သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၀8 ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ 7 ရက်နေ့မှ 13 ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၂၀8 ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

မြိတ်မြို့ရှိ စားသုံးသူပြည်သူများအား ရောင်းချမည့်စားအုန်းဆီများ ရောက်ရှိလာမှုအား စစ်ဆေးခြင်း

       ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့၊ ၁၅း၀၀ နာရီအချိန်တွင် မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ မြိတ်အဝေးကားဝင်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Global Good Pure Group Co,Ltd တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၀)ပေပါ၊ Padauk War Co,Ltd မှ(၅၀)ပေပါတို့အား ယာဥ်‌မောင်းဦးရဲကိုကို ယာဥ်အမှတ် 5R-6364 MAN အမျိုးအစားယာဥ်ဖြင့်လည်းကောင်း၊  Mahar Bhone Lat Yone Co,Ltd စားအုန်းဆီ(၈၀) ပေပါအား ယာဥ်‌မောင်း ဦးကိုကိုဝင်း ယာဥ်အမှတ် 4N-3529 MAN အမျိုးအစားယာဥ်ဖြင့်လည်းကောင်း တင်ဆောင်၍အသီးအသီး ရောက်ရှိလာရာ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်စစ်ဆေးပြီး ရောက်ရှိလာသောစားအုန်းဆီစုစုပေါင်း (၂၀၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် မြိတ်မြို့ရှိ ဒေါ်တင်တင်မြတ်၏ Top Trading ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၄၄ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်ဦးစီးမှူးမှ မြိတ်ခရိုင်ရွှေလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

         ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၃ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ မြိတ်မြို့၊ မြိတ်ခရိုင်ရွှေလုပ်ငန်းရှင်များအသင်းအား အွန်လိုင်းရောင်းချမှုဆိုင်ရာများနှင့်စပ်လျဥ်း၍ အသိပညာပေးရှင်းလင်းဆွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးမှ နှုတ်ခွန်းဆက်သခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချလုပ်ကိုင်သည့် ကုန်စည်များ၊ လုပ်ငန်းများ၊ ဝန်ဆောင်မှုများအား Online Social Media အသုံးပြု၍ ကြော်ငြာခြင်း၊ ရောင်းချခြင်းများပြုလုပ်ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အွန်လိုင်းမှတ်ပုံတင်စနစ် www.ecomreg.gov. mm တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ရောင်းချရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ၊ လျှေက်ထားပုံနည်းလမ်းများအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ  မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းမှရောင်းချနေမှုများအား ဥပဒေပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် အွန်လိုင်းမှရောင်းချမှုများအား မှတ်ပုံတင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ စားသုံးဆီဖြန့်ဖြူး‌ရောင်းချမှုနှင့် ပတ်သက်၍ မြိတ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

          ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၁ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူုးရုံးတွင် ခရိုင်ဦးစီးမှူးမှ စားသုံးဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ မြိတ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

     အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှအဖွင့်အမှာစကားပြောကြားခြင်းနှင့် လက်ကားကိုယ်စားလှယ်များမှ ဆီကန်များမှဆီထုတ်ယူမှုအခြေအနေများ၊ ဆီကားရောက်ရှိမှု အခြေအနေများ၊ လက်လီဆိုင်များများသို့ဆီဖြန့်ခွဲမှုများ၊ လက်လီဆိုင်များမှ စားသုံးဆီများအား ဖြန့်ဖြူးရောင်းချမှုစနစ်များ၊ ရည်ညွှန်းသတ်မှတ်စျေးနှုန်းများအပေါ် ၂% အမြတ်ထက်မပိုဘဲရောင်းချသွားရန်၊ အရည်အသွေးပမာဏ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ နေ့စဥ်ရောင်းချမှုစျေးနှုန်းများအား ဗီနိုင်းဖြင့်ဖော်ပြထားရှိရန်၊ ရောင်းချမှုအခြေအနေများအား စာရင်းထားရှိတင်ပြသွားရန် စသည့်ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေး‌နွေးခဲ့ကာ တွေ့ဆုံဆွေးနွေးပွဲအား အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကြို့ပင်ကောက်မြို့တွင်အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ Online Shopping လျှောက်ထားရမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သတ်သည့် ခေါင်းစဉ်အလိုက် ရှင်းလင်းပြောကြားခဲ့ပါသည်။

          Online Shopping မှတ်ပုံတင်လျှောက်ထားလိုသည့် ဒေါ်နွဲ့နွဲ့ဝင်း ငါးပိလုပ်ငန်းနှင့် ဒေါ်တင်မိုးခိုင်ရွှေစင်စစ်အထည်ဆိုင် လုပ်ငန်းရှင်တို့အား စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၁)ဦး က လိုအပ်သည်များ ရှင်းလင်းပြောကြားပြီး တစ်ပါတည်းဆောင်ရွက်ခဲ့ပါသည်။သိလိုသည်များရှိပါက လည်း (1535)  Consumer Call Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

 DOCA(ပဲခူး)

ဓနုဖြူမြို့နယ်ရှိ Gasifier လုပ်ငန်းနှင့် ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

         (၃၁-၇-၂၀၂၆) ရက်နေ့တွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်အတွင်းရှိ Gasifier လုပ်ငန်း (ဦးတေဇာမင်း) နှင့် J ဝင်းဆန်စက်၊ မြဉ္ဇူဆန်စက် (ဒေါ်သူဇာလင်း) တို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် Gasifier လုပ်ငန်း၏ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေ၊ စပါးခွံ လောင်စာအသုံးပြုမှု၊ ထုတ်လုပ်သည့် ဓာတ်ငွေ့စနစ်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် စက်ကိရိယာများ လုံခြုံစိတ်ချစွာ အသုံးပြုနေမှုတို့ကို လေ့လာစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထို့အပြင် J ဝင်းဆန်စက်နှင့် မြဉ္ဇူဆန်စက်တို့တွင် စပါးဝင်ရောက်ကြိတ်ခွဲမှု၊ ဆန်ထုတ်လုပ်မှု၊ ဆန်နှင့် စပါးလက်ကျန်အခြေအနေများ၊ လုပ်ငန်းလည်ပတ်နေမှုနှင့် MyRo စနစ်တွင် လစဉ်စာရင်းများကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ဖြည့်သွင်းထားရှိမှုအခြေအနေများကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

         စစ်ဆေးမှုအတွင်း လုပ်ငန်းရှင်များအား စာရင်းဇယားများကို တိကျမှန်ကန်စွာထားရှိရေး၊ ကုန်စည်စီးဆင်းမှုနှင့် လက်ကျန်အခြေအနေများကို မှန်ကန်စွာတင်ပြရေး၊ သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၌ MyRo စနစ်ဖြင့် ဆန်၊ စပါးလက်ကျန်စာရင်းများကို လစဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိ

       ညောင်တုန်းမြို့နယ်အတွင်း ဆန်၊ စပါးလက်ကျန်အခြေအနေများကို တိကျမှန်ကန်စွာ စာရင်းကောက်ယူနိုင်ရေးနှင့် စားနပ်ရိက္ခာဖူလုံမှုအခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ရေးအတွက် MyRo စနစ်ဖြင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များ၏ ဖြည့်သွင်းထားသော စာရင်းများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက လစဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       (၃၁-၇-၂၀၂၆) ရက်နေ့အထိ MyRo စနစ်၌ ဖြည့်သွင်းထားသော စာရင်းများအရ တောင်သူများထံတွင် စပါး ၁,၆၃၄,၀၈၀ တင်းနှင့် ဆန် ၁,၇၀၀ အိတ်၊ စက်ပိုင်များထံတွင် စပါး ၃၇၉,၈၂၃ တင်းနှင့် ဆန် ၂၈၀,၄၃၃ အိတ်၊ ကုန်သည်များထံတွင် စပါး ၁၀၀,၂၀၀ တင်းနှင့် ဆန် ၁,၃၀၀ အိတ်၊ ဆန်ဆိုင်များတွင် ဆန် ၅,၂၀၀ အိတ်ရှိကြောင်း စာရင်းများအရ သိရသည်။

       ထို့ကြောင့် ညောင်တုန်းမြို့နယ်အတွင်း စုစုပေါင်း စပါး ၂,၁၁၄,၁၀၃ တင်းနှင့် ဆန် ၂၈၈,၆၃၃ အိတ် လက်ကျန်ရှိကြောင်း MyRo မှတ်ပုံတင်လုပ်ငန်းရှင်များ၏ (၃၁-၇-၂၀၂၆) ရက်စွဲဖြင့် ဖြည့်သွင်းထားသည့် စာရင်းများအရ ဖော်ပြထားကြောင်း သိရသည်။

         မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MyRo စနစ်တွင် လုပ်ငန်းရှင်များက စာရင်းများကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာဖြည့်သွင်းနိုင်ရေး၊ ဆန်နှင့် စပါးလက်ကျန်အခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ရေးနှင့် လစဉ်စာရင်းများကို တိကျမှန်ကန်စွာ ပြုစုတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များအား ကြပ်မတ်လမ်းညွှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်များရှိ ဆေးဆိုင်များတွင် ဆေးဝါးရရှိမှုနှင့် ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေး

       အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများကို စဉ်ဆက်မပြတ် စောင့်ကြည့်ကြပ် မတ်နိုင်ရေးအတွက် မအူပင်ခရိုင်အတွင်း နှလုံးအားဆေးနှင့် လေဆေးများ ပြတ်လပ်မှုရှိမရှိကို (၄-၈-၂၀၂၆) ရက်နေ့တွင် ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့ရှိ မြို့ပေါ်ဆေးဆိုင်များသို့ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ရှိ ဆေးဆိုင် (၈) ဆိုင်နှင့် ပန်းတနော်မြို့နယ်ရှိ ဆေးဆိုင် (၇) ဆိုင်တို့တွင် စစ်ဆေးစဉ် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် အရေးကြီးဆေးဝါးများ၏ လက်ကျန်အခြေအနေ၊ ပြတ်လပ်မှုရှိ/မရှိ၊ ဆေးဝါးများကို ကုမ္ပဏီများထံမှ ပုံမှန်ရရှိမှုအခြေအနေ၊ ဈေးနှုန်းပြောင်းလဲမှုနှင့် လက်ရှိဆေးဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ဆေးဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံမေးမြန်း၍ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

      ထို့အပြင် ဆေးဝါးဝယ်ယူထားသည့် ဘောင်ချာများ၊ ကုန်ပစ္စည်းဝင်/ထွက် မှတ်တမ်းများကို စစ်ဆေးခဲ့ပြီး ဆေးဝါးရောင်းချရာတွင် တရားဝင်တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှရရှိသည့် ဆေးဝါးများကိုသာရောင်းချရေး၊ ဈေးနှုန်းများကို မှန်ကန်စွာ သတ်မှတ်ရောင်းချရေးနှင့် ဆေးဝါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနသို့ ချက်ချင်းအကြောင်းကြားပေးရန် လိုအပ်ကြောင်း အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆေးဝါးဈေးကွက်တည်ငြိမ်ရေး၊ အရေးကြီးဆေးဝါးများ လုံလောက်စွာရရှိရေးနှင့် ပြည်သူများ အရည်အသွေးပြည့်မီသည့် ဆေးဝါးများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ဆေးဆိုင်များအား ပုံမှန်ကွင်းဆင်းစစ်ဆေး၍ စောင့်ကြည့်ကြပ် မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်း အရေးကြီးကုန်စည်ဖြစ်သည့် ဆေးဝါးရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး

      အထက်ဌာန၏ ညွှန်ကြားချက်အရ (၄-၈-၂၀၂၆) ရက်နေ့တွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာဥပဒေနှင့်အညီ ဆေးဝါးရရှိမှုနှင့် ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         မအူပင်မြို့နယ်ရှိ လက်ကားဆေးဆိုင်ကြီးများဖြစ်သည့် ဦးကျားဗိုလ်၊ မြမြနှင့် ဒေါ်သိန်းညွှန့် ဆေးဆိုင်များတွင် စစ်ဆေးရာ နှလုံးအားဖြည့်ဆေး Hepalucky နှင့် လေဆေး Air-X တို့မှာ ယခင်က ရောင်းချခဲ့သော်လည်း ကုမ္ပဏီမှ မှာယူမရရှိသဖြင့် (၁) လခန့် ပြတ်လပ်နေကြောင်း သိရသည်။ Hepalucky နှလုံးအားဖြည့်ဆေး၏ ရောင်းဈေးမှာ တစ်ကပ်လျှင် ၆,၂၀၀ ကျပ် ဖြစ်ပြီး Air-X လေဆေးမှာ တစ်ကပ်လျှင် ၂,၆၀၀ ကျပ် ဖြင့် ရောင်းချခဲ့ကြောင်း၊ လက်ရှိတွင် ကုမ္ပဏီမှ ဆေးဝါးအနည်းငယ် ပြန်လည်ရရှိလာသဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးသိရှိရသည်။

         ထို့အပြင် ဓနုဖြူမြို့နယ် မြို့မဈေးကြီးအတွင်းရှိ မိဘမေတ္တာ၊ သိန်းကမ္ဘာ၊ ဦးတင်အေး၊ ရွှေတြဂံနှင့် စွမ်းထက် ဆေးဆိုင်များတွင်လည်း ကွင်းဆင်းစစ်ဆေးရာ Hepalucky နှလုံးအားဖြည့်ဆေးမှာ (၂) လခန့် ပြတ်လပ်နေသဖြင့် လက်ရှိရောင်းချနိုင်ခြင်း မရှိကြောင်း၊ Air-X လေဆေးကိုသာ ရောင်းချလျက်ရှိကြောင်း သိရသည်။ Air-X လေဆေးအား ကုမ္ပဏီခွဲမှ တိုက်ရိုက်မရရှိသဖြင့် ရန်ကုန်မြို့မှ ပြင်ပဈေးကွက်အတွင်း တစ်ကပ်လျှင် ၃,၅၀၀ ကျပ် ဖြင့် ဝယ်ယူရရှိပြီး ရောင်းချလျက်ရှိကြောင်း၊ ယခင်ရောင်းဈေးမှာ တစ်ကပ်လျှင်  ၂,၅၀၀ ကျပ် ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

           ကွင်းဆင်းစစ်ဆေးစဉ် ဆေးဆိုင်များ၏ ဆေးဝါးဝယ်ယူရရှိမှု ဘောင်ချာများ၊ အရောင်းအဝယ်မှတ်တမ်းများနှင့် ဆေးဝါးရရှိမှုအခြေအနေများကို စိစစ်စစ်ဆေးခဲ့ပြီး၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချဆောင်ရွက်ရေး၊ ဈေးနှုန်းများကို ပွင့်လင်းမြင်သာစွာ ဖော်ပြရောင်းချရေးနှင့် ဆေးဝါးရရှိမှုပြတ်လပ်မှုအခြေအနေများကို သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်၌ ကုန်အညွှန်းအမှတ်အသားနှင့် စားအုန်းဆီဖြန့်ဖြူးမှုဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

         (၃၁-၇-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ကုန်အညွှန်းအမှတ်အသားနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု အခြေအနေများကို စနစ်တကျဆောင်ရွက်နိုင်ရေးကို ညောင်တုန်းမြို့နယ် တာဝန်ခံ ဒေါ်ချိုမီဇင်မှ အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       ဟောပြောဆွေးနွေးရာတွင် ကုန်စည်များ၌ ဥပဒေအရ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို စိစစ်ကြပ်မတ်ဆောင်ရွက်ရေး၊ စားသုံးသူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ကုန်စည်များကို ရွေးချယ်ဝယ်ယူနိုင်ရေးအတွက် ကုန်အညွှန်းအမှတ်အသား၏ အရေးပါမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထို့အပြင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ အကျိုးခံစားခွင့်ရှိသူများထံ မျှတစွာဖြန့်ဖြူးရောင်းချနိုင်ရေး၊ စာရင်းဇယားများ တိကျမှန်ကန်စွာ ပြုစုထားရှိရေးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         အဆိုပါ ဟောပြောဆွေးနွေးပွဲသည် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာများ တိုးမြှင့်ရရှိစေရန်နှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများကို ပိုမိုစနစ်တကျ၊ ထိရောက်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပြီး တက်ရောက်သူ ၇၅ ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ