သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ မြို့မဈေး၊ ကမ်းနားဈေး၊ အောင်ဧရာဈေး(သို့) ဘူတာဈေး များတွင်ရောင်းချလျက်ရှိသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် FDA တို့ပူပေါင်းပြီး (၄.၂.၂၀၂၆) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ပုသိမ်မြို့ပေါ်ရှိ မြို့မဈး၊ ကမ်းနားဈေး၊ အောင်ဧရာဈေး(သို့) ဘူတာဈေးများတွင် စားသောက်ကုန်ပစ္စည်းရောင်းချသည့် ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ဘေးအန္တရာယ်ရှိ သောစားသောက်ကုန်များ ဈေးကွက်အတွင်းပပျောက်ရေးတို့အတွက် ပဲပြား၊ မျှင်ငပိ၊ ငါးလေးချဉ်၊ ပုစွန်ချဉ်၊ ပုစွန်ခြောက်၊ ငါးခြောက်၊ ငရုတ်သီးမှုန့် စသည်တို့တွင် စားသုံးရန်မသင့်သော အရောင်ဆိုးဆေးပါဝင်ခြင်းရှိ/ မရှိ၊ ခေါက်ဆွဲဖတ်၊ မုန့်ဟင်းခါးဖတ်တို့တွင် တာရှည်ခံဆေးပါဝင်ခြင်းရှိ/ မရှိတို့အားစစ်ဆေးပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

သာပေါင်းကျေးရွာရှိ “အောင်ရတနာ” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးရေးကွင်းဆင်းစိစစ်

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၆.၂.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သာပေါင်းကျေးရွာရှိ ဒေါ်ကျင်မွှေးပိုင် “အောင်ရတနာ” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs ဖွံ့ဖြိုးရေးတို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

        အဆိုပါကွင်းဆင်းစိစစ်ရာတွင် ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုအရည်အသွေး ပြည့်မီရေး၊ အချိန်အတွယ် ပြည့်မီမှန်ကန်မှုရှိစေရေး၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်အပေါ် တာဝန်ရှိမှု၊ ဆန်စပါး ဈေးနှုန်းဈေးကွက်အခြေအနေ၊ လက်ကျန်ဆန်စပါးအခြေအနေနှင့် ထုတ်လုပ်နေမှု အခြေအနေတို့အားမေးမြန်းခဲ့ပါသည်။ ထို့နောက် ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို ရေဆိုးရေစစ်ကန်များဖြင့် စွန့်ပစ်ထားရှိမှုအခြေအနေ၊ Myro တွင် မှတ်ပုံတင်ထားရှိမှုအခြေအနေ၊ သက်တမ်းတိုးဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုပါ မေးမြန်းစိစစ် ကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်အတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၀၂၆) ခုနှစ်၊ ဖေဖော်ဝါရီလ (၄ ) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်အ တွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော စားအုန်းဆီများကို လက်လီ/လက်ကား အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/ မရှိ၊ အလေးချိန်ခွင် မှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ၊ ခွဲတမ်းရ စားအုန်းဆီများကိုသတ်မှတ် ရည်ညွန်းဈေးနှုန်းအတိုင်း ဆိုင်းဘုတ်တင်ရောင်းချရမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအပေါ် သတင်းရရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

နတ်ချောင်းကျေးရွာရှိ အ.မ.က မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှဌာနခွဲစာရေး ဒေါ်ကြည်ကြည်စိုးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် (၆)ရပ်ကွက် ပြည်လုံးချမ်းသာလမ်းရှိ အ.မ.က မူလွန်ကျောင်းတွင် ဆရာ/ ဆမနှင့် ကျောင်းသား/ သူများအား  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါအသိပညာပေးပွဲတွင် ပြန်/ ဆက်ဦးစီးဌာနမှ ဦးစီးမှူးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်နည်း(၃)နည်းအကြောင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်စိုးသည် စားသုံးသူကာကွယ်ရေး အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်းနှင့် စပ်လျဉ်း၍ အစားအသောက်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ရန်နှင့် စားသုံးရန်မသင့်သောအစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများတိုင်း/ခရိုင်မြို့နယ်များတွင် ဖွင့်လှစ်ထားရှိခဲ့ကြောင်း အသိပညာပေးဟောပြောခဲ့မှုအပေါ် သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ ဘေးကင်းလုံခြုံစေခြင်းဖြင့် ပို့ကုန်တည်မြဲမှုကို တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

            အာဆီယံ-ဂျပန်စင်တာ၏ ၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ မြန်မာ့စိုက်ပျိုး​ရေးထွက်ကုန်များ ဘေးကင်းလုံခြုံ​စေခြင်းဖြင့် ပို့ကုန်တည်မြဲမှုကို တည်​ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ Summit Parkview Hotel  ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အာဆီယံ-ဂျပန်စင်တာမှ Program Director ဒေါ်အိအိခင်၊ ကမ္ဘောဒီးယားနိုင်ငံ နည်းပညာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Dr. Yoeun Sereyvathဖိလစ်ပိုင်နိုင်ငံ၊ စိုက်ပျိုးရေးနှင့်အစားအစာသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ Dr. Justine Bennette H. Millado၊ အာဆီယံ-ဂျပန်စင်တာမှ Program Officer Dr. Razel Andrea D. NAVALTA၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဆေးတင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူ များ၊ ပို့ကုန်တင်ပို့သူများ၊ အဝယ်ဒိုင်များ၊ တောင်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ထွန်းက Online မှ တစ်ဆင့် ဝမ်းမြောက်ကြောင်း အမှာစကား ပြောကြားခြင်း၊ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားခြင်း၊ အာဆီယံ-ဂျပန်စင်တာမှ Program Director ဒေါ်အိအိခင်က အမှာစကားပြောကြားခြင်း၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က အရည်အသွေးမြင့် ဈေးကွက်များသို့ တင်ပို့နိုင် ရေးအတွက် အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေး Mr. Makoto Nakamura က ဂျပန်နိုင်ငံ စျေးကွက်၏ ဝယ်လိုအား၊ အရည်အသွေးနှင့် အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာ မျှော်မှန်းချက် များနှင့်စပ်လျဉ်း၍ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် တွဲဖက်ပါမောက္ခ Dr. Dr. Justine Bennette H. Millado ဦးဆောင်၍ ထုတ်လုပ်မှုမှ စားသုံးမှုထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပုံဖော်ပြသခြင်းခေါင်းစဉ်ဖြင့် Technical Session ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် MSEMs လုပ်ငန်းရှင်များက စားပွဲဝိုင်းအုပ်စုအလိုက် ဆွေးနွေးခြင်းများဆောင်ရွက်ခြင်း၊ ဖိလစ်ပိုင်နိုင်ငံ၊ စိုက်ပျိုးရေးနှင့်အစား အစာသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ Dr. Justine Bennette H. Millado က GAP Re-Tooling & ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အ‌လေ့အကျင့်များအား ပြန်လည်ချိန်ညှိမွမ်းမံခြင်း၊ အာဆီယံ စိုက်ပျိုးမှုဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဂျပန်နိုင်ငံ၏ ပိုးသတ်ဆေးထိန်းချုပ်မှုစနစ်များ အကြောင်း ရှင်းလင်းဆွေးနွေးခြင်းများကိုဆောင်ရွက်ခဲ့ပြီး Dr. Millado က Facilitator အဖြစ် ဦးဆောင်၍ Dr. Yoeun Sereyvath၊ Myat Taw Win Magway Co., Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်အောင်၊ Greenish Sagaing Region Co., Ltd. မှ CEO ဒေါ်စွမ်းရည်ဇော် တို့ပါဝင်သည့် Multi-Stakeholder Dialogue ကို ဆက်လက်ကျင်းပခဲ့ရာ တက်ရောက်လာကြသည့် ပဲတီစိမ်းတင်ပို့သူ များ၊ အဝယ်ဒိုင်များနှင့် တောင်သူများ၊ MSMEs လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးဆေး တင်သွင်း ဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

ဘိုကလေးမြို့နယ် ဘုရားချောင်းကျေးရွာရှိ တောင်သူများအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘုရားချောင်းကျေးရွာရှိ တောင်သူ(၇) ဦးအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းကို ဘိုကလေးမြို့နယ် တာဝန်ခံရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံက တောင်သူများအား စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ စားသုံးသူများသိရှိနိုင်စေရန်နှင့် ရွေးချယ်ဝယ်ယူနိုင်စေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အလှကုန်နှင့်အဝတ်အထည် ဆက်စပ်ပစ္စည်း Online Shop လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် ဟင်္သာတမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ ဆေးရုံသစ်လမ်း၊အိမ်အမှတ်(၇၆၉)ရှိ   Online Sale ဖြင့် ရောင်းချလျက်ရှိသော Hnin Shwe Eain Lin(Lia) အလှကုန်နှင့် အဝတ်အထည် ဆက်စပ်ပစ္စည်းအရောင်းဆိုင်အား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းရာတွင် စစ်ဆေးရေးအရာရှိ ဦးမိုးကျော်က Online စနစ်ဖြင့်ရောင်းချနေသော Hnin Shwe Eain Lin(Lia) အလှကုန်နှင့် အဝတ်အထည် ဆက်စပ်ပစ္စည်းအရောင်းဆိုင်သို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင်လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်းကိုက်ညီမှုရှိခြင်း စသည်တို့ကိုတွေ့ရှိရပြီး၊ လုပ်ငန်းရှင် မနှင်းရွှေအိမ်လင်းနှင့် တွေ့ဆုံ၍ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များအကြောင်း၊ တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA (ဧရာဝတီ)

ဇလွန်မြို့နယ်အတွင်း ဆန်စက်သိုလှောင်ရုံများအား စပါး/ဆန် လက်ကျန်စာရင်းရေးသွင်းနိုင်ရေး  မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

           မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့် သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး  စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  (၆.၂.၂၀၂၆) ရက်နေ့ နံနက်  (၀၉:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်အတွင်းရှိ ဆန်စက်သိုလှောင်ရုံများအားMyRo တွင် ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန် အခြေအနေများအား မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့သည် ဇလွန်မြို့နယ်အတွင်းရှိဆန်စက်များတွင် စပါးဝယ် ယူနေမှုအပေါ် စပါးအမျိုးအစားအလိုက် စက်အရောက်စျေး စပါး(ပေါင် ၅၀) တင်း ၁၀၀ လျှင် ၁၃သိန်း ခွဲဝန်းကျင်ဖြင့် ဝယ်ယူကြိတ်ခွဲလျက်ရှိပါသည်။ ဇလွန်မြို့နယ်အတွင်း MyRo မှတ်ပုံတင်ထားပြီးသည် ဆန်စက်(၅၃)စက်ရှိပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စပါးလက်ကျန် (၂၂၃၇၀၅) တင်းနှင့် ဆန်အိတ် (၂၆၂၇၄) အိတ် လက်ကျန် ကျန်ရှိသေးကြောင်း သိရှိရပါသည်။  MyRo မှတ်ပုံတင် တစ်နှစ်သက်တမ်းပြည့်ပြီးသော ဆန်စက်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး သိုလှောင်ရုံလုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်ရရှိပါသည်။

DOCA (ဧရာဝတီ)

  MSME လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၆.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ် တာဝတိံသာဘုရားလမ်း၊ ရွာသစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ စားသောက်ကုန် MSME လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ ထုတ်လုပ်လျက်ရှိသော ကုန်စည်များတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များသိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် သဲဘို့ကျေးရွာရှိ ပြည်သူများအား အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ်၊ သဲဘို့ကျေးရွာရှိ ဓမ္မာရုံ၌ ပြည်သူ(၁၂၃)ဦးနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဌာနအလိုက်ဆောင်ရွက်နေမှုများ ဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများ၊ ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဌာန၏ လက်ရှိဆောင်ရွက်နေသော ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီဖြန့်ဖြူးရောင်းချနေမှု အပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ် ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ်ယူခွင့် စာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICCဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက် သူများမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ