သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောက်မြို့တွင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုးဦးဆောင်၍ (၇.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၃:၀၀) နာရီအချိန်တွင် ချောက်မြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် သန္တာမရွေးမုန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများဖြစ်သည့် မုန့်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအတွက် ခွင့်ပြုပေးထားသည့် လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီးလုပ်ငန်းရှင်များအား  မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေး၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (--၂၀၂၆) ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ်(န-၈)၊ မိုးသောက်ပန်းလမ်း၊ ဒက္ခိဏသီရိရပ်ကွက်၊ ဒက္ခိဏသီရိမြို့နယ်ရှိ “Ko Naing CMC”  အီလက်ထရောနစ်ပစ္စည်းများ လုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

MSME ထုတ်ကုန်များ ထုတ်လုပ်ရာ၌ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

               ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး၌ MSME ထုတ်ကုန်များထုတ်လုပ်ရာ၌ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃၁ရက်(သောကြာနေ့)၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။

            အလုပ်ရုံ‌ဆွေးနွေးပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးနှင့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ နေပြည်တော် ကောင်စီနယ်မြေ၏ MSMEစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။

            အလုပ်ရုံဆွေးနွေးပွဲတွင် နေပြည်တော်ဦးစီးမှူးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်းမှ အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်းကို လည်းကောင်း၊ စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးနွယ်မှ စည်ပင်လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်နိုင်မှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။

            နေ့လယ်ပိုင်းတွင် MSME ထုတ်ကုန်များထုတ်လုပ်ရာ၌ ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ် နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်၏ အဓိကအချက်များအား တက်ရောက်လာသူများက သက်ဆိုင်ရာအဖွဲ့များအလိုက် ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုရလဒ်များကို ပြန်လည်မျှဝေ ခဲ့ပါသည်။ ထို့နောက် နေပြည်တော်တိုင်းဦးစီးမှူး ဦးထွန်းထွန်းက နိဂုံးချုပ်အမှာစကားပြေကြားခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေဆိုင်များနှင့် စိုက်ပျိုး‌‌ရေးသုံးပစ္စည်းအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်း၍  ကွင်းဆင်းစစ်ဆေး

        ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ‌စျေးကွက်အတွင်း ဘိလပ်မြေစျေးနှုန်းများနှင့် စိုက်ပျိုးရေးသုံးပစ္စည်း‌စျေးနှုန်းများ မြင့်တက်မှုများမရှိစေရေး အထူးစုံစမ်းစစ်ဆေး‌ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေဆိုင်များနှင့် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် စျေးကွက်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုများကြောင်း၊ ‌စျေးနှုန်းများအား မြင့်တင်ရောင်းချမှုများမရှိဘဲ သတ်မှတ်စျေးနှုန်းများအတိုင်း‌ ရောင်းချနေကြောင်း၊ ဝိသမလောဘဖြင့် သိုလှောင်ထားခြင်းများမရှိကြောင်း တွေ့ရှိရပြီး စိုက်ပျိုးရေးသုံးပစ္စည်းများအနေဖြင့် စျေးနှုန်းများမြင့်တင်ရောင်းချခြင်းများရှိ/ မရှိများ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်တွင် သြဂုတ်လအတွင်း စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

            ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီး မှူးနှင့်ဝန်ထမ်းများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဘဏ္ဍာနှစ်အလိုက် စျေးကွက်မရောက်မီ စစ်ဆေးဆောင်ရွက်ရမည့် ကုန်စည်များသတ်မှတ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ အမှတ်(၄၉)၊ ထုံးဖိုလမ်း၊ ကန်ဖျားရပ်၊ မြိတ်မြို့ရှိ သိရီမြန်မာအမှတ်တံဆိပ် သောက်ရေသန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စက်ရုံလုပ်ငန်းအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း (Pre Market Surveillance)အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ စျေးကွက်အတွင်း ကုန်စည်များအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချမှုရှိစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ကုန်စည်ထုတ်လုပ်/ ဖြန့်ဖြူးရောင်းချနေမှုများနှင့် စပ်လျဥ်း၍ စျေးကွက်မရောက်မီစစ်ဆေးခြင်း (Pre Market Surveillance) အားဆောင်ရွက်ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် စပ်လျဥ်း၍  စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များနှင့် အညီ ပြည်စုံမှန်ကန်စွာပါရှိမှုများ ရှိ/ မရှိ၊ ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်စွာဖြင့် ဘေးအန္တရယ်ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချမှုများ ရှိ/ မရှိနှင့် အခြားသက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များပါရှိမှု ရှိ/ မရှိအား စစ်ဆေးဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဦးစားပေးကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှု ရှိ/ မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ၊ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်မြို့၊ ကန်ဖျားရပ်၊ ကန်ဖျားလမ်းမကြီးပေါ်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ သြဂုတ်လအတွင်း စစ်ဆေးဆောင်ရွက်ရမည့် ဦးစားပေးကုန်စည်များမှ အသင့်ဖျော်လဘ္ဘက်ရည်၊ ကော်ဖီအမှတ်တံဆိပ်အမျိုးမျိုးတွင် စားသုံးသူကာကွယ‌ရေးဥပ‌ဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုများ ရှိ/ မရှိအား ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဖြင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင်ရောင်းချလျှက်ရှိသော အသင့်ဖျော်လဘ္ဘက်ရည်၊ ကော်ဖီအမှတ်တံဆိပ်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ မြန်မာဘာသာဖြင့်ဖော်ပြပါရှိရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေတွက်၊ အသားတင်ပမာဏ၊ ထားသို့သိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း၊ သုံးစွဲပုံနည်းလမ်းစသည့် ဖော်ပြချက်များပါရှိမှု ရှိ/ မရှိ၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်/ဖြန့်ဖြူးသည့်လိပ်စာများ ထည့်သွင်းပါရှိမှု ရှိ/ မရှိနှင့် သက်ဆိုင်ရာဌာနများ မှထုတ်ပြန်ထားသည့် ဥပဒေ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုများ ရှိ/ မရှိ နှင့် တရားမဝင် တင်သွင်းရောင်းချလျက်ရှိသော ကုန်စည်များရောင်းချမှုများ မရှိစေရေး စစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်စွာပါရှိသည့် တရားဝင်ကုန်စည်များကိုသာ ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခြင်း

   မြိတ်ခရိုင်တွင် ဆန်စျေးကွက်စျေးနှုန်းအား ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးဖြင့် ရောင်းဝယ်ဖောက်ကားမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင်ကုန်‌စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်ကြသော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့သည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆိပ်ငယ်ရပ်နှင့် ကန်ဖျားရပ်၊ ကန်ဖျားလမ်းမကြီး၊ မြိတ်မြို့ရှိ ဆန်အ‌ရောင်းဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများအား သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချနေခြင်း ရှိ/ မရှိ၊ မြန်မာဆန်စပါးအွန်လိုင်း (MyRo)တွင် သိုလှောင်ရုံမှတ်ပုံထားခြင်းများ ရှိ/ မရှိ၊ လစဥ် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ ဖြည့်သွင်းမှုများ ရှိ/ မရှိစစ်ဆေးခြင်း၊ အလေးချိန် အချိန်အတွယ်မှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်ဈေးနှုန်း တည်ငြိမ်စေရန်အတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများမရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်းစားသုံးဆီများ ဖူလုံစေရေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၇ ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ဖြင့်ပူးပေါင်း၍ ဆိပ်ငယ်ရပ်နှင့် ကန်ဖျားရပ်၊ မြိတ်မြို့ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်းများကပ်၍ရောင်းချနေကြောင်း ရှိ/ မရှိ၊ သတ်မှတ်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များနှင့်အညီ ခွဲဝေရောင်းချပေးနေမှုများ ရှိ/ မရှိ၊ အလေးချိန်/အချိန်အတွယ် မှန်ကန်စွာ ချိန်တွယ်ရောင်းချနေမှုများ ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆  ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် ခရိုင်ကုန်စျေးနှုန်း တည်ငြိမ်‌‌‌ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်ကြသော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း ဆေးစျေးနှုန်းများ တည်ငြိမ်စေ‌ရေးအတွက် ဆေးဆိုင်များ တွင်ရောင်းချနေသော ဆေးစျေးနှုန်းများမှာ သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ရောင်းချနေမှုများ ရှိ/ မရှိ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လက်မှုများ ရှိ/ မရှိနှင့် သက်ဆိုင်ရာထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေးပစ္စည်းများရောင်းချနေမှု ရှိ/ မရှိ ဝိသမလောဘဖြင့် သိုလှောင်ထားရှိမှုများ  ရှိ/ မရှိနှင့် ဆရာဝန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှုများ ရှိ/ မရှိ စစ်ဆေးခြင်း၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များ ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆန်ဈေးနှုူန်း တည်ငြိမ်စေရေး ဘားအံမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

          ကရင်ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော အဖွဲ့စုံဖြင့် ဘားအံမြို့ပေါ်ရှိ လက်လီ/လက်ကား ဆန်အရောင်းဆိုင်များသို့ (၆-၈-၂၀၂၆) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ အရည် အသွေး၊ အရေအတွက်၊ဈေးနှုန်းမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြရာတွင် ဈေးအရောင်းစင်တာ (လက်လီ/လက်ကား) ဆိုင်များတွင် Comsumer Packaging ဖြင့် ရောင်းချရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) မှ ထုတ်ပြန်ထားသော  ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ (စပါးသစ်ပေါ်ချိန်)အထိ ရောင်းချရမည့် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနေခြင်း ရှိ/မရှိ၊  ဆန်အမျိုးအစား အလိုက်ရောင်းချနေသည့် ဈေးနှုန်းများ ကိုက်ညီမှု ရှိ/မရှိ ၊ အရည်အသွေး နှင့် အချိန်အတွယ်များ ပြည့်ဝမှန်ကန်မှု ရှိ/မရှိ အခြေအနေများကို စစ်ဆေးခဲ့ ကြောင်း သိရသည်။

          စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူကာကွယ်ရေး ကိစ္စရပ်များအပြင် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကုန်စည် စီးဝင်/စီးထွက်မှု အခြေအနေများကို စာရင်းကောက်ယူခြင်း၊ ‌ဈေးကွက်အတွင်း နေ့စဉ်ကုန်ဈေးနှုန်း ဖြစ်ပေါ်မှု အခြေအနေများကို သုံးသပ်တင်ပြခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာ အဖွဲ့များ နှင့် ပေါင်းစပ်၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ