သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) ဦးဆောင်၍ ဒေါ်ခိုင်သဇင်(အငယ်တန်းစာရေး)တို့သည် ၄-၆-၂၀၂၆ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေးဟောပြောပွဲ  ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေး များအကြောင်း၊ ဥပဒေ အခန်း(၉)၊ပုဒ်မ(၂၀)ပါ  စားသုံသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထား သည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာ စေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်း တို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော  စားသုံးသူများအား Consumer Call Center လိုင်းခွဲ(1)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများ‌အကြောင်း၊ AIနည်းပညာနှင့် စိန်ခေါ်မှုများအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် သတိထားဝယ်ယူသင့်သည့်  အချက်များ အကြောင်း၊ Digitalငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စာသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ  အချက်များကို  လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များအကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကချင်)

စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စာသင်ကျောင်းများသို့  ဟောပြောဆွေးနွေးအသိပညာပေး

            စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံရုံးဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ()ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင်  ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ Po ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူအကာ အကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြု လုပ်ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကိုယ်ပိုင်ကျောင်းပိုင်ရှင်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံး သူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့ ပြဌာန်းခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအကာကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်နှင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Pageတွင် လည်းကောင်း မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင် လည်းကောင်း MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ ဟောပြောခဲ့ပြီး ဒေါ်ဝေဇင်အောင် အငယ်တန်းစာရေးမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး()ချက်နှင့်  စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ ဆရာမ()ဦး၊ ကျောင်းသား/သူ(၂၃၀) စုစုပေါင်း (၂၃၆)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

       နိဂုံးချုပ်အနေဖြင့် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ် ရေးလုပ်ငန်းသည် တစ်ကြိမ်တစ်ခါဟောပြောဆွေးနွေးရုံဖြင့် ပြီးဆုံးသည့်လုပ်ငန်းမဟုတ်ကြောင်း သားတို့/ သမီးတို့ ကျောင်းသားများအနေဖြင့် စားသုံးသူများ၏လိုက်နာရမည့် တာဝန်များကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေးများကို ဌာန၏ အမိန့်ကြော်ငြာ စာအမှတ် (/၂၀၁၉)ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဆန်စက်နှင့် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၈.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ အေးမေတ္တာဆန်စက်နှင့် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

           ထိုသို့တွေ့ဆုံရာတွင် ဆန်တန်ချိန်(၂၅)တန်အထက် စပါးတင်း(၂၅၀၀)အထက် သိုလှောင်ပါက myro တွင်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ပြီးသည့်ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ်ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများအား လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း Update ပြုလုပ်ခြင်း လုပ်ငန်းစဉ်များ လိုက်ပါဆောင်ရွက်ကြရန်၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွာရေးလုပ်ငန်းရှင်၏တာဝန်များ  အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ရှိအရောင်းအဝယ်ဖြစ်လျက်ရှိသည့် စပါး၊ ဆန်ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်ရောက်ပြီး ကုန်စည်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၈.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ဦးတိုးကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်ရှိ  စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့်ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုး လျှောက်ထားလာသည့် Thiri Thitsar Orchid Garden (သီရိသစ္စာ သစ်ခွခြံ)အခြားသုံးပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းသို့ ကွင်းဆင်း၍ မြေပြင်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အွန်လိုင်းမှတ်ပုံတင်သက်တမ်း လျှောက်ထားစဉ်က တင်ပြထားသည့် အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ၊ မရှိ DOCA Mobile Application ဖြင့်စစ်ဆေးခဲ့ရာ မြေပြင်စစ်ဆေးမှုကိုက်ညီကြောင်း တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေး ဥပ‌ဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးခြင်းဆိုင်ရာ အချက်အလက်များ၊ မှတ်ပုံတင်လက်မှတ်၏ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၆၀ ကြိုတင်၍ သက်တမ်းတိုးလျှောက်ထားရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၃၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် 7,၃၀၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး   ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဦးဘောမ်ဇုံး(ရုံးအုပ်)နှင့် ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး) တို့သည် ၂-၆-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ဒူကထောက်ရပ်ကွက် အတွင်းရှိ လက်လီ ရောင်းချသော The Moon(စတိုးဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် My-Chipps အမှတ်တံဆိပ်ပါ အာလူးကြော်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသို့သိမ်းဆည်း မှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး စတိုးဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမား အတုအပအမှတ်တံဆိပ်များ ဝယ်ယူ ရောင်းချခြင်း မပြုလုပ်ကြရန်တို့ကို  အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ရွေးချယ်ဝယ်ယူတတ်စေဖို့  စားသုံးသူပြည်သူများသို့ အသိပညာပေးကြစို့

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊  ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး     ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် (၁၆..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ CHRIST JESUS သင်းအုပ် ဆရာမကြီးနှင့် ကျောင်းသား/ကျောင်းသူ(၇၅)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

     ပထမဦးစွာ သင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)တွင် ပြဌာန်းထားသော စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ တိုင်ကြားခြင်းအကြောင်းနှင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူတောင်းဆိုနိုင်သည့်အခွင့် အရေးများအကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူ ရေးရာကိစ္စများစုံစမ်းမေးမြန်းရန်အတွက် (Consumer Call Center-1535)အား ဖွင့်လှစ်ထားပြီး သိလိုသည်များအား ခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာ ကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်စျေး၌ အစားအသောက်များတွင်ဓါတုဆိုးဆေး သုံးစွဲထားမှုရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

              ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ ဗိုလ်အောင်​ကျော်စျေး နှင့်   မြို့ပေါ်ရှိ ဆေးဆိုင်များ ကုန်စုံဆိုင်များ မုန့်အမျိုးမျိုးဆိုင်များ မုန့်ဟင်းခါးဖတ်ဆိုင်များ၊ ဟင်းသီးဟင်းရွက်ဆိုင်များသို့ (၃.၆.၂၀၂၆)နေ့ နံနက် (၇း၃၀) အချိန်မှစ၍ ဟင်္သာတခရိုင်အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စားသုံးသူရေးရာဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းသော အဖွဲ့သည် သက်တမ်းကျော်လွန်သော ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ ကုန်ပစ္စည်းများပေါ်တွင်  မြန်မာဘာသာဖြင့်ကုန်အညွှန်းအသားဖော်ပြခြင်းများရှိ/မရှိ၊ငရုပ်သီးများ၊မျှစ်များနှင့်အချိုရည်များတွင် ဆိုးဆေးပါဝင်ခြင်းရှိ/မရှိ၊ မုန့်ဟင်းခါးဖတ်များတွင် ဖော်မလင်သုံးစွဲထားမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး၍ နမူနာများရယူခြင်းများ‌ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် မဲဇလီကုန်းမြို့ ဗိုလ်အောင်​ကျော်စျေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်များနှင့် ပြန်လည် ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင်  ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ၊  Date လွန်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊  အသင့်စားသောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာ ဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း၊ ဓါတုဆေးသုံးစွဲသော ကုန်စည်များ ရောင်းချမှုမရှိဘဲ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

DOCA ဧရာဝတီ

ခြင်ဘို့တိုက်နယ်အုပ်စုရှိကျေးရွာများအားစားအုန်းဆီဖြန့်ဖြူးရောင်းချမှု ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်း

                  (၁.၆.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မျိုးထိုက်သည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံ စမ်းစစ်ဆေး ရေးဦးစီးဌာနနှင့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့မှ တာဝန်ရှိသူ များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဟင်္သာတမြို့နယ် ခြင်ဘို့တိုက်နယ်အုပ်စုရှိ ခြင်ဘို့ကျေးရွာ၊ ကြွက်ကျွန်းကျေးရွာ၊ ကျွန်းထိပ်ကျေးရွာ နှင့် ကျွန်းဦးကျေးရွာတို့ရှိ အိမ်ထောင်စုပေါင်း (၁၁၀၀) အတွက် စားအုန်းဆီပိဿာ (၅၅၀)ကို စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေမှု အား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး၊ ဆီစာအုပ်ဖြင့် ရောင်းချထားမှု အခြေအနေ များအား ပြည်သူများနှင့် တွေ့ဆုံ၍ ဆီရရှိမှု အခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်း၊ ဒေသတွင်း ဆီရောင်းချမှု ကျယ်ကျယ်ပြန့် ပြန့်ရှိစေရးနှင့်  ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များ ဖြန့်ဖြူး နိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့် ဆောင်ရွက်စေရေး စိစစ်ကြပ်မတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA ဧရာဝတီ

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ