သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှုအားကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြိုနယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၇.၇.၂၀၂၆)၊ ညနေ (၁၆:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်း‌ကျေးရွာ “အောင်ချမ်းသာဆန်စက်နှင့်‌အောင်နန်းတော်”ဆန်စက်မှ မြိတ်မြို့သို့ ပေါ်ဆန်းဆန်နှင့် ဇီယာဆန်များတင်ပို့လျက်ရှိသည့် လုပ်ငန်းများအားမြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
     အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အောင်ချမ်းသာဆန်စက်မှ ဇီယာဆန် (၆၀၀၀)နှင့်‌ အောင်နန်းတော်ဆန်စက်မှ ဇီယာဆန်(၅၀၀)အိတ်နှင့်‌ ပေါ်ဆန်းဆန်(၅၀၀)အား ရေယာဉ်ပေါ်သို့ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များဖြင့် တင်ဆောင်ထားရှိမှု၊ တရားမဝင်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး၊ ရေယာဉ်ကြံခိုင်မှုရှိ/ မရှိတို့အား တာဝန်ခံနှင့် ပြောဆိုဆွေးနွေးခဲ့ပြီး တရားဥပဒေနှင့်အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        (၁၇-၇-၂၀၂၆) ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်ဖြစ်သော ချမ်းမြေ့ကုန်စုံဆိုင်၊ ဒေါ်အေးကုန်စုံဆိုင်၊ ဦးအောင်သန်းကုန်စုံဆိုင်၊ စိန်နှင်းဆီ ကုန်စုံဆိုင်တို့အား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ နေ့စဉ်ရရှိသည့် စားအုန်းဆီခွဲတမ်းများကို ပြည်သူများထံ စနစ်တကျဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိ၊ ရောင်းချမှုမှတ်တမ်းများနှင့် လက်ကျန်ပမာဏများကို စနစ်တကျထားရှိခြင်း ရှိ/ မရှိ စားဆီဖြန့်ခွဲရောင်းချရာတွင် မှန်(၆)မှန်ဖြင့် ဆောင်ရွက်ခြင်း ရှိ/ မရှိတို့ကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထို့ပြင် ဆိုင်ရှင်များအား စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာရောင်းချရန်၊ ခွဲတမ်းရရှိသည့် စားအုန်းဆီများကို သိုလှောင်ထားခြင်း သို့မဟုတ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်၊ ရောင်းချမှုစာရင်းများကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်နှင့် စားသုံးသူများအား မျှတစွာရောင်းချပေးရန် အသိပညာပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးမှုသည် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုများ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ပြည်သူများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လွယ်ကူစွာဝယ်ယူရရှိနိုင်ရေးနှင့် စားသုံးသူအကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များအား ရှောင်တခင်အသွင်ယူကွင်းဆင်းစစ်ဆေး

        (၁၉.၇.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ရှောင်တခင်အသွင်ယူ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         စစ်ဆေးရာတွင် ဆိုင်များ၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ နေ့စဉ်ရရှိသည့် ခွဲတမ်းများကို ပြည်သူများထံ စနစ်တကျ ဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ထားရှိခြင်းနှင့် စားသုံးသူများအား ရောင်းချရန် ငြင်းဆိုခြင်းများ ရှိ/ မရှိတို့ကို အသွင်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထို့ပြင် ဆိုင်ရှင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချရန်၊ ရောင်းချမှုမှတ်တမ်းများကို စနစ်တကျထားရှိရန်နှင့် စားသုံးသူအကျိုးစီးပွားကို အလေးထား၍ ရောင်းချဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

          အဆိုပါ ရှောင်တခင်အသွင်ယူ ကွင်းဆင်းစစ်ဆေးမှုကို စားအုန်းဆီဖြန့်ဖြူးရောင်းချမှုများ စနစ်တကျရှိစေရေး၊ ပြည်သူများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လွယ်ကူစွာဝယ်ယူရရှိနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် စန္ဒာဝင်းကုန်စုံဆိုင်၌ ကုန်ပစ္စည်းမျိုးစုံ၏ ကုန်အညွှန်းအမှတ်အသားများအား ကွင်းဆင်းစစ်ဆေး

        (၁၇-၇-၂၀၂၆) ရက်နေ့တွင် (ပန်းတနော်မြို့နယ်) စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အလယ်ပိုင်းရပ်ကွက် စန္ဒာဝင်းကုန်စုံဆိုင် သို့ ကွင်းဆင်း၍ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းမျိုးစုံ၏ ကုန်အညွှန်းအမှတ်အသားများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူနှင့် တင်သွင်းဖြန့်ဖြူးသူ၏ အမည်နှင့် လိပ်စာ၊ အသုံးပြုပုံနှင့် သတိပြုရန်အချက်များကို ဥပဒေနှင့်အညီ ဖော်ပြထားခြင်း ရှိ/ မရှိတို့ကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထို့ပြင် ဆိုင်ရှင်အား “စားသုံးသူကာကွယ်ရေးဥပဒေ” နှင့် သက်ဆိုင်ရာ “ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ”ကို လိုက်နာဆောင်ရွက်ရန်၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ သက်တမ်းလွန်နှင့် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးမှုသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကို ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်စေရေးနှင့် စားသုံးသူအခွင့်အရေးများကို ကာကွယ်မြှင့် တင်နိုင်ရေးအတွက် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

         မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ မြို့နယ်စားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီကိုယ်စားလှယ်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ မြို့မဈေးအတွင်းရှိ စားသုံးဆီရောင်းချသည့်ဆိုင်များနှင့် ကျေးရွာများတွင် စားသုံးဆီထုတ်ပေးလျက်ရှိသည့် ကိုယ်စားလှယ်များ၏ ဆိုင်များသို့ (၁၆-၇-၂၀၂၆) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် နေ့စဉ်စားသုံးဆီခွဲတမ်း ရရှိမှုအခြေအနေ၊ နေ့စဉ်ရောင်းချမှုပမာဏ၊ လက်ကျန်ဆီပမာဏ၊ ရောင်းချမှုမှတ်တမ်းများကို စိစစ်စစ်ဆေးခဲ့ပြီး စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးခြင်း ရှိ/ မရှိကိုလည်း အသေးစိတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထို့ပြင် ဆီကိုယ်စားလှယ်များအား နေ့စဉ်ရရှိသည့် ခွဲတမ်းများကို ပြည်သူများထံ မျှတစွာဖြန့်ဖြူးရောင်းချပေးရန်၊ ရည်ညွှန်းဈေးနှုန်းအတိုင်း တိကျစွာရောင်းချရန်၊ ရောင်းချမှုနှင့် လက်ကျန်စာရင်းများကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်နှင့် စားသုံးသူများအပေါ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ထားခြင်းများ မပြုလုပ်ရန် အသိပညာပေးမှာကြားခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးမှုသည် စားသုံးဆီများကို ပြည်သူများထံ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး၊ ဈေးကွက်တည်ငြိမ်စေရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်မြှင့်တင်နိုင်ရေးအတွက် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇူလိုင်လအတွင်း Thursday Talk ဟောပြောဆွေးနွေးပွဲ ကျင်းပခြင်း

    လစဉ်ကျင်းပလျက်ရှိသည့် Thursday Talk ဟောပြောဆွေးနွေးပွဲအား  Virtual စနစ်ဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ပူးပေါင်း၍ ၃၁.၇.၂၀၂၆ ရက် နေ့လည် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲတွင်မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်လစဉ် မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ပူးပေါင်း၍ ဆွေးနွေးရာ အရှိန်တစ်ခုရ လာပြီ ဖြစ်ပါကြောင်း၊မိမိတို့တိုင်းနှင့်အခြားတိုင်းများဆွေးနွေးခြင်းဖြင့် မျှဝေပေးချင်သည့်အချက်အလက် များပေးနိုင်ခြင်းနှင့် ကောင်းမွန်သည့်အချက်များအတုယူနိုင်စေခြင်းစေရန် ပူးတွဲကျင်းပရခြင်းဖြစ် ပါကြောင်း၊ နောင်တွင် စစ်ကိုင်းတိုင်းဒေသကြီးအပြင် အခြားတိုင်းများနှင့်လည်း ပူးတွဲကျင်းပသွား မည်ဖြစ်ပါကြောင်း၊ ဆွေးနွေးရာတွင် အရာထမ်းများသာမက အငယ်တန်းစာရေး၊အကြီးတန်းစာရေး၊ ဒုဦးစီးမှူးနှင့်ဦးစီးမှူးများအဆင့်အထိ အဆင့်တူအချင်းချင်းဆွေးနွေးနိုင်ရန် နှင့် အငယ်တန်းစာရေး အထိ ဟောပြောနိုင်ရန်  ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါ ကြောင်း၊ Power Point Selide များပြုလုပ်ရာတွင်  စာသားများအနှစ်ချုပ်ပြီးဖော်ပြ ဆွေးနွေးဖို့လိုပါကြောင်း၊ ဖော်ပြရာတွင် မျက်စိရှုတ်စေရန် ဖော်ပြခြင်းများရှောင်ကျဉ်ရန်နှင့် တတ်နိုင်သလောက် အကျဉ်းချုပ်၍ လိုအပ်သည့် ဓါတ်ပုံ၊ video clip Chat Exal များဖြင့် တိတိကျကျမြင်နိုင်ရန် ဖော်ပြပေးဖို့လိုပါကြောင်း၊တင်ပြရာ တွင် Power Point Selide အား  (၁၀)ချပ်ခန့်ပြုစုရန်၊ တင်ပြလိုသည်အချက်များအား စိတ်ဝင် စား ဖွယ်အချက်များ ၂၀ မိနစ်ခန့်သာပြောကြားဖို့ လိုအပ်ကြောင်းနှင့် အရေးပါသည်များ ပြောကြားမည့် ပွိုင့် ၃၀ ခန့်ထည့်သွင်း၍ တင်ပြခြင်း၊ Animation များလေျာ့လုပ်ခြင်းဖြင့်နားထောင်သူများစိတ်ဝင် စား မှုမြှင့် တက်အောင် ဟောပြောဆွေးနွေးဖို့လိုပါ ကြောင်း ပြောကြားပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြို့ရီ ၊ ဦးစီးအရာရှိမှ “စပျစ်ချိုချိုဝင်ငွေပို” ခေါင်းစဉ်ဖြင့်လည်းကောင်း၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံး၊ ဒေါ်မိုးသီတာလင်း၊ ဦးစီးအရာရှိမှ “မုံရွာမြို့၏ဒေသထုတ်ကုန်မြေပဲစျေးကွက်” ခေါင်းစဉ်ဖြင့် လည်းကောင်း Power Poing များဖြင့် အသီးသီးဟောပြော ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပြောကြားချက်များနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နှင့် မြင်းခြံခရိုင် ဦးစီးမှူး များနှင့်စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဦးစီးအရာရှိတစ်ဦးမှ အသီးသီးဖြည့်စွက်ဆွေးနွေး ခဲ့ကြပါသည်။  နိဂုံးချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ နိဂုံးချုပ်စကား ပြောကြားရာတွင်  ဟောပြောသူများအနေဖြင့် ဘာသာရပ်အလိုက် ထုတ်ကုန်နှင့်ပတ်သက်သည်များ အားထုတ်၍ကြိုးစားထားသည်ကိုတွေ့ရှိရပါကြောင်း၊ နောင်တွင်စားသုံးသူကာကွယ်ရေးနှင့်ဆက်စပ် ဥပဒေများ နှင့် ပြည်တွင်းကုန်သွယ်မှုဆိုင်ရာကိစ္စများ တစ်လှည့် စီဆွေးနွေးဖို့လိုပါကြောင်း၊ စပျစ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင်  ဝိုင်စျေးကွက်အခြေအနေ၊အလားအလာများထည့် သွင်းဖော်ပြစေလို ကြောင်း၊ မြေပဲထုတ်ကုန်နှင့်ပတ်သက်၍ ပြည်တွင်း စားသုံးဆီဖူလုံမှုအတွက် မြေပဲသီးနှံ၏အဓိက အရေးပါမှု၊ Value Added လမ်းကြောင်းနှင့်ချိန်ထိုး၍ ပြည်တွင်းပြည်ပစျေးကွက် လိုအပ်ချက်များ၊ အလားအလာများ ထည့်သွင်းပြောကြားစေလိုကြောင်း နောင်ဟောပြောပွဲများ တွင် ယခုထက်ပိုမို ကောင်း မွန်သည်များဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ Thursday Talk ဟောပြောဆွေးနွေးပွဲတွင်  မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်းနှင့် အမှုထမ်းများ မှ  in Person ဖြင့် တက်ရောက်ခဲ့ပြီး၊ ကျောက်ဆည်ခရိုင်၊ ပြင်ဦးလွင်ခရိုင်၊မိတ္ထီလာခရိုင်၊မြင်းခြံခရိုင်ဦးစီး မှူးများ၊ ပြင်ဦးလွင်ခရိုင်နှင့်ညောင်ဦးခရိုင်တာဝန်ခံများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှှ အရာထမ်းနှင့်အမှုထမ်းများ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

 

အချိုရည်နှင့် အအေးမျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        (၁၇-၇-၂၀၂၆)ရက်နေ့ နံနက် ၁၁နာရီအချိန်တွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးစ စစ်ဆေးရေးအရာရှိနှင့် တာဝန်ရှိသူများသည် မြို့ပေါ်ရှိ အချိုရည်နှင့် အအေးမျိုးစုံ အရောင်းဆိုင်များသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုများကို အချိုရည်လက်ကားဆိုင်ကြီး ၃ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချလျက်ရှိသော အချိုရည်နှင့် အအေးထုတ်ကုန်များ၏ သက်တမ်းကုန်ဆုံးရက် (Expiry Date)၊ ထုတ်လုပ်သည့်နေ့စွဲ၊ ကုန်အညွှန်းအမှတ်အသားများ၊ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်အလက်များ ပြည့်စုံစွာပါရှိခြင်း ရှိ/ မရှိ၊ ထုတ်ပိုးမှုအခြေအနေနှင့် သိုလှောင်ထားရှိမှုအခြေအနေများကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထို့ပြင် ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ သက်တမ်းလွန်ကုန်ပစ္စည်းများ မရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ ကုန်ပစ္စည်းများကို သန့်ရှင်း၍ အပူချိန်သင့်တင့်သောနေရာတွင် စနစ်တကျ သိုလှောင်ထားရှိရန်နှင့် စားသုံးသူများအား မှန်ကန်ပြည့်စုံသော ကုန်ပစ္စည်းအချက်အလက်များဖြင့် ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်း ပန်းတနော်မြို့နယ်ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေး

          မအူပင်ခရိုင်အတွင်းရှိ ပန်းတနော်မြို့နယ်၌ (၁၇-၇-၂၀၂၆)ရက်နေ့က  အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းဖြစ်ပေါ်နေမှုအခြေအနေများကို သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးများနှင့် လက်လီ/ လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ဆန်၊ စားအုန်းဆီ၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်၊ ကြက်ဥ၊ ငါး၊ အသားနှင့် အခြားအခြေခံစားသောက်ကုန်များ၏ လက်ရှိဈေးနှုန်းများ၊ ကုန်ပစ္စည်းလက်ကျန်အခြေအနေ၊ ကုန်ပစ္စည်းရရှိနိုင်မှုနှင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်နေမှုများကို စိစစ်မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

      ထို့ပြင် ရောင်းချသူများအား ကုန်ပစ္စည်းများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ကုန်ပစ္စည်းများ သိုလှောင်ထားခြင်းတို့ မပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးမှုသည် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းတည်ငြိမ်စေရေး၊ ကုန်ပစ္စည်းများ လုံလောက်စွာရရှိနိုင်ရေးနှင့် ပြည်သူများအနေဖြင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ ပြောင်းနှင့် မတ်ပဲလက်ကျန်အခြေအနေအား ကွင်းဆင်းစစ်ဆေး

          (၁၈.၇.၂၀၂၆) ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မဝေပွဲရုံ (ပိုင်ရှင် ဦးနိုင်ဝင်း) သို့ စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း၍ ပြောင်းနှင့် မတ်ပဲလက်ကျန်အခြေအနေ၊ ဈေးနှုန်းဖြစ်ပေါ်နေမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးချက်အရ ပြောင်းလက်ကျန် (၁)တင်းခွဲဝင် အိတ် (၁၀၀) ရှိပြီး စုစုပေါင်း (၁၅၀)တင်းရှိကြောင်း သိရသည်။ လက်ရှိဈေးကွက်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၃၀,၀၀၀ မှ ၃၃,၀၀၀ အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

        ထို့ပြင် မတ်ပဲလက်ကျန် (၄,၅၀၀)တင်းရှိပြီး လက်ရှိပေါက်ဈေးမှာ မတ်ပဲတစ်တင်းလျှင် ကျပ် ၁၁၃,၁၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း ကွင်းဆင်းစစ်ဆေးချက်များအရ သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို ဒေသတွင်း သီးနှံလက်ကျန်အခြေအနေ၊ ဈေးကွက်ဖြစ်ပေါ်မှုနှင့် ကုန်သွယ်စီးဆင်းမှုအခြေအနေများကို သိရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်း ပြောင်းစိုက်ပျိုးထွက်ရှိမှုအခြေအနေများအား ကွင်းဆင်းလေ့လာစိစစ်

         (၁၈.၇.၂၀၂၆) ရက်နေ့တွင် မအူပင်ခရိုင်အတွင်း ပြောင်းစိုက်ပျိုးထုတ်လုပ်မှု၊ အထွက်နှုန်းနှင့် ထွက်ရှိမှုအခြေအနေများကို ကွင်းဆင်းလေ့လာစိစစ်ခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးချက်များအရ မအူပင်မြို့နယ်တွင် ပြောင်းစိုက်ဧက (၄,၂၇၀) ဧကရှိပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၈၅.၁၇) တင်းဖြင့် စုစုပေါင်းထွက်ရှိမှု (၃၆၃,၆၆၂) တင်းရှိကြောင်း၊ ယင်းအနက် မျိုးအတွက် (၁,၆၀၁) တင်း၊ အလေအလွင့် (၇,၂၇၃) တင်း၊ စားသုံးမှု (၅၆,၃၈၄) တင်းဖြစ်ပြီး ပိုလျှံတင်း (၂၉၈,၄၀၄) တင်းရှိကြောင်း သိရသည်။

      ပန်းတနော်မြို့နယ်တွင် ပြောင်းစိုက်ဧက (၉,၉၇၀) ဧကရှိပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၈၈.၇၈) တင်းဖြင့် စုစုပေါင်းထွက်ရှိမှု (၈၈၅,၁၃၇) တင်းရှိကြောင်း၊ ယင်းအနက် မျိုးအတွက် (၃,၇၃၉) တင်း၊ အလေအလွင့် (၁၇,၇၀၃) တင်း၊ စားသုံးမှု (၄၅,၄၃၃) တင်းဖြစ်ပြီး ပိုလျှံတင်း (၈၁၈,၂၆၂) တင်းရှိကြောင်း ကွင်းဆင်းလေ့လာချက်များအရ သိရသည်။

          တောင်သူများ၏ စိုက်ပျိုးရေးစီးပွားရေးအခြေအနေကို လေ့လာရာတွင် ပြောင်းတစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ် (၂၁၃,၂၀၀) ခန့်ရှိပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၈၈.၂၆) တင်းရရှိကာ ပြောင်းတစ်ပိဿာလျှင် ကျပ် (၁,၆၀၀) ဈေးနှုန်းဖြင့် ရောင်းချပါက တစ်ဧကလျှင် အကျိုးအမြတ် ကျပ် (၆၉၂,၀၀၀) ခန့် ရရှိနိုင်ကြောင်း သိရသည်။

        ထို့ပြင် (၁၈.၇.၂၀၂၆) ရက်နေ့ ကွင်းဆင်းစစ်ဆေးချက်အရ မအူပင်မြို့နယ်တွင် ပြောင်း (၃,၀၁၀) အိတ်နှင့် ပန်းတနော်မြို့နယ်တွင် ပြောင်း (၁၀၀) အိတ် လက်ကျန်ရှိကြောင်း သိရသည်။

        ကွင်းဆင်းလေ့လာချက်များအရ မအူပင်ခရိုင်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အစပိုင်း၌ ပြောင်းဈေးနှုန်းကျဆင်းမှုကြောင့် တောင်သူများသည် ပြောင်းစိုက်ပျိုးခြင်းထက် အကျိုးအမြတ်ပိုမိုသေချာသည့် မတ်ပဲစိုက်ပျိုးခြင်းသို့ ပြောင်းလဲဆောင်ရွက်ခဲ့သဖြင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပြောင်းစိုက်ဧကနှင့် ထွက်ရှိမှုပမာဏ လျော့နည်းခဲ့ကြောင်း ကွင်းဆင်းစုံစမ်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ