပတ်သက်ပြီး မြန်မာ့ရုပ်မြင်သံကြားမှာ ပြကွက်အတို လေးနဲ့ ထုတ်လွှင့်ခဲ့သလို ရေခဲသေတ္တာဆိုတဲ့ကုန်စည်ကို ဝယ်ယူပြီးနောက် တံခါးကပျက်နေလို့ စိတ်ကျေနပ်မှု မရှိတာမျိုး၊ ၆ လအာမခံ သက်တမ်းအတွင်း ပြင်မပေးတာမျိုး၊ Taxi ဝန်ဆောင်မှုကို ရယူပြီး သဘောတူထားတဲ့နေရာမရောက်မီ လမ်းမှာချထားခဲ့လို့ ပေးလိုက်ရတဲ့တန်ဖိုးနဲ့ မထိုက်တန်လို့ စိတ်ကျေနပ်မှု မရှိတာမျိုး၊ အစားအသောက်ဆိုတဲ့ကုန်စည်ကို မှာယူရာမှာ ယင်ကောင်ပါလာလို့ ဘေးကင်းမှုမရှိတဲ့အပြင် ပေးချေရတဲ့တန်ဖိုးက အဆမတန်ကြီးမြင့်နေလို့ သတင်းအချက်အလက်ကို မှန်ကန်စွာမသိခဲ့လို့ ဆုံးရှုံးမှုမျိုးများ ဖြစ်ပေါ်လာရင် စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားနိုင်ပါတယ်လို့ အသိပေးထုတ်လွှင့်ခဲ့ပါတယ်။

          တိုင်ကြားမှုကိုလက်ခံပြီး ခန့်အပ်ထားတဲ့စစ်ဆေးရေးအရာရှိများက လိုအပ်သော စာရွက်စာတမ်းများနှင့် မဟုတ်မမှန်လိမ်လည်တိုင်ကြားခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ပြီး တိုင်ကြားခံရရသည့် စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် တရားဝင်ကိုယ်စားလှယ်ကို ညှိနှိုင်းဖြေရှင်း ရန်ခေါ်ယူခြင်း၊ သက်သေအပါအဝင်လိုအပ်ပါက သက်ဆိုင်သည့်ဌာနအဖွဲ့အစည်းများ ကျွမ်းကျင်သူများကို ဖိတ်ခေါ်၍ စိစစ်ညှိနှိုင်းဖြေရှင်းပေးပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များကို လျှို့ဝှက်ထားရှိပါတယ်။ စားသုံးသူတိုင်ကြားမှုများကို လေ့လာ ကြည့်ရင် အခွင့်အရေး(၈)ချက်အနက် နစ်နာဆုံးရှုံးမှုကြောင့်ဖြစ်သလို စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိရပါတယ်။ ဒါကြောင့် စားသုံးသူ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဘက်မှာလည်း ဥပဒေနှင့်အညီဆောင်ရွက်စေရန်  ကြပ်မတ်ဆောင်ရွက်နိုင်ပါတယ်။

          စားသုံးသူတိုင်ကြားမှုအများစုကို သဘောတူညီမှုရအောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ထိုသို့ညှိနှိုင်းဖြေရှင်းပေးရာမှာ ပြန်လည်ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်း၊ ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်းတို့ဖြင့် တိုင်ကြားသူနှင့်တိုင်ကြားခံရသူကြား မျှတမှုရှိအောင် ညှိနှိုင်းပေး ခြင်းဖြစ်ပါတယ်။ သတိပေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်လိုက်ရသည်များလည်းရှိပါသည်။ အဆိုပါအချက်များက သက်ဆိုင်ရာဦးစီးမှူးရုံး၏ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူခြင်းချမှတ်နိုင်သည့် အမိန့်များမှာပါဝင်ပါတယ်။

          ထိုသို့ တိုင်ကြားမှုများကို ကုစားပေးခြင်းသည် စားသုံးသူအခွင့်အရေး(၈)ချက်အနက် ကျန်သည့်တစ်ချက်ဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းဟူသည့် အခွင့်အရေးကို ပြည့်ဝအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ပါသည်။

          အထက်ပါ ဆောင်ရွက်မှုများအရ တိုင်ကြားမှသာ ဒီအခွင့်အရေးတွေကို ရရှိမှာတော့ မဟုတ်ပါဘူး။ တိုင်ကြားမှုမပြုသော်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ တာဝန်များနှင့် တားမြစ်ချက်များ ပြဌာန်းချက်များကို ဖောက်ဖျက်သည့် စီးပွားရေးလုပ်ငန်းရှင်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးအရေးယူမှုများ၊ ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များဖြင့် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စားသုံးသူများက တိုင်ကြားမှ စားသုံးသူကာကွယ်ရေးဆိုတာကို ပိုမိုသိမြင်လာကြမှာပါ။ နိုင်ငံတကာမှာတော့ စားသုံးသူ တိုင်ကြားမှုအလေ့အထ ထွန်းကားနေပြီဖြစ်ကြောင်း သိရပါတယ်။ အချိန်ကုန်ခံ အလုပ်ရှုပ်ခံကာ စနစ်တကျတိုင်ကြားကြပြီး နောင်ကိုဤကဲ့သို့ မထုတ်လုပ်ရဲအောင်၊ ညံ့ဖျင်းသော ဝန်ဆောင်မှု မပြုလုပ်ရဲအောင် နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးများ တမင်ကို တောင်းခံကြပါတယ်။ ကိုယ်ခံရသလို သူများတွေမခံရအောင် ကိုယ်ချင်းစာခြင်းဖြစ်ကြောင်း၊ အများအကျိုးဆောင်ရွက်ခြင်းဖြစ်ကြောင်း ဂုဏ်ယူကြပါတယ်။

          မြန်မာနိုင်ငံမှာတော့ စားသုံးသူတိုင်ကြားမှုပြုဖို့ အားနာတတ်တာတကြောင်း၊ အလုပ်ရှုပ်မှာစိုး အချိန်ကုန်တာစိုးရိမ်တာတကြောင်းနဲ့ ဖြေရှင်းဆောင်ရွက်ပေးပါ့မလားဆိုတဲ့ သံသယများကြောင့် တိုင်ကြားမှုနည်းနေသေးတာတွေ့ရပါတယ်။ ငွေကြေးရာဂဏန်းလောက်ပဲပြန်ရမှာမို့ မတိုင်တော့ဘူးဆိုပြီး တွေးရင် ကိုယ်လိုရာဂဏန်းပေါင်းများစွာသောသူတွေအတွက် စဉ်းစားပေးပါ။ စီးပွားရေးလုပ်ငန်းရှင်ဘက်က ရာဂဏန်း ပြန်ပေးရုံနဲ့တင် တိုင်ရတာမတန်ဘူး၊ လျော်ကြေး၊ ဒဏ်ကြေး ပေးဆောင်စေမှ ကျေနပ်မယ်ဆိုရင်လည်း စားသုံးသူ ကာကွယ်ရေး ဥပဒေမှာ သတ်မှတ်ထားသော ပြဌာန်းချက်ကို ဖောက်ဖျက်မှုအရ စားသုံးသူရေးရာ ကော်မတီ၏ ချမှတ်ရမည့် အမိန့်များအနက် နစ်နာမှုများအတွက် သတ်မှတ်ထားသော လျော်ကြေးငွေ ပေးစေခြင်း၊ ဒဏ်ကြေးငွေချမှတ်ခြင်းဆိုတဲ့ အမိန့်များပါဝင်ပါတယ်။

         စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူတိုင်ကြားမှု လွယ်ကူအဆင်ပြေအောင် နည်းလမ်း အမျိုးမျိုး စီစဉ်ထားသလို ဆောင်ရွက်မည့် စစ်ဆေးရေးအရာရှိများကို သင်တန်းများ စနစ်တကျ ပေးထားပါတယ်။ ဒါကြောင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရ စေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်နှင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါတယ်။ စားသုံးသူများ ကလည်း မိမိတို့ရသင့်တဲ့အခွင့်အရေးများရှိကြောင်း၊ အဆိုပါအခွင့်အရေးများကို ဖော်ဆောင် ပေးနေကြောင်းသိရှိပြီး ကိုယ်တိုင်ရယူတတ်ကာ စားသုံးသူကာကွယ်ရေးကို အလေးထားလျက် မိမိကဏ္ဍဘက်က ဆောင်ရွက်နိုင်တာ ပါဝင်ဆောင်ရွက် နိုင်ကြပါစေကြောင်း တိုက်တွန်း လိုက်ပါတယ်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News