သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေသထွက် စားသောက်ကုန်များရောင်းချသည့် လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေး ရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊မတ်လ ၂၆ ရက်နေ့ တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ သည် ကလောမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ရွှေလာဘ်ပွင့် စားသောက်ကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းကို မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းရာတွင် ဒုတိယဦးစီးမှူး ဦးထန်ဘူးလေက Online စနစ်ဖြင့်ရောင်းချ နေသော ရွှေလာဘ်ပွင့် စားသောက်ကုန်ပစ္စည်းများအရောင်းဆိုင်သို့ မှတ်ပုံတင် လက်မှတ်လျှောက် ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်းကိုက်ညီမှု ရှိခြင်း စသည်တို့ကိုတွေ့ရှိရပြီး၊ လုပ်ငန်းရှင် မမေဇင်ဝင်းနှင့် တွေ့ဆုံ၍ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များအကြောင်း၊ တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်း မပြုရန်နှင့်အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ညောင်ဦးမြို့တွင် ပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီဆိုင်များအားကွင်းဆင်း

                ညောင်ဦးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အများပြည်သူနှင့် စက်သုံးဆီရောင်းချနေသောအရောင်းဆိုင်လုပ်ငန်းရှင်များ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ လိုက်နာမှုရှိစေရေးအတွက် ကွင်းဆင်းကြီးကြပ်မှုအား ၂၇.၃.၂၀၂၆ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီ အချိန်တွင် မြို့နယ်စက်သုံးဆီကြီးကြပ်ရေးကော်မတီအဖွဲ့မှဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညောင်ဦးခရိုင်တာဝန်ခံသည် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

               လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ လောင်စာဆီတင်သွင်းသည့် သင်္ဘောများ သယ်ယူ ပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက်တွင် အတားအဆီးအဟန့်အတားပိတ်ဆို့မှုများဖြစ်ပေါ် လျက်ရှိသဖြင့်  စက်သုံးဆီများခြိုးခြံချွေတာသုံးစွဲစေရေးနှင့် ဖူလုံမှုရှိစေရေးအတွက် မော်တော်ယာဉ် များ၊ ဆိုင်ကယ်များအား လစဉ် စုံရက်၊ မရက်များခွဲ၍ ယာဉ်၏  စုံနံပါတ်၊ မ နံပါတ်အလိုက် အသုံးပြု စေရန် ထုတ်ပြန်ညွှန်ကြားချက်များအား အများပြည်သူ သိရှိလိုက်နာမှုရှိစေရေး၊ စက်သုံးဆီအရောင်း ဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိစေရေး၊ စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်၊ဖောက်ဖျက်ကျူးလွန်ပါကတည်ဆဲဥပဒေများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ညွှန်ကြားချက်များအား သိရှိလိုက်နာစေရေး ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ ခရိုင်ရုံးတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

               မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၄.၃.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ဦး ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)နှင့်မြို့နယ်အတွင်းရှိ ကုန်စည်ထုတ်လုပ် သော စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ၍ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများနှင့် ကုန်အညွှန်းအမှတ်အသားများ အကြောင်းအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် ခရိုင်တာဝန်ခံမှ Online Sale ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက် သည့်အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာ များနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဥပဒေများနှင့်အညီ ထုတ်လုပ်ကြရန်၊ မိမိတို့ထုတ်လုပ်ရောင်းဝယ်သော ကုန်စည်များတွင်သာ လုပ်ငန်းရှင်ဖြစ်ပြီး မိမိတို့သည်ပင် အခြားကုန်စည်များကို ဝယ်ယူသုံးစွဲစားသောက်နေရသည့်အတွက် စားသုံးသူများလည်းဖြစ်၍ ကုန်စည်များကိုရွေးချယ်ဝယ်ယူသုံးစွဲ နိုင်စေရေးအကြောင်းအရာများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်လာသော လုပ်ငန်းရှင်များမှ ဟောပြောဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များအား ဖြည့်စွက်မေးမြန်းဆွေးနွေးရာ ခရိုင်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် လုပ်ငန်းရှင်စုစုပေါင်း(၅၉)ဦးတက်ရောက်ခဲ့ ကြောင်းသိရသည်။

DOCA(မန္တလေး)

အရန်သင့်အစားအစာအမျိုးမျိုးအားဈေးကွက်ကွင်းဆင်း

             ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ညောင်ဦးမြို့၊ မဏိစည်သူဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အရန်သင့်အစားအစာအမျိုးမျိုးအား ခရိုင်တာဝန်ခံဦးဆောင်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ၂၅.၃.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

             စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်နှင့်ဝန်ထမ်းများသည် ရောင်းချလျက်ရှိ သော အရန်သင့်အစားအစာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှု ရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထား သောအချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေ ပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များအား လိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်း များနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား အစဉ်တစိုက်လိုက်နာရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်သူ၊ ရောင်းချသူများပါ ဥပဒေပါပြဌာန်းချက်များကို လိုက်နာလာပြီး စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီရောင်းချလာကြကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းခွင်များသို့ ဈေးကွက်ကွင်းဆင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ သည်(၂၆.၃.၂၀၂၆) ရက်နေ့၊ နံနက်  ၀၉:၀၀ နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ ပြည်တော်သာရပ် ကွက်ရှိ “အောင်မြင်သူ” ပဲကြော်လုပ်ငန်းနှင့် မြို့မရပ်ကွက်ရှိ“ဖူးဖူးမှူးမှူး” အာလူးကြော် လုပ်ငန်းများ သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

                      အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား နိုင်ငံတော်မှသင့်တင့် မျှတသောနှုန်းထားဖြင့် ရောင်းချပေးနေသော လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိစေရေး၊ လုပ်ငန်းခွင်များတွင် သုံးစွဲမှုပမာဏနှင့်လျှောက်ထားသည့်ပမာဏများ မှန်ကန်မှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိရောင်းချလျက်ရှိသည့် ကုန်ပစ္စည်း နှင့် စပ်လျဉ်းပြီး အာမခံချက်၊ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်စေရေး၊ သက်ဆိုင်ရာဌာနများမှဖော်ပြရန်သတ်မှတ်ထားသောအချက်များပါရှိစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်များမှလည်း ဥပဒေပါပြဌာန်းချက်များနှင့်အညီလိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

                                                                                                           

                                                                                     

မြင်းခြံမြို့ရှိ ပဲကြော်နှင့်မုန့်မျိုးစုံလုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် စစ်ဆေးရေးမှူးများသည် (၂၃.၃.၂၀၂၆)ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် မြင်းခြံမြို့ရှိ ပဲကြော်နှင့်မုန့်မျိုးစုံလုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

              ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကုန်စည်ထုတ်လုပ်မှုလုပ်ငန်း ခွင်များတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ထုတ်လုပ်သည့်ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ သုံးစွဲထုတ်လုပ်မှုရှိ/မရှိ ထုတ်လုပ်သည့်လုပ်ငန်းစဉ် တလျှောက်တွင်လည်း အသုံးပြုရသည့် ပစ္စည်းများသန့်ရှင်းစင်ကြယ်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်းခွင်ရှိ အစားအစာများကို ထိတွေ့ပြုလုပ်သူ လူပုဂ္ဂိုလ်များမှာလည်း သန့်ရှင်းသပ်ရပ်ပြီး၊ ကျန်းမာရေးကောင်း မွန်မှုရှိ/မရှိ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီဖော်ပြရမည့် အချက်များပြည့်စုံမှန်ကန်မှုရှိ/ မရှိနှင့် လုပ်ငန်းရှင်များအနေဖြင့် မိမိထုတ်လုပ်သော ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူမှ တစ်စုံတစ်ခု ထိခိုက်နစ်နာဆုံးရှုံးမှုများရှိလာပြီး အရေးဆိုတိုင်ကြားလာသည့်အခါဖြစ်စေ၊ ဥပဒေပါပြဌာန်းချက် များကိုလိုက်နာမှုမရှိလျှင်ဖြစ်စေ စစ်ဆေးအရေး ယူမှုများရှိ၍ စနစ်တကျထုတ်လုပ်ကြရန်လိုအပ် ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ဖော်ပြပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများသည် ကုန်စည်၏ အရေးပါသောအခန်းကဏ္ဍဖြစ်၍ ဥပပါပြဌာန်းချက်များအား သိရှိလိုက်နာကြရန်မှာကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်များမှလည်း လေးစားလိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။ 

  DOCA(မန္တလေး)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စက်သုံးဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊  မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ (၂၄..၃.၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင်  မြို့နယ်ဦးစီးမှူးမှ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်များအား တရားမဝင်သွင်းကုန် စက်သုံးဆီ၊ ချောဆီများအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ် ဆောင်ရွက်နေကြောင်း၊ စက်သုံးဆီ၊ ချောဆီများ သယ်ဆောင်မှုအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက်စက်သုံးဆီအရောင်းဆိုင် အရေအတွက်နှင့် လက္ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများ ကောက်ယူနေကြောင်း လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေခြင်း စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPRD မှ နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးထက်ပိုမိုရောင်းချခြင်းရှိ/ မရှိနှင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ် မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် မော်တော်ယာဉ်များ စည်းကမ်းသတ်မှတ်ချက်နှင့် အညီ စုံ၊ မ ခွဲခြားမောင်းနှင်ခြင်းရှိ/ မရှိအား  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ခိုင်ခိုင်ကျော်ကြာဇံမရွေးမုန့်လုပ်ငန်းသို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည်   (၂၃.၃.၂၀၂၆)ရက်နေ့    နေ့လယ် (၁၄း၀၀)နာရီအချိန်တွင်   မြောင်းမြမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ခိုင်ခိုင်ကျော်ကြာဇံမရွေး မုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ခိုင်ခိုင်ကျော်ကြာဇံမရွေး မုန့်လုပ်ငန်းပိုင်ရှင်အား ကုန်ကြမ်းရရှိမှုအခြေအနေနှင့်ကုန်ချောထွက်ရှိမှုအခြေအနေ၊ ဈေးနှုန်း ဈေးကွက်အခြေအနေများအား မေးမြန်းစုံစမ်းပြီး မိမိတို့ဆောင်ရွက်နေသေ ာလုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်မှုရှိစေရေး အဓိကထားဆောင်ရွက်ရန်၊ ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ပါ ဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း(၁၈)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ကြရန် အသေးစိတ်ရှင်းလင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အကျဉ်းဦးစီးဌာနတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် (၂၃.၃.၂၀၂၆)ရက်နေ့ မွန်းလွှဲ(၁၃း၀၀)နာရီက မြောင်းမြမြို့နယ်၊ အကျဉ်းဦးစီးဌာနတွင် အကျဉ်းဦးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ တက်ရောက်လာသော အကျဉ်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအား မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏     တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)  နှင့်(ဆ)တို့ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေများနှင့် အညီဆောင်ရွက်ကြရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသော ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.mm.websiteတွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ ဟောပြောပွဲသို့ အကျဉ်းဦးစီးနှင့် ဝန်ထမ်းမိသားစု (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များနှင့် စတိုးဆိုင်များအား ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၃.၃.၂၀၂၆)ရက်နေ့ နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် ကုန်ဈေးနှုန်းကြီးကြပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်ရောင်းချနေသောဆိုင်များအား  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချ နေသော အခြေခံစားသောက်ကုန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊၊ ထို့နောက်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ