သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့ပေါ်ရှိ လုပ်ငန်းသုံးဆီသုံးစွဲနေသော လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီး မှူးရုံးမှ ဝန်ထမ်းများနှင့် ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်း(၁)ဦးတို့ ပူးပေါင်း၍ (၂၄-၂-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူရရှိသည့် စားသောက်ဆိုင် နှင့် မုန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် စားသောက်ဆိုင်လုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများဖြစ်ကြသည့် ကိတ်မုန့်၊ ငါးမုန့်ကြော်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များ အတွက် ထုတ်ယူရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်းခွင်တွင် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ၊ လုပ်ငန်းခွင်အသုံးပြုရာတွင် လုံလောက်စွာရရှိမှု ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး စားသောက်ကုန်ထုတ် လုပ်သည့် လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သော စားသောက်ကုန်များသည် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်း ရှိ/မရှိတို့ကိုပါ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ စားသုံးသူများ စိတ်ကျေနပ်မှုရရှိစေရေးနှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များစသည် တို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍   အရှေ့ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေး၊  အသိပညာ ပေးဟောပြောပွဲကျင်းပခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် (၁၉.၂.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် အရှေ့ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေးစည်ပင်ရုံးတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောပွဲတွင် ဒေါ်မိုးမိုးကြည်က စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက် နေ့တွင်အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူအခွင့်အရေး () ချက်အကြောင်းအရာများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ရှိကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် အွန်လိုင်းစျေးရောင်းချမှုနှင့်ပတ်သက်၍ သုံးစွဲသူများ သိရှိရမည့်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီဈေးကွက်ဈေးနှုန်း အလားအလာ

          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စားအုန်းဆီ ထုတ်လုပ်သောနိုင်ငံများတွင် ထုတ်လုပ်မှုလျော့ ကျခြင်း၊ တရုတ်နှစ်သစ်ကူး ပွဲတော်နှင့် ရမဿွာန် (Ramadan)  ကာလများအတွက် ကြိုတင်ဝယ်ယူ စု‌ဆောင်းမှုများလာခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်း အနည်းငယ်မြင့်တက် လာခဲ့ပါသည်။

            သတင်းအရင်းအမြစ်များနှင့် Reuters Software ပါ ဈေးကွက်သတင်းများအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှ မတ်လအတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှု လျော့ကျသည့်ကာလဖြစ်ခြင်း၊ လက်ရှိ ကာလတွင် မလေးရှားရင်းဂစ်ငွေ တန်ဖိုး မြင့်တက်လာခြင်း၊ အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ ပို့ကုန်ခွန် (Levy) ကို လက်ရှိ ၁၀% မှ ၂.၅%  တိုးမြှင့်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစ၍ ၁၂.၅% အထိကောက်ခံရန် အတည်ပြုထားပြီးဖြစ်ခြင်း၊ ကမ္ဘာ့စားအုန်းဆီ လက်ကျန်အချိုးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၂၀% ရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၁၉% သို့ ကျဆင်း လာခြင်း၊ မတ်လကုန်ပိုင်းတွင် ကျင်းပမည့် အီးဒ်ပွဲတော် (Eid al-Fitr) ကာလအတွက် ဝယ်လိုအား များခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် စားအုန်းဆီ FOB တစ်တန် စျေးနှုန်း (ထုတ်လုပ် သည့် နိုင်ငံများ၏ ဈေးနှုန်း) သည် အမေရိကန်ဒေါ်လာ ၁,၀၄၇ ၊ ဖေဖော်ဝါရီလတွင် ၁,၀၇၈ သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သာယာဝတီခရိုင်လက်ပံတန်းမြို့၌လစဉ်ကြာသပတေးနေ့ အသိပညာပေး Talk Show ကျင်းပခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ  လစဉ်ကျင်းပပြုလုပ် သော ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အသိပညာပေး Talk Show ဟောပြော ပွဲများ ကျင်း ပပြုလုပ်ခဲ့ရာ (၁၃) ကြိမ် မြောက်ဟောပြောပွဲ ကို ( ၁၉.၂.၂၀၂၆ ) ရက်‌ နေ့ နေ့လည် ( ၁:၀၀ ) နာရီ အချိန်တွင် သာယာဝတီခရိုင်ရုံးမှ ဦးစီးမှူးဦးချစ်ကိုကိုမှ လက်ပံတန်းမြို့သမိုင်းအကြောင်း သိကောင်း စရာခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊အုတ်ဖို၊ ကြို့ပင်ကောက်မြို့နယ်များမှ ဝန်ထမ်းများနှင့် Zoo metting ဖြင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။ဦးချစ်ကိုကိုမှလက်ပံတန်းမြို့ သမိုင်းကြောင်းကိုဆွေးနွေးခဲ့ရာတွင် လက်ပံတန်းမြို့ဖြစ်ပေါ် လာပုံနှင့် လက်ပံတန်း မြို့တွင် တန်ခိုးကြီးမား ဖူးမြော်ရမည့် အထင်ကရ စေတီတော်ကြီး များစွာ ရှိပါသည်။ ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ကြီး ကို လက်ပံတန်း မြို့၊ မြို့မရပ်ကွက် လမ်းမတော် လမ်းကြီး၏ မျက်နှာစာ မြို့နယ် ပြည်သူ့ ပန်းခြံနှင့် မျက်နှာချင်းဆိုင် အရပ်ရှိ သဒ္ဓမ္မောဒယျ အဘိဓမ္မာ ညဝါတက္ကသိုလ် ပရိယတ္တိ စာသင်တိုက်ကြီး ပရဝုဏ်အတွင်း ခမ်းနား တင့်တယ်ကြည်ညိုဖွယ် တည် ထားကိုးကွယ် ထားရှိပါသည်   ဗုဒ္ဓဂယာ မဟာဗောဓိ  စေတီတော်ကြီးကို သဒ္ဓမ္မောဒယျ အဘိ ဓမ္မာ ညဝါ တက္ကသိုလ် ပရိယတ္တိ စာသင်တိုက်ကြီး ဦးစီးပဓာန  နာယကဆရာတော်ကြီး ဖြစ်တော် မှု သော“အဂ္ဂမဟာပဏ္ဍိတအဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်ရ  ဘဒ္ဒန္တအရှင်ဝိသဒဉာဏ”ဆရာတော်ဘုရားကြီးက သာသနာနှစ်  (၂၅၁၆) ၊မြန်မာသက္ကရာဇ် (၁၃၃၃)ခုနှစ် ၊ခရစ်နှစ်(၁၉၇၂) ခုနှစ်၌ စတင်ပန္နက်တော်ချခဲ့ခြင်းဖြစ်သည်။ ဆရာတော်ကြီး၏ ရည်မှန်းချက်မှာတုနှိုင်းမရဗုဒ္ဓမြတ်စွာ ဘုရား ရှင်ပွင့် တော်မှုရာ အိန္ဒိယနိုင်ငံဂယာ  အရပ်၌ တည်ထား ကိုးကွယ်တော်မှုသော “ဗုဒ္ဓဂယာ မဟာ  ဗောဓိ စေတီတော်မြတ်ကြီးကို ”မြန်မာပြည်သူပြည်သား ဗုဒ္ဓဘာသာ နွယ်ဝင်သူတော်စင် များသွား ရောက် မဖူးမြော်နိုင်ကြစေကာမှု အိန္ဒိယနိုင်ငံ ဂယာအရပ်၌တည်ထား ကိုးကွယ်တော်မူသော ဗုဒ္ဓဂယာမဟာ ဗောဓိ စေတီတော်မြတ်ကြီးနှင့်ပုံစံတူ တည်ထားကိုးကွယ်သွားရန် ရည်မှန်းပန္နက် တော်ချခဲ့ ခြင်းဖြစ်ပါသည်။၂၀၀၇ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျောင်းထိုင်ဆရာတော်နှင့် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများမြို့မိမြို့ဖများဖိတ်ကြား၍ ဆရာတော်ကြီးများ၏ ဩဝါဒခံယူကာ မူလပန္နက် တော်ချတော်မူခဲ့သောစေတီတော်ကြီး ဆက်လက်တည်ထား ကိုးကွယ်ရေး  ဆုံးဖြတ်တော်မူပြီး “ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်” ဟု ဆရာတော် သံဃာတော် များ၏ဩဝါဒနှင့်အမည် နာမ သမုတ်အပ်ခဲ့ကြကြောင်း လက်ပံတန်းမြို့၏ ကျက်သရေဆောင် မဟာဗောဓိစေတီတော်မြတ်ကြီးကို ဖူးမြော်စေခြင်ကြောင်း ဆွေးနွေးခဲ့ပါသည်။ခရိုင်ဦးစီးမှူးမှ ဘုရားကြီးနှင့်ပတ်သတ်၍ မှတ်သားအချက် များကို မှတ်သားထားကြစေလိုကြောင်းနှင့် မြို့နယ်တာဝန်ခံများမှ အားနည်းချက် အားသာချက်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်ဦးစီးမှူးရုံး၌ Thursday Talk အခမ်းအနားကျင်းပ

                    ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား​​​ရေးလုပ်ငန်းများ သိကောင်း စရာများအကြောင်းအား အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် လိုက်နာဆောင်ရွက်နိုင်ရန် Thursday Talk အသိပညာ ပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်ခင်ဆွေဦး(ဒုဦးစီးမှူး)က မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား​​​ရေးလုပ်ငန်းများ သိကောင်းစရာများအကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများမှ သိရှိ လိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း၊ဆွေးနွေးပွဲသို့ ဝန်ထမ်း (၂၀)ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် ဆွေးနွေးပွဲအား နံနက်(၁၂:၀၀)နာရီ အချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။                      

DOCA(ပဲခူး)

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြို စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးမိုးညွန့်ဦး(ပြည်နယ်ဦးစီးမှူး)သည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ(၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ ပညာ ရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစု ပေါင်း( ၄၃၉ )ဦးကို  စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါ သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမိုးညွန့်ဦး( ပြည်နယ်ဦးစီးမှူး )က ပထမ ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ ဝန်ကြီးဌာနအောက် တွင် ဦးစီးဌာန(၃)ခုနှင့် အဖွဲ့(၁)ခုရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဦးစီးဌာန(၁)ခုဖြစ်တဲ့ စားသုံး သူရေးရာဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဥပဒေရှိကြောင်း၊ ဤဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့၏ အခွင့် အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန် စားသုံးသူများတွင် အခွင့်အရေးများ နှင့် တာဝန်များရှိကြောင်းအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ကုန်ပစ္စည်းများဝယ်ယူ သုံးစွဲ ခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများ အပေါ်ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့) ဝန်ဆောင်မှုများဝယ်ယူ ရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက် ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT U9 Atom Mytel ဆင်းကဒ်များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများပြုလုပ်နိုင်ကြောင်းနှင့်  ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့် ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

    ၂၃..၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်ရှိ “Moe Sat Wine” နှင့် “ခိုင်ခိုင်” အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် “ရွှေကျော်သာ” အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၄..၂၀၂ ရက်နေ့တွင် ရွှေကျော်သာ အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်း မှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကို ဖော်ပြရန်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

စားအုန်းဆီ လက်လီရောင်းချနေမှုအား သထုံမြို့နယ်တာဝန်ခံမှ ကွင်းဆင်းစစ်ဆေး

       ၂၂.၂.၂၀၂၆ ရက်နေ့  နံနက်(၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ စားအုန်းဆီ လက်လီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီ ရောင်းချရာ၌ သတ်မှတ်ထားသော ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိနှင့် သတ်မှတ်ဗီနိုင်း ချိတ်ဆွဲ ရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၆၈၁၀) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ညောင်တုန်းမြို့နယ် ပြည်သူများမှ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိရှိနိုင်ရန် Consumer Call Center (1535) သို့ဆက်သွယ်ဆောင်ရွက်မေးမြန်းလျက်ရှိ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ဦးစီးမှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး ပုသိမ်မြို့၏ လမ်းညွှန်ချက်များအရ  စားသုံးသူပြည်သူများ အနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန် စားသုံးသူကာ ကွယ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်သူအများအပြား အလွယ်တကူ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotlineနံပါတ်(၁၅၃၅)ကို နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသ ကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၂)၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၃)တို့ကိုဖွင့်လှစ်ထားရှိပြီးစားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် စားသုံးသူအသိပညာပေး ဟောပြောပွဲများနှင့် လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ချိန်များတွင် Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) များသို့ ခေါ်ဆိုမေးမြန်းမှုများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ် ဇန်နဝါရီလအတွင်း ဆက်သွယ်ဆောင်ရွက်ခြင်းကိုပြုလုပ်ဆောင်ရွက်ခဲ့ပြီး ကျောင်းဖွင့်ကာလက ကျောင်းအသိပညာ ပေးဟောပြောပွဲတွင် ကျောင်းသားလူငယ် ၃ဦးမှ ဆက်သွယ်ဆောင်ရွက်မှု(၃)ကြိမ်၊ စီးပွားရေး လုပ်ငန်းရှင် ၂ဦးမှ ဆက်သွဘ်မေးမြန်းဆောင်ရွက်မှု (၂)ကြိမ် ဆောင်ရွက်ခဲ့ပြီး ညောင်တုန်း မြို့နယ် အနေဖြင့် တိုင်ကြားမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကိုလည်းကောင်း စားသုံးသူအခွင့်အရေး များနှင့် ပတ်သက်၍သိရှိလိုသည်များကိုလည်းကောင်း၊ အွန်လိုင်းရောင်းချမှုမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍လည်းကောင်း၊ Online Sale မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ခေါ်ဆိုမေးမြန်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း စုစုပေါင်း(၅)ကြိမ် ခေါ်ဆိုနိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ