သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Online လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည် နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိကို(၅.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် Aye Mya Thida Jade & Jewellery Online Shop အား  အမှတ် (3B)၊ ဘုရင့်နောင် (၁၇)လမ်း၊ (၃၀)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက် ညီမှုရှိ/မရှိကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကိုအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီးလုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက် လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

 

 

“April Luxury by Hair Tonic” လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်လှလှဝင်း၊ ဒု-ဦးစီးမှူးသည် ၈-၁-၂၀၂၆ ရက်နေ့ နေ့လည်(၁:၀၀)နာရီ အချိန်တွင်  “April Luxury by Hair Tonic” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ် ရောင်းချသော အလှကုန်ပစ္စည်းလုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ ပါသည်။        

    ထိုသို့အသိပညာပေး ဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း(၁၈)ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း  သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် MSME စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတော် ကျင်းပပြုလုပ်

              (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် ဂီတဖျော် ဖြေsပွဲတော်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ (သောကြာနေ့) နံနက် ၀၈း၀၀ နာရီအချိန် တွင် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တကွ တိုင်းဒေသကြီးဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့မှတာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲ အခမ်း အနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က နိုင်ငံတော် အကြီး အကဲလမ်းညွှန်ချက်အရ MSME လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် တာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တွင် လည်း ရည်မှန်းချက်ပြည့်မှီစေရေး အတွက် စနစ်တကျလုပ်ဆောင်လျှက်ရှိကြောင်း၊ လုပ်ငန်း ရှင်များ လိုအပ်သည့်နည်းပညာ၊ လူသားအရင်းအမြစ်များ လုံလောက်စွာရရှိရေးအတွက် နည်း ပညာများ အသိပညာပေးရေးနှင့် ပြန့်ပွားရေးတို့ ကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ ငွေကြေး အရင်းအနှီးများ စိစစ်ပံ့ပိုးပေးနိုင်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း များ၏ ဒီဂျစ်တယ် နည်းပညာအသုံးပြုမှု မြင့်မားလာစေ ရေးအတွက်လည်း ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME ဈေးရောင်း ပွဲတော်နှင့်ဂီတဖျော်ဖြေပွဲတော်တွင် MSME လုပ်ငန်းရှင်များ အတွက် နိုင်ငံတော်အစိုးရမှ ဆောင် ရွက်ပေးလျက်ရှိသော အခြေအနေများကို သိရှိနိုင်စေရန် Talk Show အစီအစဉ်များ ပါဝင်ပါ ကြောင်းနှင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင် များနှင့် စားသောက်ဆိုင်ခန်းများလည်း ပါဝင်ပြီး ဆိုင်ခန်းပေါင်း (၃၅၀) ကျော် ဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ပါ​ကြောင်း၊ ပြည်သူလူထုအနေဖြင့် စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ နှစ်သစ်ကို ကြိုဆိုပြီး ဂီတဖျော်ဖြေမှုကို ကြည့်ရှုခံစားရင်း ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူ အားပေး နိုင်ရေး၊ ထုတ်လုပ်ပြသရောင်းချသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန် ပစ္စည်းများ ကို ကောင်းသောယှဉ်ပြိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းသုံး ထုတ်ကုန်ပစ္စည်းများမှ ပြည်ပတင်ပို့နိုင် သည့် အမယ်သစ် အရည်အသွေးကောင်း ထုတ်ကုန်ပစ္စည်းများ ဖြစ်ပေါ်စေပြီး MSME လုပ်ငန်း များမှာလည်း ပြည်တွင်း၌ပင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရေးတို့ကိုပါ ရည်မျှော်ရှေ့ရှုလျက် စီမံ ဆောင်ရွက်ထားသော ပွဲတော်ကြီးဖြစ်ပါ​ကြောင်း၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် MSME စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန်အတွက် စီမံဆောင်ရွက်ပေးသော ရန်ကုန်တိုင်း‌‌ဒေသကြီး အစိုးရအဖွဲ့နှင့်တကွ ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိ သူများ၊ စက်မှုလုပ်ငန်း ရှင်များ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများနှင့်တကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်‌ပေးကြသူများ အား ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

                     ထို့နောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော် နှင့် ဂီတဖျော်ဖြေပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် စက်မှုဇုန်များမှဥက္ကဋ္ဌများက ဖဲကြိုးဖြတ် ၍ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

“သွန်းသွန်းစာကလေးခွေကြော်ထုတ်လုပ်သည့်လုပ်ငန်းအားPre Market ကွင်းဆင်းဆောင်ရွက်”

          ကျောက်ဆည်ခရိုင်၊ စားသုံးသူ‌ရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဒီဇင်ဘာလ(၂၄) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မြစ်သားမြို့နယ်၊ ရေဝန်းကျေးရွာရှိ သွန်းသွန်းစာကလေးခွေကြော်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်ဒေါ်ညိုညိုနှင့် တွေ့ဆုံ၍ စာကလေးခွေကြော်ထုတ်လုပ်ရာတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း၁၈ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန်နှင့် ကုန်ပစ္စည်းများအား Online ပေါ်မှတဆင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက  Online Registration  လျှောက်ထားရမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိပါက  ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့နယ်၊ ဇီးတောကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

          ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်: လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၂၃)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ဇီးတောကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ စဥ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်က တက်ရောက်လာသည့် ကျေးရွာသူ/ ကျေးရွာသားများအား ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ လူတွေရဲ့နေထိုင်မှုပုံစံမှာ အမျိုးမျိုးပြောင်းလဲလာပြီး အလွယ်တကူ စားသောက်လို့ရသည့် (အသင့်အစားအစာ)များကို စားသောက်လာကြကြောင်း၊ ဒီလိုစားသောက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာ စားသုံးသူတွေရဲ့အလိုကိုလိုက်ပြီး အရောင်အသွေးလှပရန်နှင့် အနံ့အရသာပြည့်စုံရန် မျက်စိပသာဒရှိစေရန်အတွက် အသင့်အစားအစာတွေကို တရားမဝင်ဆေးဝါးတွေ၊ ခွင့်မပြုဓါတုဆေးဝါတွေအသုံးပြုပြီး ထုတ်လုပ်လာကြတဲ့အတွက် လူတွေဟာ အရွယ်မတိုင်ခင် ရောဂါဆန်းတွေဖြစ်ပွားခြင်း၊ နာတာရှည်‌ရောဂါတွေဖြစ်ခြင်း၊ သေကျေပျက်စီးခြင်းတွေ ဖြစ်ပေါ်သည့် အတွက် နိုင်ငံရဲ့လူစွမ်းအားအရင်းအမြစ်တွေဆုံးရှုံးကာ နိုင်ငံတော်၏ဘက်ဂျက်ထိခိုက်ပြီး နိုင်ငံဖွံ့ဖြိုးမှုအတွက်ထိခိုက်လာလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ/ ကျေးရွာသားများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှု ဆောင်ရွက်ချက်များ

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂) ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည် ကျောက်တံတားမြို့နယ်အတွင်းရှိ ဒေါ်သီရိအောင်(ဆီဆိုင်) နှင့် ဦးဆွေမော်(ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၃၀.၁၂.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်း အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ် ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၃၀.၁၂.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဗားကရာဆိပ်ကမ်းနှင့် ထူး(KIP)ဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များ ဖြင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအ တွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း ၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တာမွေဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးနှုန်းဈေးကွက်အခြေအနေစစ်ဆေးခြင်း

    (၂၉.၁၂.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး မှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် တာမွေမြို့နယ်များ တာမွေဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသောကုန်စည်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေနှင့် ပစ္စည်း ပြတ်လပ်မှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက ဈေးကွက်အတွင်း ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့်ယခုအပတ်ဈေးနှုန်းများ ကောက်ယူခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှု ရှိ/ မရှိ၊ ကုန်ပစ္စည်းများကန့်သတ်ရောင်းချခြင်းရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီးယခင်အပတ်ဈေး နှုန်း နှင့်ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ရန်ကုန်)

“ Online မှ ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်”

        ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ စဥ့်ကိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ(၂၂)ရက်နေ့တွင် စဥ့်ကိုင်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ Online မှ ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စဥ့်ကိုင်မြို့ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ စဥ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်က Online မှ ရောင်းဝယ်ခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ Online ရောင်းချသူများလိုက်နာရမည့် စည်းကမ်းများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သော နည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့်အမှုများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

အသင့်သောက်အချိုရည်များအား ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    (၂၉.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး) နှင့်ဝန်ထမ်းများသည် တောင်ဥက္က လာပမြို့နယ်၊ ဝေဇယန္တာCity Martသို့သွားရောက်၍ အသင့်သောက်အချိုရည်များအား ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်အချိုရည်များတွင် ကုန်အ ညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ၊  ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ သုံးစွဲ ပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ နှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန် သောကုန်စည်များကိုရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ