သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် သဘာဝငှက်သိုက်ပေါင်း ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     ၁၅.၆.၂၀၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် သဘာဝငှက်သိုက်ပေါင်း ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ် အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်အတွင်း စားအုန်းဆီရောင်းချနေမှုအခြေအနေ

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat Ah Kan ကုမ္ပဏီတို့သည် မြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများကို လက်လီ ကိုယ်စားလှယ်များထံသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ပို့ဆောင်ပေး၍ မြို့နယ်ရှိ လက်လီ ကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။

    ထို့သို့ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များအား အညီအမျှ ခွဲဝေရောင်းချလျှက်ရှိပြီး (၅.၆.၂၀၂၆) ရက်နေ့မှ (၁၁.၆.၂၀၂၆) ရက်နေ့အထိ ဘီးလင်းမြို့နယ်အရောက် သတ်မှတ်ရည်ညွှန်းဈေးမှာ (၈၀၇၀) ကျပ်ဖြစ်ပြီး ထိုသတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများထံသို့ ရောင်းချလျှက် ရှိသည်။

    ထိုသို့ ရောင်းချနေမှုအပေါ် (၁၅.၆.၂၀၂၆) ရက်နေ့တွင် ဘီးလင်းမြို့နယ် စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် မြို့နယ်ရဲတပ်ဖွဲ့မှူး ခေါင်းဆောင်သော စားအုန်း ဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့နှင့်အတူ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ ခွဲတမ်းရစားအုန်းဆီများအား စားသုံးသူပြည်သူများထံသို့ ပြည့်ဝစွာ ရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူအသုံးပြုခွင့်ရရန် အပတ်စဉ် ခွဲတမ်းရဆီများ လာရောက်ရောင်းချနေသည့်အတွက် အိမ်ထောင်စုစရိတ် သက်သာချောင်ချိမှု အနည်းငယ်ရှိသဖြင့် များစွာ အဆင်ပြေနေကြောင်း သတင်းရရှိပါသည်။

     DOCA (မွန်)

မော်လမြိုင်မြို့နယ် သံလွင်ဈေး၌ စားကုန်အမျိုးမျိုးရောင်းချသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ၁၅.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ သံလွင်ဈေးအတွင်းရှိ စားကုန်အမျိုးမျိုး ရောင်းချသော ဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချလျက်ရှိသော စားကုန်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု၊ ထုတ်လုပ်သည့် ရက်စွဲနှင့် ကုန်ဆုံး ရက်စွဲများ မှန်ကန်စွာဖော်ပြထားမှု၊ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဘေးကင်း လုံခြုံပြီး အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          DOCA (မွန်)

သထုံမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူရေးရာဆိုင်ရာ (Talk Show) ကျင်းပပြုလုပ်

          ၁၂.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သထုံမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “စားသုံးသူရေးရာအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှဌေး မှ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ သထုံခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအားရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၉) ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေများအကြောင်း အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူအသုံး ပြုရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတ များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          DOCA (မွန်)

မော်လမြိုင်မြို့နယ် သံလွင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ဦးစားပေးကုန်စည်ဖြစ်သော စည်သွပ်အစားအစာ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

          ၁၅.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ သံလွင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ဦးစားပေးကုန်စည်ဖြစ်သော စည်သွပ်အစားအစာ အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဦးစားပေးကုန်စည်ဖြစ်သော စည်သွပ်အစားအစာ အမျိုးမျိုးတို့တွင် ကုန်စည်အမည်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင် ပစ္စည်းများ၊ အသုံးပြုနည်းနှင့်သတိပြုရန်အချက်များ စသည့် ကုန်အညွှန်းအမှတ်အသား များကို ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိအား စိစစ်စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာ ဖော်ပြရောင်းချကြရန် အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မြိတ်မြို့ပေါ်ရှိ MSME လုပ်ငန်းများမှ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရေး စစ်ဆေးဆောင်ရွက်ခြင်း

 

          ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ ဒေသတွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သည့် ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ် မှတ်ချက်များနှင့်အညီပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုများ ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန် ဆုံးသည့်ရက်စွဲများ ဖော်ပြပါရှိမှုများ ရှိ/မရှိအား မြိတ်မြို့ပေါ်ရှိ ဒေသထွက် ပြည်တွင်းထုတ် MSME ထုတ်ကုန်များအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် မြိတ်မြို့ပေါ်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးလုပ်ငန်း၊ ကော်ဖီစေ့နှင့်အမှုန့်လုပ်ငန်း၊ အသင့်စားမုန့်အမျိုးမျိုးလုပ်ငန်းများနှင့် တိုင်းရင်းဆေးဝါးလုပ်ငန်းများ အား မြေပြင်ကွင်းဆင်း ကြပ်မတ်စစ်ဆေးဆောင်ရွက်ရာတွင် ဒေသတွင်းထုတ်လုပ်သည့် MSME ထုတ်ကုန်အများစုတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြပါရှိလျက်ရှိသော်လည်း အချို့သော ကုန် စည်များမှာ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်စွာပါရှိမှု မရှိသေးကြောင်း စိစစ်တွေ့ရှိရသဖြင့်လိုအပ်ချက်များအား ပြင်ဆင်ဖြည့်စွက်နိုင်ရေး ပညာပေးကာလ (၁)လသတ်မှတ်ကာ လိုအပ်သည်များအား ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြေပြင်အသိပညာပေး‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အာဟာရဖြည့်စွက်စာ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဇွန်လ (၁၅)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်း၍  မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များမှဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော အာဟာရဖြည့်စွက်စာအမှတ်တံဆိပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုး၊  ကြိုတင်သတိပေးချက် စသည့်အချက်များအား ပြည့်စုံစွာဖော်ပြပါရှိသော အာဟာရဖြည့်စွက်စာ အမှတ်တံဆိပ်အမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အာဟာရဖြည့်စွက်စာအရောင်းဆိုင်များရှိ အာဟာရဖြည့်စွက်စာအမှတ်တံဆိပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်းကုန်)

“ ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်   ဇွန်လ (၁၂)ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင် ကော့မှူးမြိုု့နယ်၌ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များ ရောင်းချနေခြင်း ရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်မင်းနှင့်ဒုတိယဦးစီးမှူးဒေါ်နီလာဝင်း၊ စည်ပင်သာယာမြို့မဈေး တာဝန်ခံဦးအေးသွင်တို့ပူးပေါင်းအဖွဲ့ဖြင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့တွင် သက်ဆိုင်ရာဌာနများက ဖော်ပြရန်သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ခွင့်ပြုချက်များ၊ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား စားသောက်ကုန်ပစ္စည်းများဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသည့် စားသောက်ကုန်များ၊ သက်တမ်းလွန်စား သောက်ကုန်များ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ လုံးဝမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကလေး၊ လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

                   စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ စားသောက်သုံးစွဲရာတွင် ထိခိုက်နစ်နာ မှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဥပဒေပါပြဌာန်းချက် များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များနှင့် လုံခြုံ စိတ်ချရမှုမရှိသော ကုန်စည်များ ပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ (၉.၆.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့်စစ်ဆေးရေးမှူးများသည် မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဆေးဆိုင်များ၊ စတိုးဆိုင်နှင့်ကုန်စုံဆိုင်များသို့ ကွင်းဆင်း၍ ကလေး၊ လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့်ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်မှုရှိ/မရှိနှင့်  တရားမဝင်သောကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုမရှိစေရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များ ကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

                                                                            

အသိပညာ‌ပေး‌ဟောပြောခြင်း

     စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး)သည် ၁၆-၆-၂၀၂၆ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ အမက(၂)၊ အခြေခံပညာမူလွန်ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၅၅)ဦးအား အသိ ပညာပေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ဟောပြောရာတွင် ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး)က စားသုံးသူ ကာကွယ်‌‌ရေးဥပဒေ စတင်ပေါ်ပေါက်လာပုံအကြောင်း၊ ဥပဒေ အခန်း(၁)ပုဒ်မ(၂)ပုဒ်မခွဲ(ခ)အရ  စားသုံးသူ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေ အခန်း(၉)ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် ဥပဒေ အခန်း(၉)ပုဒ်မ(၂၀)ပါ စားသုံးသူ၏တာဝန် (၄)ချက်အကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအပေါ် စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ အချိုရည်များ အလွန်အကျွံ သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များ၊ အစားအသောက်တွင် သုံးစွဲခွင့် မရှိသော ဆိုးဆေးများအကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်များ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာ နိုင်သော အန္တရာယ်များအကြောင်း၊ အစားအစာများ ဝယ်ယူအသုံးပြုရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲများအား သတိပြုဝယ်ယူရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်း များကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှု အခြေအနေများအကြောင်း၊ Consumer Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ