သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မတ်လအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်

               စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြစ်သည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊စိုက်ပျိုးရေးဦးစီးဌာန၊အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့်သော်လည်းကောင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်း ရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်သွားစေ ရေးတို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသောကုန် စည် (၁၀) မျိုးဖြစ်သည့် အသင့်သောက်အချိုရည်၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ စည်သွပ်အစားအစာ အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အေးခဲအစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အရန်သင့်အစား အစာအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုး၊သွားတိုက် ဆေးအမျိုးမျိုး တို့အား ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ မှ မတ်လ ၃၁ ရက်နေ့ အတွင်း နှစ်ပတ်တစ်ကြိမ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၁၆) ကြိမ်ဆောင် ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆရာအတတ်သင် သင်တန်းကျောင်း၌ စားသုံးသူရေး ကာကွယ်ရေးအသိပညာပေး

                 စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေး ရေးအသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဧပြီလ (၂) ရက်၊ နံနက် (၁၁)နာရီအချိန်တွင် မုံရွာမြို့၊ရန်ကင်းရပ် ၊ အ.မ.က ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါ သည်။

               အဆိုပါ သင်တန်းတွင် မုံရွာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေအ ကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၉။ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခုပါဝင် ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို၂၀၂၂ခုနှစ် ၊ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာ ကွယ် ရေးဥပဒေအခန်း(၁၈)ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းစပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြမည့် အချက်(၈)ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြား ဘာသာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံး သူကာကွယ်ရေးဥပဒေသည် စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင်ဖြစ်စေ၊ Call Center နံပါတ် 1535တို့ဖြင့်  ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်းနှင့်  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မတ်လအတွင်း စားသုံးသူအသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်မှုများ

                   စစ်ကိုင်တိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဉပဒေ၊ စားသုံးသူကာကွယ်ရေးနည်းဉပဒေများ၊ ထုတ်ပြန်ထားသော အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသကဲ့သို့ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ  အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူပြည်သူများ ပွင့်လင်း မြင်သာမှုရှိစေရန် စားသုံးသူများ ရသင့်ရထိုက်သည့်အခွင့်အရေးများ၊စားသုံးသူအကျိုးစီးပွားနစ်နာဆုံးရှုံးများတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးတွင်အွန်လိုင်းစနစ်ဖြင့် စားသုံးသူရေးရာသင်တန်းသင်တန်းဖွင့်လှစ်ခြင်း၊ မုံရွာမြို့၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၊ မုန့်ဖုတ်သင်တန်းတွင်လည်းကောင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ခြင်း၊ ကလေးဝမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ခြင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဉီးစီးဌာနတွင်လည်းကောင်း၊ ဟုမ္မလင်းမြို့၊ စိုက်ပျိုးရေးဉီးစီးဌာနတွင်လည်းကောင်း၊ ကန့်ဘလူခရိုင် ဉီးစီးမှူးရုံးအနေဖြင့် ကန့်ဘလူမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတွင် ကမ္ဘာ့ စားသုံးသူအခွင့်အရေး များနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ခြင်း၊ ကန့်ဘလူ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံး အနေဖြင့် စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနတွင်လည်းကောင်း၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင်လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ကော်မတီရုံးတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း စုစုပေါင်း (၁၁)ကြိမ်နှင့် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူ အခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

                                        စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရေး၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောလုပ်ငန်းရှင်များဖြစ်လာစေရေးတို့ကိုရည်ရွယ်၍စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးမှ(၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံးအနေဖြင့်(၆)ကြိမ်၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ(၃)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး အနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၃)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါ သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်း မှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

ဆန်စက်များ၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် Gasifier သုံးစွဲမှုများ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းတို့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ၂၀၂၆ခုနှစ် ဧပြီလ ၃ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ လှေဆိပ်ရှိ  ဆန်စက်များသို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေးနှင့် Gasifire အသုံးပြုနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်အနေဖြင့် Gasifire အသုံးပြုနေမှုဆန်စက် ၂ စက်ရှိပြီး  MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်ထုတ်လုပ်မှုနှင့် ပက်သက်၍ အရည်အသွေးပြည့်မီစေရေး၊ အလေးချိန်အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/ မရှိ၊ ဆန်စပါး လက်ရှိထွက်ပေါ်နေမှု ဈေးနှုန်းဈေးကွက်အခြေအနေ၊ ဈေးကွက်အတွင်း ကြိတ်ခွဲထုတ်လုပ်ရောင်းချတင်ပို့နိုင်မှု အခြေအနေတို့ကိုစစ်ဆေးခဲ့သည်။ Gasifire အသုံးပြု၍ ဆန်စက် လည်ပတ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် လည်ပတ်မောင်းနှင်ရန်၊ Gasifire စနစ်မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ စပါးခွံ ဂိုဒေါင်များ စနစ်ကျစွာဆောက်လုပ်ထားမှုရှိ/ မရှိတို့ကို ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပြည်သူများအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေး

        စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးသည် ၂၀၂၆ခုနှစ် ဧပြီလ ၃ ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့် စပ်လျဉ်း၍  အသိပညာပေး  အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ ဟောပြောဆွေးနွေးမှုတွင် ရပ်ကွက်နေပြည်သူများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေကို ၂၀၁၂ခုနှစ် ဩဂုတ်လ(၁၀) ရက်နေ့တွင် အခန်း(၅)ခန်း၊ ပုဒ်မ(၁၂)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ယင်းဥပဒတွင် နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အကူပြုမည့်ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံသားများ၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ကန့်သတ်တားဆီးနိုင်ရန်၊ ဘေးအန္တရာယ်၊ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရိစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်ပသို့တင်ပို့မှုတို့ကို တားဆီးနိုင်ရန်ရည်ရွယ်ကြောင်း၊ ကုန်စည်တစ်မျိုးမျိုး၊ တိရိစ္ဆာန်တစ်မျိုးမျိုးနှင့် ဝန်ဆောင်မှုတစ်မျိုးမျိုး စသည်တို့ကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်သွင်း၊ တင်ပို့၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊အသုံးပြုမှု၊ စားသုံးမှုတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုအား အပ်နှင်းနိုင်ကြောင်း ပုဒ်မ(၄)ဖြင့်ဖော်ပြထားပြီး၊ မည်သူမဆို ပုဒ်မ(၄)အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်ထိချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း   စသည်တို့ကို အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

        ရွှေစျေးနှုန်းတည်ငြိမ်စေရေး မြို့နယ်ရွှေဆိုင်လုပ်ငန်းရှင်များဖြင့် တွေ့ဆုံ၍ အစည်းအဝေးကို ၄.၄.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ရွှေစျေးနှုန်းတည်ငြိမ်စေရန် သတ်မှတ်စျေးနှုန်း ဖြင့်သာ ရောင်းချနိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         အစည်းအဝေးမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ရွှေဆိုင်လုပ်ငန်းရှင်များကို ရွှေစျေးနှုန်းတည်ငြိမ်စေရေးနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီးရွှေဆိုင်များ၊ ရွှေလုပ်ငန်းရှင်များအနေဖြင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အဆင်ပြေစေရန် သတ္ထုလိုင်စင်များကိုလည်း လျှောက်ထားပြုလုပ်ကြရန်၊ လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ရန်၊ အခွန်ထမ်းဆောင်သူ လုပ်ငန်းရှင် ဟုတ်မဟုတ်၊ အထက်ဌာနများ၏ အမိန့်၊ ညွန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်သွားရန် မှာကြားဆွေးနွေးခဲ့ပြီး ရွှေဆိုင်လုပ်ငန်းရှင် ၁၃ ဦးတက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြို့နယ်အတွင်း ဆီလက်လီရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ဦးအောင်လွင်မှ ဧပြီလ(၄)ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများသို့ စားအုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးမှုအခြေအနေနှင့် ပတ်သတ်၍ ဆီကိုယ်စားလှယ် (၃၅)ဦးအား တွေ့ဆုံမေးမြန်းခြင်း၊ စားအုန်းဆီ လက်ကားလက်လီရောင်းချရာတွင် ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချကြရန်နှင့် စားအုန်းဆီဖြန့်ဖြူး ရောင်းချရာတွင် မသမာသောနည်းလမ်းများဖြင့် လုပ်ဆောင်ခြင်းမပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီ ဈေးနှုန်းတည်ငြိမ်စွာ ပြည်သူများဝယ်ယူရရှိနိုင်ရေး၊ ရောင်းချသူလုပ်ငန်းရှင်များမှ စားအုန်းဆီနှင့် ပတ်သက်သည့် အမိန့်၊ ညွှန်ကြားချက်များ သိရှိနိုင်စေရန် ရှင်းလင်းအသိပညာပေးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် မြို့နယ်တွင် စားအုန်းဆီ လက်ကားရောင်းချပေးလျက်ရှိ

         စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၆ခုနှစ် ဧပြီလ ၄ရက်နှင့် ၅ရက်နေ့များတွင် ပန်းတနော်မြို့နယ်ရှိ  မြို့ကွက်သစ်ရပ်ကွက်ရှိ ပြည်သူများအား စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော မြို့နယ်ဆီကုန်သည်အသင်းမှ ဦးဆောင်၍ စျေးကားဖြင့်လှည့်လည်၍ စားအုန်းဆီရောင်းချ​နေမှုအား ကွင်းဆင်း၍ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

          ပန်းတနော်မြို့နယ်တွင် စားသုံးသူများ စျေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုဖြင့် စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၄၃၀၀ နှုန်းဖြင့် ​စျေးကား​ဖြင့်လှည့်လည်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

         ချောက်မြို့နယ်အတွင်းရှိ စားသုံးသူများ စားအုန်းဆီစျေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်စေရန် စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၇၃၀၀ နှုန်းဖြင့် ​​စျေးကား​ဖြင့် လှည့်လည်၍ လူတစ်ဦးလျှင် စားအုန်းဆီ ၅၀ကျပ်သား နှုန်းဖြင့်  တစ်ရက်လျင် ဆီအချိန် ၁၁၀ ပိဿာရောင်းချပေးသွားမည်​ဖြစ်ကြောင်းနှင့် စျေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာကို ငွေကျပ် ၇၅၀၀ ထိရှိရာ ယခုကဲ့သို့ စားအုံးဆီ တစ်ပိဿာ ငွေကျပ် ၇၃၀၀ နှုန်းဖြင့်  ဒေသခံပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်စေရန်အတွက် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားလာမှုအား မြေပြင်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိသည် ၂၀၂၆ ခုနှစ်၊ ဧပြီ လ ၂ ရက်နေ့တွင် မအူပင်မြို့၊ ၈ရပ်ကွက်၊ ရေလဲလမ်းရှိ အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားလာသည့် စုပိုးအိမ် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းသို့ ကွင်းဆင်း၍ မြေပြင်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ မြေပြင်စစ်ဆေးခဲ့ရာတွင် အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားစဉ်က တင်ပြထားသည့်  အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စုပိုးအိမ် လုပ်ငန်းရှင်အား ၅၀/၂၀၂၃ နှင့် ၅၁/၂၀၂၃ အမိန်ကြော်ငြာစာပါ အကြောင်းအရာများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(ဧရာဝတီ)

ပိုပိုစွမ်း ရွက်ဖြန်းမြေဩဇာ အွန်လိုင်းမှတ်ပုံတင်လျောက်ထားမှုအား မြေပြင်စစ်ဆေး

          စားသုံးသူရေးရာဉီးစီးဌာန၊ မအူပင်ခရိုင်မှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးသည် (၄.၄.၂၀၂၆) ရက် နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် Po Po Swan အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာရှိ ရွက်ဖြန်း မြေဩဇာနှင့် ငါးမှိုင်နိုအက်ဆစ်ရွက်ဖြန်းမြေဩဇာ ရောင်းချလျက်ရှိသည့် အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ